အထက်ရဲရွာ ရေကာတာဆောက်လုပ်ရေးစီမံကိန်း အနီး RCSS/SSA ရှမ်းပြည်တပ်မတော်အား စစ်ဆင်တိုက်ခိုက် ရာတွင် အစိုးရတပ်သားများက မတရားသတ်ဖြတ် ညှဥ်းပန်းနှိပ်စက်မှုများ ကျူးလွန်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

2020 ခုနှစ် ဇူလိုင်လ 9 ရက်

အထက်ရဲရွာ ရေကာတာဆောက်လုပ်ရေးစီမံကိန်း အနီး RCSS/SSA ရှမ်းပြည်တပ်မတော်အား စစ်ဆင်တိုက်ခိုက် ရာတွင် အစိုးရတပ်သားများက မတရားသတ်ဖြတ် ညှဥ်းပန်းနှိပ်စက်မှုများ ကျူးလွန်

ဇွန်လနောက်ဆုံးပတ်အတွင်း အစိုးရစစ်တပ် တပ်ရင်း ၅-ရင်းမှ ရာချီစစ်သားများသည် ကျောက်မဲမြို့နယ် ရှမ်းပြည် မြောက်ပိုင်းရှိ အဲန်စီအေ လက်မှတ်ထိုးထားသည့် RCSS/SSA ရှမ်းပြည်တပ်မတော်အား လိုက်လံ စစ်ဆင် တိုက်ခိုက် ရာတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ကျူးလွန်သဖြင့် ဒေသခံ ပြည်သူလူထု ရွာသူရွာသား 600-ကျော် နေရပ်စွန့် ခွါခဲ့ကြသည်။

ဇွန်လ 24 ရက်နေ့တွင် အထက်ရဲရွာ မြစ်ငယ်မြစ် (နမ္မတူ) ရေကာတာဆောက်လုပ်ရေး စီမံကိန်း၏ မြောက်ဖက် 10 ကီလိုမီတာခန့် အကွာအဝေးရှိ ဟဲကွီကျေးရွာတွင် RCSS/SSA-တပ် ဆက်ဆံရေးရုံးက အစိုးရစစ်တပ်အား ကမ္ဘာ့ မူးယစ်ဆန့်ကျင်ရေးနေ့ ကျင်းပခွင့်ပေးရန် အကြောင်းကြားပါသည်။ အစိုးရတပ်က ရေကာတာဆောက်လုပ် ရေး တွင် လုံခြုံရေးတာဝန် ယူထားသည့် တပ်မ (၁၀၁) လက်အောက်ခံ ခမရ (၂၅၆) တပ်သားများ စေလွှတ်ခါ အခမ်း အနား မကျင်းပနိုင်စေရန် အနှောက်အယှက် ပေးသည်။ တဆက်တည်းတွင် နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင် အပြန်အလှန်ပစ်ခတ်မှုများမှ စတင်ပြီး ကျောက်မဲမြို့နယ် တောင်ဖက်တကျော တိုက်ပွဲဖြစ်ခဲ့သည်။ အစိုးရတပ်မ တော်မှ ခလရ-22၊ ခလရ-23၊ ခလရ-101 နှင့် ခလရ-147 တို့ ပါဝင်သည့်စစ်ကြောင်းအကူများ စေလွှတ်တိုက်ခိုက် စေခဲ့သည်။

အစိုးရတပ်က ရွာကိုဝိုင်းရံပြီး RCSS/SSA တပ်သားများကို ရှာဖွေရာ ရွာသူရွာသားများ ကြောက်လှန့်ကာ ထွက် ပြေးတိမ်း‌ရှောင် ခဲ့ကြသည်။ ပန်ကျန်ကျေးရွာ အရောက်တွင် အစိုးရတပ်သားများက သက်ကြီးရွယ်အို လင်မယား မူလတန်းကျောင်းအတွင်းသို့ ပြေးဝင်သွားသည်ကို တွေ့မြင်လိုက်သည်။ စစ်သားများက ကျောင်းထဲသို့လိုက် ဝင် သွားပြီး 58-နှစ် အရွယ်ရှိ ခင်ပွန်းဖြစ်သူ လုံးဆုအား အနီးကပ်သေနတ်ဖြင့်ပစ်လိုက်ရာ ဒဏ်ရာရစေခဲ့သည်။ သူ သည် အပြင်သို့ ထွက်လာစဥ် စစ်သားများက လုံးဆုအား ကျောင်းကွင်းပြင်သို့ အရောက်တွင် သေနတ်ဖြင့် ထပ်မံ ပစ်သဖြင့် သေဆုံးသွားသည်။

၎င်းပန်ကျန်ရွာနေ အဖွါးအိုတဦး တိမ်းရှောင်ရန် အိမ်ထဲသို့ပြေးအဝင် ဗုံးဆံထိမှန် ဒဏ်ရာရသည်။ အသက် 56-နှစ် လယ်သမားတယောက်လည်း ပေါ်တာထမ်းစေသည့်ပြင် ရှမ်းစစ်သားများ မရှိဟု လိမ်ညာခဲ့ကြောင်း အစိုးရစစ် တပ်ကစွပ်စွဲ၍ သူ့အားမေ့လျော့သွားသည်ထိ ရိုက်နှက်ကြသည်။

နှစ်ဖက်တိုက်ပွဲကြောင့် လူဦးရေ 600 ကျော်ဟာ ညှဥ်းပန်းနှိပ်စက်ခံရသည့်ပြင် အများစုမှာ သက်ကြီးရွယ်အို၊ အမျိုး သမီး နှင့် ကလေးများပါဝင်ပါတယ်။ ပတ်ဝန်းကျင် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဇရပ်များတွင် ခိုလှုံရ သော်လည်း နေရာထိုင်ခင်း လုံလောက်မှုမရှိသည့်အတွက် မိသားစု တစုနှင့်တစု နီးနီးကပ်ကပ် နေထိုင်ကြရ တာ ဖြစ်သည့် အတွက် social distancing လို့ခေါ်တဲ့ တယောက်နှင့်တယောက် ခပ်ခွါခွါနေရန် ဆိုသည့် ကိုဗစ်-19 ရောဂါတားဆီးရေး စည်းမျဥ်းများ လိုက်နာရန်မလွယ်ကူလှပါ။

အစိုးရစစ်တပ်၏ လူသားမဆန် ရက်စက်ကြမ်းကြုပ် လုပ်ရပ်များ၊ ညှဥ်းပန်းနှိပ်စက်မှုများ ကို ရှမ်းလူ့အခွင့် အရေး မဏ္ဍိုင် က ပြင်းထန်စွာ ရှုတ်ချပါသည်။ ကိုဗစ်-19 ရောဂါနှိမ်နှင်းရေးဆိုပြီး မေလ 10-ရက်နေ့တွင် အစိုးရတပ်က တဖက်သပ် အပြစ်ရပ်ကြေညာချက်မှာ ရယ်ဖွယ်သာဖြစ်နေတော့သည်။

ဒီနောက်ဆုံး ချိုးဖေါက်မှုသည်လည်း အစိုးရတပ်သည် သဘာဝသယံဇာတများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်/ စုတ်ယူ ရန် နှင့် ပဋိပက္ခဇုန်အတွင်းရှိ စီမံကိန်းယန္တရားကြီးများကို အလေးထားလုံခြုံမှု ပေးနေခြင်းသာဖြစ်သည်။ ယင်းစီး ပွါး ရေး စီမံကိန်းဇုံတွေကို ညှဥ်းပန်းနှိပ်စက်မှုနှင့် တရားမဲ့ နည်းလမ်းများဖြင့် ကာကွယ်စောင့်ရှောက် နေတာလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အထူးတောင်းဆိုလိုသည်မှာ ထိုကဲ့သို့ စီမ့ကိန်းမျိုး ရင်းနှီးမြှုပ်နှံမှုများ အားလုံး ရပ်ဆိုင်းရန်ဖြစ်ပြီး၊ စစ်မှန်သည့်ငြိမ်းချမ်း‌ရေး နှင့် ဖက်ဒရယ်မူအခြေခံဖွဲ့စည်းပုံနှင့်အညီ အာဏာခွဲဝေကာ ဒေသခံ ပြည် သူများအား ၎င်းတို့မြေယာ၊ သယံဇာတများကို ကိုယ်တိုင်စီမံ ခန့်ခွဲ ကာကွယ်ခွင့်ပေးရန်ဖြစ်သည်။

အထက်ရဲရွာ ရေဂါတာနေရာကို လုံခြုံရေးယူသော အစိုးရစစ်တပ်၏ လူမဆန်သောနှိပ်စက်ညှဥ်းပန်းမှုများ၊ အ ကြောင်း မဲ့သတ်ဖြတ်မှုများနှင့် မပတ်သက်ရန် အောက်ဖေါ်ပြပါ နိုင်ငံခြား ကုမ္ပဏီများကို ထို ရေအားလျပ်စစ် ရေကာတာ တည်ဆောင်ရေးစီမံကိန်းမှ ထွက်ခွါသွားရန်တောင်းဆိုသည်။ ထိုပြစ်မှုတွင် ပါဝင်သောနိုင်ငံခြား ကုမ္ပဏီ များမှာ–ဆွတ်ဇာလန်နိုင်ငံမှ Stucky SA, ပြင်သစ်နိုင်ငံမှ IPGRB, တရုတ်နိုင်ငံမှ Yunnan Machinery Import and Export Co. Ltd., နှင့် Zhejiang Orient Engineering, နှင့် ဂျပန်နိုင်ငံမှ Toshiba နှင့် High Tech Concrete Technology Co Ltd. တို့ဖြစ်ကြသည်။

ခရစ် 2008-ခုနှစ်က စတင်ခဲ့သည့် အထက်ရဲရွာ ရေကာတာ ဆောက်လုပ်ရေးစီမံကိန်းသည် ကိုဗစ်-19 လောဂ်‌ဒေါင်း အချိန်ကာလအထိပင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ မီဂါဝပ် အင်အား 280-MW ရှိ ရေအားလျပ်စစ် ရေကာ တာ စီမံကိန်းကို မြစ်ငယ်မြစ်/နမ္မတူမြစ် တလျောက် မှီတင်းနေထိုင်သူ ထောင်သောင်းမကပြည် သူအများ က ဆန့်ကျင်ခဲ့ကြသည်။ ၎င်းရေကာတာသည် 60-ကီလိုမီတာမျှ ရှည်လျားသော မြစ်ကြောချိုင့်ဝှမ်းတလျှောက် သီပေါမြို့အထိ အလွန်ကျယ်ပြန့်သော လယ်ယာမြေ နှင့် ရာစုနှစ်ပေါင်းများနေထိုင်ခဲ့သော ဒေသခံတိုင်းရင်းသား တို့၏ ဂေဟစနစ်များ ရေအောက်နှစ်မြှုပ် ပျက်စီးဆုံးရှုံးနိုင်ပါသည်။

အစိုးရစစ်တပ်၏ RCSS/SSA အား စစ်ဆင်ရေး အသေးစိပ်

ဇွန်လ 24, 2020 ရက်နေ့တွင် ဆက်ဆံရေးရုံးမှတဆင့် RCSS/SSAက သက်ဆိုင်ရာ မြန်မာအစိုးရ အရာရှိများအား ဇွန်လ 26-ရက်တွေ ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆန့်ကျင်ရေးနေ့ကို ကြိုဆိုသောအားဖြင့် တရားမဝင် မူးယစ်ဆေး ဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားအား ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာ/ကျေးရွာအုပ်စု၌ ကျင်းပခွင့် တောင်းဆိုသည်။

ဇွန်လ 25, 2020 ရက်နေ့ — တပ်မ-101 လက်အောက်ခံ ခမရ-256 မှ အင်အား 40-ခန့်ရှိ အထက်ရဲရွာ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းတွင် တာဝန်ကျနေသည့် တပ်သားတို့အား RCSS/SSA မှ မူးယစ်‌ဆေး မီးရှို့ဖျက်သိမ်းမည့် အခမ်းအနားအား နှောက်ယှက်ရန်စေလွှတ်လိုက်သည်။ ၎င်းနေ့ ညနေပိုင်းတွင် အစိုးရတပ်သားများ ၂-နေရာ စတင် တိုက်ခိုက်သည်။ ကျောက်မဲမြို့နယ် မော်မား ကျေးရွာအုပ်စုဝင် ကုန်းညောင်ကျေးရွာ နှင့် ဝမ်လွိုင်ကျေးရွာ တို့ဖြစ် ကြသည်။ ညသန်းခေါင်ကျော် ၁-ချက်တီး အချိန်လောက်တွင်လည်း ဝမ်လွိုင်အနီးအနားတွင် တိုက်ပွဲထပ် ဖြစ် သေးသည်။

ဇွန်လ 27, 2020 ရက်နေ့ — နှစ်ဖက်တိုက်ပွဲများ 4-နေရာထပ်ဖြစ်သည်။ ကျူတော၊ လွိုင်နမ့်ဝေါထောက် လွိုင်စောက်ကျေးရွာအုပ်စု၊ ပန်လော့ နှင့် လွိုင်ပန်ဟတ်ကျေးရွာအုပ်စုဝင်များဖြစ်ကြသည်။ တချိန်တည်းတွင် အစိုးရတပ်များလည်း ခလရ-147, ခလရ-၂၂, ခလရ-၂၃ နှင့် ခလရ-101 အကူစစ်ကြောင်းများ ထပ်မံ ပို့ ဆောင်သေးသည်။

ဇွန်လ 27, 2020 ရက်နေ့ ဟဲကွီကျေးရွာအုပ်စုဝင် ကျူတော၊ ရေဆန်၊ ဟိုဖိုင်၊ ပန်ကျန် ကျေးရွာများတွင် နှစ်ဖက်ထိပ် တိုက်ရင်ဆိုင် စစ်ပွဲများ ဖြစ်ပွါးခဲ့သည်။ အလားတူ ပန်လော့ကျေးရွာအုပ်စုဝင် အက်ကြီးကျေးရွာ၌လည်း တိုက် ပွဲဖြစ်ပွါးသေးသည်။

ကျောက်မဲမြို့နယ်အတွင်း အစိုးရစစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်မှု အသေးစိပ်

အတင်းဓမ္မ ပေါ်တာခိုင်း၊ နှိပ်စက်ညှဥ်းပန်း၊ ကားများချောဆွဲ

ဇွန်လ 27, 2020 ရက်နေ့တွင် အစိုးရတပ်သားများသည် ဟဲကွီကျေးရွာမှ ထရပ်ကားအသေးစား တစီကိုယူကာ ဒေသခံရွာသား 4-ယောက်ကို မောင်းနှင်စေပြီး၊ ၎င်းတို့ စစ်သုံးပစ္စည်းများ ပန်ကျန်ကျေးရွာသို့ ပို့စေပါသည်။ ဒေသခံရွာသား 4-ယောက်မှာ စိုင်းနန္ဒ၊ စိုင်းပညာ၊ စိုင်းကော နှင့် စိုင်းစွမ် တို့ဖြစ်သည်။ အစိုးရတပ်သားများနှင့်အတူ 2-ရက်တိတိနေရပြီး၊ ဇွန်လ 29-ရက်နေ့မှ ပန်ကျန်ကနေ သူတို့အားပြန်လွတ်ကာ အိမ်ပြန်စေသည်။

ဇွန်လ 28, 2020 ရက်နေ့ ညနေခင်းတွင် ခလရ-23, ခလရ-22, နှင့် ခလရ-147 တို့မှ အစိုးရတပ်သားများက အက်ကြီးကျေးရွာတဝိုက်တွင် စစ်ကြောင်းဖြန့်ကျက်လျက်ရှိသည်။ ထိုနေ့တွင် အသက် 56-နှစ် လုံးမောင်ခေ ဆိုသူ ၎င်းနေထိုင်ရာ ရွာအပြင်ဖက် တောင်ကုန်းယာတောထဲတွင် အလုပ်လုပ်လျက်ရှိသည်။ ထမင်းချက်ရန် ဆန်ကုန်နေ သဖြင့် ၎င်းနေအိမ်ပြန်သွားပါသည်။ ရွာအဝင်မှာတော့ အစိုးရတပ်သားများနှင့် ပက်ပင်းတိုးတော့သည်။ စစ်သားများ က လုံးမောင်ခေအား “ရွာသားတွေ ဘယ်ရောက်ကုန်ပြီလဲ” ဟုမေးရာ – “ရွာသားများထွက်ပြေးကုန်တာ ဖြစ်မှာ” ဟု သူကဖြေလေသည်။ ဒါနဲ့ စစ်သားများက သူ့အား စစ်ပစ်စည်း အိတ်များသယ်ခိုင်းသည့်အပြင် ပန်ကျန်ကျေးရွာ တောင်ဖက်သို့ လမ်းပြအဖြစ် ခေါ်သွားသေးသည်။

ဇွန်လ 29, 2020 ရက်နေ့ နံနက်စောစောပိုင်းတွင် အစိုးရတပ်များ ပန်ကျန်ကျေးရွာ အဝင်ဝတွင်ရောက်လာပြီး၊ ဦးတည်ရာမဲ့ ရွာနားတဝိုက်တွင် ပစ်ခတ်သည်။ ဖမ်းထားသည့် လုံးမောင်ခေတယောက် လွှတ်သွားမှာစိုး၍ သူ့ လက် နှစ်ဖက်ကို နောက်ကြောပြန်တုတ်ထားလိုက်သည်။ စစ်းသားများက “ရွာထဲမှာ ဘယ်သူရှိလဲ?” ဟုမေးရာ – လုံးမောင်ခေ က အားလုံးထွက်ပြေးကုန်ကြကြောင်းဖြေသည်။

အရွယ်အို လင်မယား နှစ်ယောက် ၎င်းတို့နေအိမ်မှ ရွာစာသင်ကျောင်းဆီသို့ ဦးတည် ပြေးသွားနေသည်ကို အစိုးရ တပ်သားများက လှမ်းမြင်လိုက်သည်။ (အကျယ်ကို အောက်မှာဆက်ဖတ်ပါ)။ လုံးမောင်ခေ ကိုစောင့်ကြပ်နေ သော စစ်သားများက “ဘာ့ကြောင့်ဒီရွာထဲမှာ ရှမ်းစစ်သားတွေ မရှိဘူးလို့ ပြောတာလဲ?” “ဟိုမှာ မတွေ့ဘူးလား ရှမ်း စစ်သားတွေ ထွက်ပြေးနေတာ?” စစ်သားများက သူ့နဖူး၊ ခေါင်းအနောက်ဖက်၊ ပေါင်၊ မေးစေ့၊ တကိုယ်လုံး ပဲ ၂-ပေခန့်ရှိ ဝါးခြမ်းပြားဖြင့် ပြင်းထန်စွာ ရိုက်နက်တာခံလိုက်ရ၍ လမ်းဘေးဖက်သို့ လဲကျသွားသည်။ စစ်သားများက လုံးမောင်ခေ သေပြီအထင်ဖြင့် ပစ်ထားခဲသည်။

လုံးမောင်ခေ

အစိုးရတပ်သားများ ထွက်ခွါသွားသောအခါ ပန်ကျန်ကျောင်းထိုင် ဆရာတော်က လုံးမောင်ခေအား မေ့မျောလျက် လမ်းဘေးတွင် လှဲနေ သည်ကို တွေ့ခဲ့သည်။ သူသတိပြန်ရလာတော့ လူမှုဖူလုံရေး အဖွဲ့အစည်း တခုက လုံးမောင်ခေ အား ကျောက်မဲမြို့ ဆေးရုံသို့ ပို့လိုက်သည်။ နောက်မှ သိရတာက အစိုးရစစ်တပ် ရောက်လာ မည့်အ ကြောင်း သူ့သား ကိုယ်တိုင် လာပြောပေမဲ့ သူများလို လုံးမောင်ခေ က လိုက်မရှောင်ခဲ့ဘူး၊ အကြောင်းရင်းကတော့ သူထင်တာက သူဟာ သာမန်လယ်သမား တယောက် ဖြစ်တယ်၊ စစ်တပ်က သူ့ကို ဘာမှလုပ်မှာမဟုတ်ဘူး ယုံ ကြည်လို့ မရှောင်တာဖြစ်ကြောင်း သူကပြောသည်။

လုံးမောင်ခေဟာ ပါနန်းအန့် နှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂-ယောက် ထွန်းကားပါတယ်။ သူတို့ဟာ အက်ကြီး သားတွေဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း နေသူများဖြစ်သည်။

အက်ကြီးရွာသား တယောက်က “ကျွန်တော်တို့ ရွာသားတွေဟာ အစိုးရစစ်တပ်ရဲ့ ရန်သူတွေ မဟုတ်ကြပါဘူး။ ရွာ သားတွေကို လူမဆန် စွာရိုက်နှက်တာ မလုပ်သင့်ပါဘူး။ အပြစ်မရှိတဲ့ ရွာသားတွေကိုရိုက်နှက်တယ်ဆိုတာ အလွန် ရက်စက်ကြမ်းကြုတ် တာပဲဖြစ်တယ်။ ဒီရာသီဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးတဲ့ အချိန်လည်းဖြစ်တယ်၊ ရွာသား တွေ က စစ်ပြေးရောင်နေရတုန်းပဲ။ ဒါနဲ့ဆိုရင် ကျွန်တော့်ရဲ့ တသက်နဲ့ တကိုယ်မှာ တိုက်ပွဲကြောင့် ထွက်ပြေးရတာ ၄-ကြိမ် ရှိသွားပြီ။” ဟု သူ့ကိုယ်တွေကြုံခဲ့ရတဲ့ ဖြစ်ရပ်ကို ပြန်ပြောပြသည်။

ဇွန်လ 30, 2020 ရက်နေ့ – အထက်ရဲရွာ ရေကာတာ ဆောက်လုပ်ရေးစီမံကိန်းတွင် တပ်စခန်းချထားသော အစိုးရ တပ်သားများသည် နမ့်ဟန်းခုံးကျေးရွာမှ ထရပ်ကား 3-စီး၊ ဟဲကွီကျေးရွာမှ 1-စီး ချောဆွဲခဲ့သည်။ ထရပ်ကားပိုင်ရှင် 3-ယောက်ကို‌ ၎င်းတို့ တပ်စခန်း တည်ရှိရာ မြစ်ငယ်မြစ် ရေကာတာ၏ တောင်ဖက်သို့ တပ်သားများ ကိုသယ် ပို့ပေး ရသည်။

သက်ကြီးတယောက် အနီးကပ် ပစ်သတ်ခံရ၊ တယောက် ဒဏ်ရာရ

ခလရ-23, ခလရ-22, နှင့် ခလရ-147 မှ အစိုးရတပ်သားများ မနက် ၈-နာရီခန့်တွင် ဝင်ရောက်လာကြသည်၊ သက်ကြီးရွယ်အို နှစ်ယောက် လုံးဆု နှင့် ဇနီးပါဆွေ တို့ အိမ်ကနေ မူလတန်းကျောင်းရှိရာသို့ ခိုလှုံရန် ပြေးသွား သည်ကို တွေ့မြင်လိုက်သည်။ ရွယ်အိုလင်မယား 2-ယောက် အကာအကွယ်ယူရန် ကျောင်းထဲသို့ပြေးဝင်သွားချိန် ၎င်းတို့ နောက် အစိုးရတပ်သားများက သေနတ်ဖြင့် စတင်ပစ်တော့သည်။ စစ်သားများက ကျောင်းအဆောက် အအုံ ထဲထိလိုက်ဝင်ပစ်သည်။ လုံးဆုက တံခါးကြားတွင် ဆောင့်ကြောင့်ထိုင်ပြီး ပုံးနေလိုက်သည်။ စစ်သားများက တံခါး ကိုတွန်းဖွင့်လိုက်ရာ လင်မယား 2-ယောက်ပုံးနေသည်ကို တွေ့သည်။ လုံးဆု က တောင်းပန်ဟန်ဖြင့် လက်မြောက် ပြရာ စစ်သားများက “ဒီမှာ ဘာလုပ်နေတာလဲ” ဟုမေးလေသည်။ လုံးဆုက “ပုံးနေတာပါ” ဟု ပြန်ဖြေသည်။ စစ်သားများက လုံးဆုကို သေနတ်ဖြင့် 2-ချက်ပစ်ရာ ဒဏ်ရာသွားသည်။ သူ ကျောင်းပြင်သို့ သွားစဥ် ထပ်မံပစ်ရာ လုံးဆု တယောက် ဆုံးသွားရှာသည်။

လုံးဆု
လုံးဆုပထမတချက်အပစ်ခံရသည့်နေရာတွင်ရှိ စာသင်ကျောင်းတံခါး

ဒီသတင်းဖြစ်စဥ်ကို ကျန်ရစ်သူ လုံးဆု၏ ဇနီး ပါဆွေက မျက်မြင်ကိုယ်တွေ့အဖြစ် ပြန်ပြောပြတာဖြစ်ပါတယ်။ အဲ့ဒီ နောက်တော့ စစ်သားများက ပါဆွေ နှင့် တခြားအမျိုးသမီးတယောက်ကို ကျောင်းထဲမှာ နေစေသည်။

တချိန်တည်းတွင် ပါဆွယ် (သက် 50-ခန့်) အမည်ရှိ အမျိုးသမီး တယောက် ၎င်းအိမ်ထဲ့သို့ပြေးဝင်သွားစဥ် စစ်သား များက သေနတ်ဖြင့်ပစ်သေးသည်။ ဗုံးဆံထိမှန်သဖြင့် သူမ၏လက် နှင့် ညာဖက် တင်ပါးတွင် ဒဏ်ရာရသည်။ ဒဏ် ရာနှင့် ရွာအပြင်‌ရောက်အောင် ကြိုးစားပြေးသည်။ လူမှုဖူလုံရေးအသင်းအဖွဲ့ရှိရာ ရေဆန်ကျေးရွာ အရောက် တွင် သူမအား ကျောက်မဲမြို့ ဆေးရုံသို့ ကားဖြင့်ပို့ပေးလိုက်သည်။

ပါဆိုင်ရဲ့ သေနတ်ဒဏ်ရာ

ထို့နောက် အစိုးရစစ်သားများသည် ပန်လော့ ဖက်သို့ ဦးတည်ထွက် သွားသည်။ ပန်ကျန်ကျောင်းထိုင် ဆရာတော် မူလတန်းစာသင် ကျောင်း သို့ ရောက်လာရာ လုံးဆုတယောက် ကျောင်းဝင်းထဲတွင် လဲလျောင်းလျက် သေဆုံး နေ သည် ကိုတွေ့ရသည်။ ဆရာတော်က လူမှုဖူလုံရေးအသင်းအဖွဲ့ကိုခေါ်ပြီးလုံးဆု၏ ရုပ်အလောင်းကို နောင်ပိန်ကြီး ဆေးရုံသို့ ပို့ပေးစေပါတယ်။ သူ့ရဲ့ ရုပ်အလောင်း ကို တော့ နောင်ပိန်ကြီး-ဂုတ်ထိပ် သုဿာန်တွင် ဇွန်လ 30, 2020 ရက်၊ နေ့ခင်း 1.00 နာရီတွင် မြှပ်နှံလိုက်သည်။

လုံးဆု သေဆုံးချိန်တွင် အသက် 58-နှစ်ရှိပြီး၊ ၎င်း၏ဇနီး ပါဆွေ မှာ 54-နှစ်ရှိပါသည်။ သားသမီး 5-ယောက် ထွန်းကားပြီး ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာတွင် လယ်ယာအလုပ်အကိုင်ဖြင့် အသက် မွေးဝမ်းကြောင်းရင်း နေထိုင်သူများဖြစ်သည်။

တိုက်ပွဲကြောင့် ရွာသား 600 ကျော် နေရပ်စွန့်ခွါ

RCSS/SSA နှင့် အစိုးရတပ်တို့ ဇွန်လ 25 မှ 28 ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲများကြောင့် ကျေးရွာပေါင်း 9-ရွာမှ စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း 630 ကျော် ရှိပါတယ်။ ပန်လော့ ဘုန်းကြီးကျောင်းတွင် အယောက် 200 ဦး၊ နောင်ပိန်ဘုန်းကြီးကျောင်းတွင် 430 ဦး အသီးသီး ခိုလှုံနေကြတာဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ကျေးရွာများမှာ – အက်ကြီး၊ နမ့်ဖတ်၊ ပန်လော့၊ ပိန်းနိမ်၊ ပန်ကျန်၊ ရေဆန်၊ နောင်မိန်း၊ လွိုင်ကုန် နှင့် ဟဲကွီ တို့ဖြစ်ကြသည်။

အစာရေစာ မလုံလောက်မှု နှင့် အခြားအခြေခံသုံးကုန်ပစ္စည်းများ ပြတ်လတ်မှု အပါအဝင် နောက်ပြဿနာ တခုက စစ်ဘေးရှောင်ဒုက္ခသည်များဟာ ကိုဗစ်-19 ရောဂါ ပြန့်ပွါးမှု စိုးရိမ်ရတာဖြစ်ပါတယ်။ နေရာထိုင်ခင်း အခက်အခဲ ကြောင့် လူစုလူဝေးနှင့် တနေရာတည်း စုနေရသည့်အတွက် social distancing လို့ခေါ်တဲ့ တယောက် နှင့်တ ယောက် ခတ်ခွါခွါ နေရန်စည်းမျဥ်းများ မလိုက်နာနိုင်ကြပါ။

ဇူလိုင်လ 1, 2020 ရက်နေ့တွင် စစ်ဘေးရှောင်ဒုက္ခသည်များ (IDPs) မိမိတို့နေအိမ်များထံ ပြန်နိုင်ကြပါပြီ။

ပန်လော့ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလုံသည့် စစ်ပွဲရှောင်ဒေသခံ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   +66: 94-728-6696                           (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                  +66: 97-173-1530                         (ရှမ်း၊ မြန်မာ)

PDF files: >>> Shan Burmese English

ထုတ်ပြန်ချက်