ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီတပ်မှ တရုတ်ရေနံနှင့်ဂတ်စ်ပိုက်လိုင်းထိန်းချုပ်စက်ရုံ ပတ်လည်တွင် မြေမြုပ်မိုင်းများထောင်ထား

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

2022 ခုနှစ် ဇန်နဝါရီလ 18 ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီတပ်မှ တရုတ်ရေနံနှင့်ဂတ်စ်ပိုက်လိုင်း ထိန်းချုပ်စက်ရုံပတ်လည်တွင် မြေမြုပ်မိုင်းများထောင်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နေ ဒေသခံများသည် တရုတ်ရေနံနှင့်ဂတ်စ်ပိုက်လိုင်း တလျှောက်တွင် စစ်ကောင်စီတပ်မှ မကြာသေးခင်က ထောင်ထားသောမြေမြုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ် ကြောက်လန့်နေရပါသည်။

လွန်ခဲ့သော ၂ လခန့်တွင် သီပေါမြို့ အခြေစိုက် စစ်ကောင်စီတပ် များဖြစ်ကြသော ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ တို့မှ တပ်သားအင်အား ၂၀ ခန့် ဖြင့် ပိုက်လိုင်းကို လုံခြုံရေးယူပေးသောစစ်ကြောင်း  မှအရာရှိ စစ်ဗိုလ်တစ်ယောက်သည် သီပေါမြို့၏ အနောက်အရပ် ၁၅ ကီလိုမီတာအကွာအဝေးခန့်တွင် တည်ရှိသော ချောင်းခြောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို နောင်အန်းကျေးရွာအနီးရှိ ပိုက်လိုင်းထိန်းချုပ် စက်ရုံတွင် ဆင့်ခေါ်ခဲ့သည်။ ၂၀၂၁ ခုနစ်  အာဏာမသိမ်းခင် အထိ စက်ရုံတွင် စစ်တပ်မှလုံခြုံရေးယူထားခြင်းမရှိပေ။

နောင်အန်းကျေးရွာအနီးရှိ ပိုက်လိုင်းထိန်းချုပ်စက်ရုံ

မြေမြုပ်မိုင်းများကို ပိုက်လိုင်းထိန်းချုပ်စက်ရုံ တည်ရှိရာလားရှိုး- မန္တလေး ကားလမ်းမကြီး အရှေ့ဘက် သစ်တောနှင့် အနောက်ဘက် သစ်တောများထဲတွင် ထောင်ထားလျှက်ရှိပြီး ၎င်းနေရာများကို ရွာသူရွာသားများ သွားလာခြင်းရှောင်ရှားရန်  ယင်းစစ်ဗိုလ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးကို  ပြောကြားခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ၎င်းနေရာများကို အသွားအလာပိတ်ပင်ထားသောကြောင့် ရွာသူရွာသားများ ပုံမှန်ထင်းခုတ်ခြင်း၊ သစ်တောအတွင်းရှိ မှိုများရှာဖွေခြင်းနှင့် မုဆိုးလိုက်ခြင်းများ ပြုလုပ်မရတော့ပေ။ ထိုနေရာပတ်လည်ရှိ လယ်ယာခြံပိုင်ရှင်များသည်လည်း မြေမြုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ်ကြောက်လန့်နေရသည်။

ဒေသခံများမှ စစ်တပ်ကို မြေမြုပ်မိုင်းများ ဖယ်ရှားပေးရန် တောင်းပန်ခဲ့သော်လည်း မရခဲ့ပေ။ “ဒါက ငါတို့ရဲ့ လုံခြုံရေးအရ ထောင်ထားရတာဖြစ်တဲ့ကြောင့် ငါတို့ပြန်ထွက်သွားမှ မိုင်းတွေကို ရုတ်သိမ်းသွားမှာပါ” ဟု ပြောခဲ့သည်။

နောင်လင်း၊ဝမ်းဆိုင်း၊တင်းလုံ၊နောင်အန်း နှင့် ချောင်းခြောက်ကျေးရွာများဖြင့် ဖွဲ့စည်းထားသော ချောင်းခြောက်ကျေးရွာအုပ်စုသည် လူဦးရေ ၁၈၀၀ ခန့်ရှိသည်။

နောက်ထပ် ထိန်းချုပ်စက်ရုံတစ်ခုသည် သီပေါမြို့မြောက်ဘက်မှ ၁ ကီလိုမိတာခန့်ရှိ ဝမ်မိုင် ကျောင်းစုကျေးရွာ တွင်တည်ရှိပြီး ထိုအတူ စစ်တပ်မှလုံခြုံရေးအတွက် တပ်ချထားသည်။ သို့သော်ငြားလည်း ၎င်းနေရာအနီးအနားတဝိုက်တွင် စစ်တပ်မှ မြေမြုပ်မိုင်းများ ထောင်ထားခြင်း ရှိမရှိ ကိုရွာသူရွာသားများအား အသိပေးခြင်းကိုတော့ မရှိသေးပေ။

၂၀၁၂ ခုနှစ် ရှမ်းပြည်မြောက်ပိုင်းတွင် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းချထားစဉ်

ကီလိုမီတာ ၈၀၀ ရှည်လျှားသည့် ပိုက်လိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံသွယ်သန်းထားရာ သုံးပုံတစ်ပုံခန့်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြတ်ကျော်သွားသည်။ ၎င်းပိုက်လိုင်းကို ၂၀၁၁-၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဒေသခံများ၏ စိုက်ပျိုးရေးလယ်ယာမြေများကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မြောက်ပိုင်းရှမ်းတောင်သူလယ်သမားများ ကော်မတီမှ ရှမ်းပြည်နယ် ဝန်ကြီးထံ ပိုက်လိုင်းစီမံကိန်းဆန့်ကျင်ကန့်ကွက်စာတင်တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

ပိုက်လိုင်းတလျှောက်တွင်နေထိုင်သောဒေသခံများသည် ပိုက်လိုင်းယိုစိမ့်ခြင်းနှင့် ပေါက်ကွဲခြင်း ဖြစ်ပေါ် လာမည်ကို အထူးစိုးရိမ် ကြောက်လန့်နေရပါသည်။ ၂၀၁၂ ဒီဇင်ဘာလတွင် နာမည်ကျော်ကြားလှသော ဘော်ကြိုဘုရားကြီး၏ မြောက်ဘက် ၁၅၀ မီတာခန့် ပိုက်လိုင်းဖြတ်သွားသည့် ဆားတွင်းရွာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရဟန်းများနှင့် ဒေသခံ ရာပေါင်းများစွာ တို့သည်ပိုက်လိုင်းအန္တရာယ် ကင်းဝေးစေရန်အတွက် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ ဆားတွင်းရွာ  သည် တွင်းထွက်ဆားလုပ်ငန်း ကြောင့်နာမည်ကျော်ကြားပြီး မြေဆီလွှာတွင်း ဆားငန်ဓာတ်ကြောင့် ပိုက်လိုင်း သံချေးတက်ခြင်းနှင့် တိုက်စားခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။

ပြီးခဲ့သည့်အပတ်တွင် နောင်အန်း ရေနံ နှင့် ဓာတ်ငွေ့စက်ရုံအနီးတွင် ဒေသတွင်း တိုက်ပွဲဖြစ်ပြီး ပိုက်လိုင်းဧရိယာအနီးနားတဝိုက်တွင် လက်နက်ကြီး များကျ ရောက်ခဲ့သည်။  ၎င်း၏ဖြစ်ရပ် များ ကြောင့် ဒေသခံများ၏ ပိုက်လိုင်း ပေါက်ကွဲမည့် အန္တရာယ်နှင့် ကျယ်ကျယ်ပြန့်ပြန့်ထိခိုက်မှုများ အသက်အန္တရာယ်များ ဖြစ်ပေါ်လာမည့် စိုးရိမ်ကြောက်ရွံ့စိတ်များ နောက်တစ်ဖန်ပြန်လည် ပေါ်ပေါက်လာသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်   +66: 88 680 4913                   (ရှမ်း၊ မြန်မာ)

PDF files:Shan Burmese English 

ထုတ်ပြန်ချက်