ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့အဓမ္မကျင့်မှုတို့ကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦဒဏ်ရာရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့အဓမ္မကျင့်မှုတို့ကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် ၂၀၂၃ ဇူလိုင်လနောက်ဆုံးပတ်မှ သြဂုတ်လ ပထမ ပတ်၌ စစ်ကောင်စီ၏ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကိုထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း တရားလက်လွတ်သတ်ဖြတ်မှုနှင့် အုပ်စုဖွဲ့ အဓမ္မကျင့်မှု တို့ပါ၀င်သော ရမ်းသမ်းဗုံးကျဲမှုနှင့် ကြီးလေးသောရာဇ၀တ်မှုများကြောင့် ဒေသခံပြည်သူ  ၅ဦး သေဆုံးကာ ၉ဦးဒဏ်ရာရ ရှိခဲ့သည်။ စစ်ကောင်စီတပ်သည် ၄င်းတို့ကျူးလွန်ထားသော စစ်ရာဇ၀တ်မှု၏ သက်သေများကို ဖုံးကွယ်ရန် သေဆုံးသွားသောအရပ်သားများ၏ခန္ဓာကိုယ်ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ၀တ်စုံများ၀တ်ဆင်ပေးခြင်းနှင့် စစ်တပ်၏ အဓမ္မကျင့်မှုနှင့်ပတ်သက်၍ သတင်းထွက်လျှင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့သည်။

အရပ်သားသတ်ဖြတ်မှုများကို လုပ်ကြံဖုံးကွယ်ခြင်း

၂၀၂၃ ဇူလိုင်လ ၂၃ ရက်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မှ TNLA တပ်ဖွဲ့ကို စ တင်တိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဇူလိုင်လ၂၄ ရက်နေ့တွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ မှလက်နက် ကြီး များရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ဖတ်ကာကျေးရွာအုပ်စု မိုင်ဆုန်ကုန်းရွာ အတွင်းရှိနေအိမ်တစ်လုံးပေါ် လက်နက် ကြီး ကျရောက်ခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးခဲ့ရသည်။

ဇူလိုင်လ၂၅ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် TNLA တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းရောက် ရှိနေ ထိုင်နေသည်ဟုဆိုကာ မူဆယ်မြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ဆိုင်းခေါင်ရွာကို လေကြောင်းမှဗုံးကျဲခဲ့သည်။

အဆိုပါလေကြာင်းတိုက်ခိုက်မှုကြောင့် ဆိုင်းခေါင်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို လက်နက်ကြီးထိမှန်က အသက် ၄၀ ဝန်းကျင်အရွယ် ဦးအိုက်လော သေဆုံးခဲ့ပြီး ၎င်း၏ဇနီးမှာ ခြေထောက်တွင် ဒဏ်ရာရရှိ ခဲ့သည်။ ထို နေ့ညနေ၌ပင် ကွတ်ခိုင်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ ခလရ ၂၄၁ တပ်မှ စဈကောငျိတပျသား ၁၀ ဦးခန့်သည် ဦးအိုက်လော၏ နေအိမ်သို့ရောက်ရှိလာပြီး ဦးအိုက်လော၏ရုပ်အလောင်းကို စောင့်ကြပ်နေသော ဖခင်ဖြစ်သူအား ရိုက်နှက်ကာ ရုပ်အလောင်းကိုလုယူသွားခဲ့သည်။ မိသားစုမှ ခလရ ၂၄၁ တပ်ကိုသွားရောက်ကာ အလောင်းပြန်ပေး ရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အလောင်းပြန်လည်ရရှိခဲ့ခြင်းမရှိပေ။

ဦးအိုက်လော၊ တူးဂျာနှင့်ဘရန်အောင်တို့၏ရုပ်အလောင်းများကို စစ်ကောင်စီ၏ဆိုရှယ်မီဒီယာတွင်တွေ့ရစဥ်

ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်း၌ပင် မူ ဆယ်မြို့မန်ဟိုင်းကျေးရွာအုပ်စု တီးမ ကျေးရွာ ကချင်နှစ်ခြင်း အသင်း တော်မှ တူးဂျာ (၂၅နှစ်) နှင့် ဘရန်အောင် (၂၇ နှစ်) တို့ကိုကွတ်ခိုင်မြို့မှ ကျေးရွာသို့ပြန် လာစဥ်လမ်းတွင် စစ် ကောင် စီ တပ် ခမရ (၅၆၉)တပ်မှဖမ်းဆီး သွားခဲ့သည် ။ ထို့နောက် မူဆယ်မြို့နယ် နမ့် အွန် ကျေးရွာ အနီးရှိ၎င်း တို့တပ်စွဲရာ တောင် ကုန်း သို့ခေါ်ဆောင်သွားကာ ရိုက်နှက် နှိပ်စက်ပြီးနောက် သေနတ်ဖြင့် ပစ် ခတ်ကာသတ် ဖြတ်ခဲ့သည်။ လူငယ် နှစ်ဦးအားနှိပ်စက်သတ်ဖြတ်မှုကို ပြည်သူ့ စစ်တပ်ဖွဲ့၀င်တစ်ဦးက မြင်တွေ့အတည်ပြုခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တူးဂျာနှင့် ဘရန်အောင် တို့၏ ရုပ်အလောင်းများ အပါ အဝင် လုယူလာသော ဦးအိုက်လော၏ ရုပ်အလောင်းကို TNLA တပ်ဖွဲ့ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဓာတ်ပုံ ရိုက်ပြီး ၎င်းတို့၏ဝါဒဖြန့် လူမှုကွန်ယက်များတွင် TNLA တပ်သားသုံးဦးကို အသေဖမ်းမိသည်ဟု ဖော်ပြခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် တူးဂျာနှင့်ဘရန်အောင်တို့၏ ရုပ်အလောင်းကို လိုက်လံရှာဖွေကြသော တီးမားရွာခံများသည် မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာ အနောက်တောင်ဘက်ရှိတောထဲတွင်ရုပ်အလောင်း မီးရှို့ခံထားရပြီး ကျန်ရစ်နေသော အရိုးပြာများကို မြုပ်နှံထားသည့် နေရာကို တွေ့ရှိခဲ့ကျသည်။ အဆိုပါနေရာနှင့်မနီး မဝေးတွင် မြုပ်နှံထားသော ဦးအိုက်လော၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်းပတ်ဝန်းကျင်တွင် လူငယ်နှစ်ဦး၏ ဖိနပ်နှင့် အပေါ်ဝတ်အင်္ကျီတို့ကို ရှာတွေ့ခဲ့ရာ မီးရှို့ထားသည့် အလောင်းနှစ်ခုမှာ ၎င်းတို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အသတ်ခံရသောလူငယ်တစ်ဦး၏အင်္ကျီ

 

ဇူလိုင်လ ၂၉ ရက်နေ့ ကျေးရွာများအတွင်း KIA တပ်သား များရောက်ရှိနေသည်ဟုဆိုကာ နမ့်ဖတ်ကာ ခလရ၁၂၃ တပ်မှ မွနိးလွဲပိုင်းမှ ညအထိ လက်နက်ကြီး များရမ်း သန်း ပစ်ခတ်ရာ ည၉ နာရီ ၄၅ မိနစ်ခန့်တွင် လွယ်ကုန်းကျေးရွာသို့ လက်နက်ကြီးများကျရောက်ခဲ့ပြီး အိမ် တစ် လုံးထိမှန်ကာ အသက် ၆၀ အရွယ် ဒေါ်အေးအိုင် သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်အေးဝမ်း နှင့် လွေးပပဝင်း (၁၅နှစ်) တို့ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ညပိုင်း၌ပင် ကွတ်ခိုင်အခြေစိုက် ခလရ ၂၄၂ စစ်ကောင်စီစစ်ကြောင်းသည် အင်မိန်းဟို ကျန် ကျေးရွာအုပ်စု မန်နောင်ရွာသို့ရောက်ရှိလာကာ မန်နောင်ဘုန်းကြီးကျောင်းအတွင်းသို့ အရပ်သားနှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်လာပြီး တစ်ဦးကို အဆိုပါကျောင်းဝင်းအတွင်း၌ပင် ပစ်သတ်ခဲ့သည်။ ထို့နောက် ရုပ်အလောင်း ကိုသယ် ဆောင်ကာ ၄င်းတို့လာရာလမ်းဖြစ်သော ကျေးရွာ အနောက်ဘက် သစ်တောထဲသို့ပြန်၀င်သွားခဲ့သည်။

တစ်ညတည်းတွင်စစ်ကောင်စီစစ်ကြောင်းမှ အုပ်စုဖွဲ့အဓမ္မကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့

၂၀၂၃ ဇူလိုင်လ ၃၀ ရက်နေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ် ခမရ (၅၆၉) တပ်မှ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ် အူရာဘွန်ကောင်းလိမ်ကျေးရွာအုပ်စု ဆွန်လုံကျေးရွာသို့ရောက်လာပြီး ကျေးရွာအနီးရှိ ကြံစိုက်ခင်းနှင့် ဘုန်းကြီး ကျောင်းတို့တွင်တပ်စွဲနေထိုင်ခဲ့သည်။ဆွန်လုံကျေးရွာသည် မန္တလေး-မူဆယ် ကားလမ်းမကြီးပေါ်တွင်ရှိသောကျေးရွာဖြစ်သည်။

ဇူလိုင် ၃၀ ရက် ည၁၀ နာရီဝန်းကျင်တွင် အဆိုပါစစ်ကောင်စီတပ်မှ တပ်သား လေးဦးသည် ဆွမ်လုံကျေး ရွာအတွင်း သို့ နှစ်ဦးစီအုပ်စုခွဲကာ ၀င်ရောက်ခဲ့သည်။ ထိုမှ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆွမ်လုံကျေးရွာအတွင်းရှိ အိုက် စိုင်း (အမည်လွဲ) နှင့်နန်းလောဝ် (အမည်လွဲ) တို့၏နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး အိုက်စိုင်းကို သေနတ်ဖြင့် ထောက်ကာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး နန်းလောဝ် (၂၀နှစ်) ကို၎င်းတို့ဆီလာရန်ခေါ်ခဲ့သည်။ ထို့နောက် စစ်ကောင် စီတပ်သားများသည်

နန်းလောဝ်၏ ရင်သားကို ဆုပ်နယ်ခြင်း အမျိုးသမီးအင်္ဂါကို မဖွယ်မရာပြုလုပ်ခြင်းများပြုလုပ်ခဲ့ရာ ခင်ပွန်းဖြစ်သူ အိုက်စိုင်းမှ ငိုယိုအော်ဟစ်တောင်းပန်ခဲ့သည်။ အိုက်စိုင်း၏အသံမှာ ကျယ်လောင်လှသဖြင့် အိမ်နီးခြင်းများနိုးလာရာ စစ်ကောင်စီတပ်သားများသည် အိုက်စိုင်းနှင့် နန်းလောဝ်ကိုရိုက်နှက်ကာ လက်ထိပ်ဖြည်ပေးပြီးပြန်ထွက်သွားခဲ့ သည်။ နန်းလောဝ်မှာ ကိုယ်ဝန် ၃လရှိနေသော ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်သည်။

တချိန်တည်း၌ပင် အခြားစစ်ကောင်စီတပ်သား ၂ဦးသည် ဆွန်လုံရွာစွန်ရှိ စိုင်းမောင်(အမည်လွဲ) နှင့် နန်း ထွေး (အမည်လွဲ) တို့၏နေအိမ်သို့ရောက်လာကာ စိုင်းမောင်နှင့် ကလေးနှစ်ဦးကို သေနတ်ဖြင့်ချိန်ကာ မသေချင် လျှင် ကလေးနှစ်ဦးကိုခေါ်ကာနေအိမ်မှထွက်သွားရန်၊ရွာထဲရှိအခြား သူများကိုပြောပြလျှင် နေအိမ်ကိုမီးရှို့ပစ် မည် ဟု ပြောသဖြင့် စိုင်းမောင်လဲကလေးနှစ်ဦးကိုခေါ်ကာနေအိမ်မှထွက်သွားခဲ့ရသည်။

ထို့နောက်စစ်ကောင်စီတပ်သား ၂ ဦးသည် နန်းထွေး (၃၁နှစ်) အားသေနတ်ဖြင့်ချိန်ကာ တစ်လှည့်စီ အဓမ္မပြု ကျင့်ခဲ့ ကာနေအိမ်မှပြန်ထွက်သွားခဲ့သည်။

နောက်တစ်ရက်မနက်တွင် ကျေးရွာသူရွာသားများသည် ရွာမှကျောင်းထိုင်ဆရာတော်ကို သွားရောက်တိုင်ကြား ခဲ့ရာ ဆရာတော်မှ စစ်ကြောင်းမှူးကိုခေါ်ပြောခဲ့ရာ စစ်ကြောင်းမှူးမှ နန်းထွေးနှင့် နန်းလောဝ်တို့ကိုခေါ်ကာ အဓမ္မ ပြု ကျင့်ခဲ့သောစစ်သားများကိုရွေးထုတ်စေခဲ့သည်။ ထို့နောက်ထိုစစ်သားများကို အများရှေ့တွင် ရိုက်နှက်ခဲ့ပြီး ပြန် လည်ခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာမှမထွက်ခွာမီ ရွာလူကြီးအား အဓမ္မပြုကျင့်မှုဖြစ်စဥ်ကို သတင်းမီဒီယာ များထံ ပြောကြားပါက ရွာကိုလက်နက်ကြီးဖြင့်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။

မူဆယ်မြို့နယ်ရှိသမိုင်း၀င်ရှမ်းရွာကိုစစ်ကောင်စီမှလက်နက်ကြီးဖြင့်ပစ်ခတ်

စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့သည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၉ ရက်မှပြန်လည်၍ တိုက်ပွဲများပြင်းထန်လာကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းတွင် မူဆယ်မြို့မှထွက်ခွာလာသော စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိယဥ်တန်းကို ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အောက်တုံခန်ကျေးရွာတွင် TNLA တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ များ ပြင်း ထန်စွာဖြစ်ပွားပြီး ၁၀၅ မိုင်အခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ၁၀၅ မိုင်ကျေးရွာ အ တွင်းရှိ နေအိမ်တစ်လုံးပေါ်သို့လက်နက်ကြီးများကျရောက်ခဲ့ပြီး အမျိုးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများကြောင့် တုံခန်ဒေသခံ ၂၀ခန့်သည် နမ့်အွမ်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းသို့ နေ့ချင်း တိမ်းရှောင်နေရသည်။

သြဂုတ်လ ၂ရက်နေ့ နံနက်ပိုင်း၌ပင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ လွယ်တေးမိန်းတောင်ခြေတွင် ဖယ် ခုံအ ခြေစိုက် စကခ ၇ လက်အောက်ခံ စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး TNLA တပ်မှ လွယ်တေး မိန်းတောင်တွင် နေရာယူထားခဲ့သည်။

ထိုနေ့နေ့လည်မှ စတင်ကာ  ၁၀၅ မိုင်မှ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် စယ်လန့်ကျေးရွာအတွင်းသို့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ စယ်လန့်ကျေးရွာတွင်းသို့ လက်နက်ကြီးများကျရောက်ခဲ့ပြီး နေအိမ် ၆လုံးပျက်စီးကာ အ သက် ၉ နှစ်အရွယ် ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့လက်နက်များ ဆက်တိုက်ပစ်ခတ်နေသဖြင့် စယ်လန့်ဒေသခံများသည် ကြောက်ရွံ့ထိတ်လန့်ကာ မူဆယ်မြို့အတွင်းနှင့် နမ့်ခမ်းမြို့ပေါ်ရှိဆွေမျိုးအိမ်များသို့၎င်း၊ လူဦးရေ ၄၀ခန့်မှာ လွယ်တေးမိန်းကမဌာန်းကျောင်းသို့၎င်း ထွက်ပြေးတိမ်းရှောင်နေရသည်။

စယ်လန့်ကျေးရွာသည် ရှမ်းသမိုင်းတွင် ရှေးမိုင်းမောလုံအင်ပါယာကို စတင်တည်ထောင်သောနေရာအဖြစ်၎င်း၊  ၁၁ ရာစုတွင် ပုဂံအင်ပါယာကိုတည်ထောင်ခဲ့သော အနော်ရထာမင်းနှင့်လက်ထပ်ခဲ့သူ မောမင်းသမီး စဝ်မွန်းလှ၏ ဇာတိအဖြစ်၎င်း ထင်ရှားပြီး ၁၄ ရာစုတွင်  ကျော်ကြားခဲ့သော  မောဘုရင် စ၀်ဆေခန်ဖ၏ သမိုင်းဝင် အဆောက် အ အုံများလည်းတည်ရှိသော သမိုင်းဝင်နေရာဖြစ်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်       +6694-728-6696                   Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်     +66:98118 3767                             (မြန်မာ)

PDF ဖိုင်ဆွဲယူရန် >>> Shan Burmese English

ထုတ်ပြန်ချက်