ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်စစ်ကောင်စီမှ ဒေသခံလယ်သမားတစ်ဦးကို ပစ်သတ်ပြီးဇနီးကို ဖမ်းဆီး

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၈ ရက်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်စစ်ကောင်စီမှ ဒေသခံလယ်သမားတစ်ဦးကို ပစ်သတ်ပြီးဇနီးကို ဖမ်းဆီး

၂၀၂၃ ခုနစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး၌ စစ်ကောင်စီတပ်မှ တောင်ယာလုပ်ကိုင်နေသော ဒေသခံလင်မယားနှစ်ဦးကို အကြောင်းမရှိဘဲပစ်ခတ်ခဲ့ရာ အမျိုးသားဖြစ်သူ သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသောအမျိုးသမီးဖြစ်သူဒဏ်ရာရရှိခဲ့သည်။

သြဂုတ်လ ၂၁ ရက်နေ့မနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် ကုန်းစုံကျေးရွာတွင်နေထိုင်သော အသက် ၃၁ နှစ်အရွယ်အမျိုးသား နှင့် ၂၈ နှစ်အရွယ် အမျိုးသမီး လင်မယားတို့သည် တိုက်ပွဲများငြိမ်သက်နေသဖြင့် ခေါင်းအိကျေးရွာနှင့် စက်တော်ရာ ကျေးရွာအကြားရှိ ၎င်းတို့၏ တောင်ယာသို့သွားရောက်ကာ ပြောင်းစိုက်ပျိုးရန် မြေများရှင်းလင်းခဲ့သည်။ မနက် ၈ နာရီဝန်းကျင်တွင် စက်တော်ရာတောင်မှ ဆင်းလာသော စစ်ကောငိစီတပ်သား ၅ဦးခန့်သည် ၎င်းတို့ တောင်ယာအနီးသို့ရောက်လာပြီး မည်သည့်အကြောင်းပြချက်မှမရှိဘဲ သေနတ်များဖြင့်ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့်အမျိုးသားဖြစ်သူမှာ သေနတ်ပစ်ရာ ၆ ချက်ဖြင့် ထိုနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အလောင်းကို စစ်ကောင်စီတပ်သားများမှ ယူဆောင်သွားခဲ့သည်။ အမျိုးသမီးဖြစ်သူမှာ ပခုံး၌ဒဏ်ရာရှိခဲ့ပြီး ၎င်းကိုလည်း စစ်ကောင်စီတပ်သားများမှ ၎င်းတို့တပ်စွဲရာ ဘုရားကုန်းသို့ခေါ်ဆောင်သွားခဲ့သည်။

သတ်ဖြတ်ခံရသူ၏ဆွေမျိုးသားခြင်းများမှ အလောင်းကိုပြန်ပေးရန်နှင့် အမျိုးသမီးအားပြန်လွတ်ရန် စစ်ကောင်စီတပ် စခန်းသို့ သွားရောက်တောင်းပန်ခဲ့ရာ စစ်ကောငိစီတပ်သားများမှ ငွေကျပ် ၃၅သိန်းဖြင့်ရွေးယူရန်ပြောခဲ့သည်။ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆွေမျိုးများမှ ငွေသွားရောက်ပေးခဲ့မှသာလျှင် စစ်ကောင်စီတပ်သားများမှ အလောင်းနှင့် အမျိုးသမီးတို့ကိုပြန်လည်ပေးအပ်ခဲ့သည်။

သြဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီတွင် ဆွေမျိုးများမှ ကုန်းစုံကျေးရွာသင်္ချိုင်းတွင် မြုပ်နှံခဲ့သည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်        +66 94 728 6696                   Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်     +66 98 118 3767                              (မြန်မာ)

Download PDF files >>> Shan Burmese English

 

 

ထုတ်ပြန်ချက်