ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီးတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့ကြောင့် ယာဥ်မောင်းတစ်ဦးပစ်သတ်ခံရပြီး  လယ်သမားတစ်ဦးဒဏ်ရာရရှိ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီးတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့ကြောင့် ယာဥ်မောင်းတစ်ဦးပစ်သတ်ခံရပြီး  လယ်သမားတစ်ဦးဒဏ်ရာရရှိ

၂၀၂၃ ဇန်န၀ါရီလ ၇ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်းအနီးတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့ ၏ပစ်ခတ်မှုကြောင့် ယာဥ်မောင်းတစ်ဦးအသတ်ခံရပြီး  လယ်သမားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း  လုံကန်ကျေးရွာအုပ်စု အနီးတဝိုက်တွင် ၂၀၂၃ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ် အင်အား ၅၀ ခန့်တို့သည် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များရောက်ရှိလာသည် ဟုဆိုကာ အောင်ပန်း-တီ ကျစ်-ပင်လောင်းလမ်း ကိုပိတ်ခဲ့သည်။ ထိုနေ့ည ၈နာရီဝန်းကျင် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှ ၃ မိုင်ခန့်ကွာဝေးသော  အောင်ပန်း-ပင်လောင်းလမ်းမကြီးပေါ်မှနေ၍ ဘုရားဖြူကျေးရွာဘက်သို့ မိနစ်သုံးဆယ်ခန့် မည်သည့်တိုက် ပွဲမှမရှိဘဲ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် အနီးရှိ နန်းဆောင်ကျေးရွာမှ လယ်ရေသွင်းရန် လယ်ကွက်သို့ သွားရောက် ပြီး ပြန် လာသော လယ်သမား စိုင်းအေး (အမည်လွဲ) အသက် ၄၀ ခန့်သည် ခြေထောက်တွင် လက်နက်ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်သားများသည် ၄င်းအားပင်လောင်းဆေးရုံသို့ပို့ ဆောင်ပေးခဲ့သည်။

ထို့နေ့ည ဇန်နဝါရီလ ၇ ရက် ည ၉နာရီခွဲဝန်းကျင်တွင် ပင်လောင်းမြို့နယ် မွေးပြင်ကျေးရွာအုပ်စု ကင်မွန်းချူံကျေးရွာမှရွာသား ခွန်ထွန်း (အမည်လွဲ) အသက် ၃၅ နှစ်ဝန်းကျင်ခန့်သည် အောင်ပန်း-တီကျစ်-ပင်လောင်း လမ်းအတိုင်း ကားမောင်းလာခဲ့ရာ လမ်းကိုစစ်ဆေးပိတ်ဆို့နေသောနေရာသစ် အရောက်တွင် အမြန် မောင်းနှင်လာသော ကားကိုရုတ်တရက်ရပ်တန့်ခဲ့သည်။ ထို့နောက်စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်ခြင်းကိုခံရကာ ဝမ်းဗိုက်အောက် အူမကြီးထိမှန်ဒဏ်ရာဖြင့် ပစ်ခတ်ခံရသောနေရာတွင်သေဆုံးသွားခဲ့သည်။ ထိုအဖြစ်အပျက်ကို PNO တပ်သားများမှ လမ်းပြအဖြစ်ခေါ်ဆောင်လာသော ဒေသခံတစ်ဦးမှတွေ့မြင်ခဲ့သည်။

 

စစ်ကောင်စီတပ်သားများသည် ပစ်ခတ်ခံရသောပြည်သူ၏ အလောင်းကို မိသားစုထံသို့ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဇန်နဝါရီ၈ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပင်လောင်းသုသန်၌ သင်္ဂြိုလ်ခဲ့သည်။

စစ်ကောင်စီတပ်သားများနှင့် PNO တပ်ဖွဲ့၀င်များသည် အောင်ပန်း-တီကျစ်-ပင်လောင်းလမ်းကို ဆက်လက်ပိတ်ဆို့ထားပြီး အဆိုပါလမ်းပေါ်၌ ကလောအခြေစိုက် စစ်ကောင်စီတပ် ခမရ ၇ နှင့် တီကျစ်အခြေစိုက် ခမရ ၅၁၁၊ ခမရ ၅၂၂ အပါအဝင် PNO တပ်များလှုပ်ရှားလျက်ရှိသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်   +66 62 569 5220                (မြန်မာ)

Download PDF files >>>  Shan Burmese English

ထုတ်ပြန်ချက်