စစ်တလင်းမှ ခြောက်သွေ့မြေအဖြစ်သို့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အစီရင်ခံစာသစ်ထုတ်ပြန်

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်

စစ်တလင်းမှ ခြောက်သွေ့မြေအဖြစ်သို့

အကျဉ်းချုပ် ဖော်ပြချက်

ရှမ်းပြည်တောင်ပိုင်း နမ့်တိန်းမြစ်ပေါ်တွင် ဆည်ကြီးတစ်ခုဆောက်လုပ်ကာ ရေအားလျှပ်စစ်ထုတ်ယူရေးအတွက် လမ်းရှင်းသည့်အနေဖြင့် မြန်မာအစိုးရစစ်တပ်က စစ်ရေးအကြမ်းဖက် လှုပ်ရှားမှုများ၊ ပြည်သူလူထုအအတင်းအဓမ္မမောင်းထုတ် ရပ်ရွာရွှေ့ပြောင်းမှုများတို့ကို မည်သို့မည်ပုံ ပြုလုပ်ကြနေလျက်ရှိသည့် အကြောင်းတို့ကို ထုတ်ဖေါ်လှစ်ဟတင်ပြရန်နှင့် ရေရှည် ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်စေပြီး ဒုက္ခဘေးအန္တရာယ်ပိုမိုကြီးမားလာစေမည့် စိုးရိမ်ဖွယ်ရာ အလားအလာရှိနေသည့် အထက် ကျိုင်းတောင်းဆည်ဆောက်လုပ်ရေးစီမံကိန်းအား ပြန်လည်ပယ်ဖျက် ရပ်ဆိုင်းရေးကို တိုက်တွန်းတောင်းဆိုရန်ရည်ရွယ်၍ ဤအစီရင်ခံစာအား ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

နမ့်တိန်းမြစ်သည် သံလွင်မြစ်၏ မြစ်လက်တက်ပေါင်းများစွာအနက်မှ အဓိကကျသည့် မြစ်လက်တက်တခုဖြစ်သည် သာမက ရှမ်းပြည်သူလူထုတို့၏ ရာဇဝင် သမ်ိုင်းကြောင်းနှင့် အစဉ်အလာ ယဉ်ကျေးမှုအတွက်လည်း အထူးအရေးပါစွာ ဆက်စပ်မှုရှိနေသည့် မြစ်တခု ဖြစ်ပါသည်။ မိုင်းကိုင်၊ လဲချား၊ မိုးနဲ နှင့် လင်းခေး အစရှိသည့် သမိုင်းဝင်မြို့နယ်မြေဒေသတို့ကို ဖြတ်သန်းစီးဆင်းနေသော နမ့်တိန်းမြစ်၏ ကမ်းဘေးဝဲယာတို့တွင် ရှေးဟောင်းဘုရားကျောင်းကန် စေတီပုထိုးစသော ဘာသာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်အဆောက်အဦပေါင်း မြောက်များစွာ တည်ရှိနေပါသည်။ ထို့အပြင် ရှမ်းရိုမီယို နှင့် ဂျူးလီးယက်ဟု တင်စားနှိုင်းယှဉ်နိုင်လောက်သည့် ရှမ်းလူမျိုးတိုင်းတို့၏ အသဲစွဲ ခွန်ဆမ်လောနှင့်နန်းဦးပြင် အမည်ရှိ ရှမ်းရှေးဟောင်း အချစ်ဒဏ္ဍာရီပုံပြင် တပုဒ်သည်လည်း ထိုတိန်းမြစ်ဒေသတွင် မြစ်ဖျားခံ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပြီး မိုးနဲအရှေ့ဖက်ရှိ ကျိုင်းတောင်းရေတံခွန်တည်ရှိရာ အရပ်သည်လည်း ခွန်ဆမ်လော၏ မွေးရပ်ဇာတိဒေသအဖြစ် ထင်ရှားကျော်ဇောခဲ့ပါသည်။ ရှမ်းပြည်အလယ်ပိုင်းဒေသမှ ထိုင်းနယ်စပ်အထိ ဆက်စပ်စီးဆင်းနေသည့် နမ့်တိန်းမြစ်သည် ရှမ်းအမျိုးသား ခုခံတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ပင်မ အသက်သွေးကြောအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်အသုံးတော်ခံ အလုပ်အကျွေးပြုခဲ့သော ပြုနေဆဲမြစ်တစင်းလည်း ဖြစ်နေပါသည်။ ခွန်ဆာ၏ မိန်းတိုင်းအာမီ(MTA) လက်နက်ချအညံ့ခံခဲ့သည့် ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် ထိုနမ့်တိန်းမြစ်တလျှောက်ရှိ နယ်မြေများတွင်ပြန်လည်စုဖွဲ့ အင်အားစုဆောင်း ထူထောင်တည်ဆောက်လာနိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ၁၉၉၆ နှင့် ၁၉၉၈ ခုနှစ် ကာလအတောအတွင်းတွင် အစိုးရစစ်တပ်က ခြောက်သွေ့နယ်မြေဒေသအဖြစ် ဖန်တီးရေး လှုပ်ရှားမှုဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော ရှမ်းအမျိုးသား ခုခံတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၌ နမ့်တိန်းမြစ်တလျှောက် နေထိုင်လျက်ရှိကြသော ဒေသခံပြည်သူလူထုအသိုက်အဝန်းတို့သည် အစိုးရစစ်တပ်၏ အဓိကပစ်မှတ်များဘဝသို့ သက်ဆင်းကျရောက်ခဲ့ရပါတော့သည်။ ဤသို့ဖြင့် မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်းမြောက်များစွာမှ ရွာသား ၃၀၀၀၀၀ ကျော်တို့သည် ၎င်းတို့ နေထိုင်နေရာရွာများမှ မောင်းနှင်ထုတ်ခံခဲ့ကြရပြီး မြို့များလမ်းမကြီးများအနီး တည်ဆောက်ထားသော ပြန်လည်နေရာချထားရေးစခန်းများသို့ အတင်းအကြပ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါသည်။ ကျေးရွာသား ပြည်သူလူထု ရာပေါင်းများစွာတို့မှာ အနိုင်ကျင့် ဖိနှိပ်မှု၊ အကြောင်းမဲ့ ညဉ်းပမ်း ဖမ်းဆီး ရိုက်နှက်မှု၊ တရားမဲ့ သတ်ဖြတ်မှုနှင့်အမျိုးသမီးပေါင်းမြောက်များစွာတို့မှာ အစိုးရစစ်တပ် စစ်သားများတို့၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မုဒိမ်းပြုကျင့်မှုတို့ကို ခံခဲ့ကြရပါတော့သည်။ ကျိုင်းတောင်းဒေသတခုတည်းတွင်ပင် အသက် ၅ နှစ်အရွယ် ခလေးငယ်တဦး အပါအဝင် ကျေးရွာသူ အမျိုးသမီးပေါင်း ၇၀ ယောက်တို့မှာ အစိုးရစစ်သားများတို့၏ မုဒိမ်းပြုကျင့်ခြင်းကို ခံခဲ့ကြရသည်ဟု သတင်းမှတ်တမ်းများအရ သိရှိရပါသည်။

ရှမ်းပြည်အလယ်ပိုင်း လက်ကျေးတောရွာများတို့တွင် နေထိုင်သူလူဦးရေ ကျဆင်းနည်းပါးသွားစေရန် ခြောက်သွေ့နယ်မြေဒေသအဖြစ် တမင်ဖန်တီးခြင်း အပါအဝင် အစိုးရစစ်တပ်က နည်းလမ်းမျိုးစုံဖြင့် လျှော့ချ ရှင်းလင်းရေး ပြုရခြင်း၏ ရည်ရွယ်ချက်မှာ ရှမ်းအမျိုးသား ခုခံတော်လှန်ရေးတပ်ဖွဲ့များ အင်အားကျဆင်း နည်းပါးသွားစေရေးနှင့် နမ့်စန်မြို့တွင် အရှေကအလယ်ပိုင်း စစ်ဌာနချုပ်အသစ်တစ်ခုကို အခြေစိုက်ကာ ထိုနယ်မြေအတွင်းအစိုးရစစ်တပ်၏ စစ်တပ်အင်အားကို ထပ်မံတိုးချဲ့ အခြေချထူထောင်ပြီး နယ်မြေစိုးမိုးမှုပြုသွားနိုင်ရေးပင် ဖြစ်ပါသည်။ တနည်းအားဖြင့် နမ့်တိန်းမြစ်အပေါ် ဆည်တည်ဆောက်၍ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများအတွက် ကြိုတင်လမ်းထွင် ရှင်းလင်းထားခြင်းပင် ဖြစ်ပါသည်။

ကျိုင်းတောင်းဒေသနယ်မြေအတွင်း နမ့်တိန်းမြစ်ပေါ်တွင် ၅၄ မီဂါဝပ် ထုတ်လုပ်နိုင်သည့် ပထမဦးဆုံး အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတခုကို ၂၀၀၅ – ၂၀၀၉ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့ချိန်တွင် ထိုနယ်မြေအတွင်းမှ ရွာအများစုတို့မှာ ထိုင်းနိုင်ငံဖက်သို့ပြောင်းရွှေ့သွားခဲ့ကြပြီးဖြစ်ရာ မူလရှိရင်းစွဲ ကျေးရွာ ၅၀ အနက် ရွာ ၁၀ ရွာသာ ကျန်ရှိနေသည်ဟု သိရှိခဲ့ရပါသည်။ ထိုကာလအတောအတွင်း အစိုးရစစ်တပ်မှ စစ်သားများကကျေးရွာသူ အမျိုးသမီး ၃ ဦးတို့အား မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့မှု ဖြစ်ပွါးခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

အဆိုပါ ရေအားလျှပ်စစ်စက်ရုံမှာ ကျိုင်းတောင်းရေတံခွန်ပေါ်တွင် ရေစီးကြောင်းတခုလုံးအား ဖြတ်တောက်ပိတ်ဆို့ကာ တိုက်ရိုက်တည်ဆောက်ထားသဖြင့် နွေရာသီရေနည်းချိန်တွင် ရေတံခွန်မှရေစီးကျခြင်း အလျဉ်းမရှိတော့ဘဲ ကျိုင်းတောင်းရေတံခွန်၏သဘာဝအလှကို လုံးဝထိခိုက် ပျက်စီးနေစေသည့်အပြင် အရင်တချိန်က ရေတံခွန်၏အထက်နှင့်အောက်ဖက် ဒေသများတွင် နေထိုင်ကြ၍ မြစ်ချောင်းရေ ရေနေသတ္တဝါနှင့်ငါးများတို့ကို ဖမ်းဆီးစားသုံး မှီခိုရှင်သန်နေရသူ ရွာသားများတို့မှာ တချို့သောငါးမျိုးစိတ်များသဘာဝအရ ပုံမှန် ဆက်လက်မျိုးမပွါးနိုင်တော့သောကြောင့် ပျက်စီးပျောက်ကွယ်ကုန်ကြကာ ငါးဖမ်းဆီးရမိမှု နည်းပါးကျဆင်းသွားသဖြင့် ရွာသားအများစုတို့မှာ ဝမ်းစာရေး အသက်မွေးဝမ်းမှုအတွက် အခက်အခဲကြုံတွေ့ အတိဒုက္ခရောက်နေကြရပြီဟု ဆိုပါသည်။ ထို့ပြင်ထိုစီမံကိန်းမှာ ရရှိမည့်အကျိုးရလဒ်နှင့် နစ်နာ ပေးဆပ်ရမှုတို့ကိုသာမက ရေစီးပမာဏစွမ်းအားကိုပါ အသေအချာထည့်သွင်း ချိန်ဆတွက်ချက်ထားခဲ့ခြင်းမျိုး မရှိသည့်အတွက်ကြောင့်တာဘိုင်စက် ၃ လုံး တပ်ဆင်တည်ဆောက်ထားသည့်အနက် တလုံးကိုသာ အနိုင်နိုင်လည်ပတ်၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်နေရသည်ဟု သတင်းရရှိပါသည်။

ထိုပထမ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းလုပ်ငန်း၏ အထက်ဖက် ၄၀ ကီလိုမီတာကွာဝေးသော နေရာတွင် ၂၀၀၉ ခုနှစ်က ထပ်မံတည်ဆောက်ထားသော အထက်ကျိုင်းတောင်းဆည် ဒုတိယ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကြီးသည် အရွယ်အစားပမာဏအားဖြင့် ပိုမိုကြီးမားသော လုပ်ငန်းဖြစ်နေသောကြောင့် ထို့ထက်ပိုမိုကြီးမားများပြားသော ဆိုးကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်မှာ သေချာ မုချပင် ဖြစ်ပါသည်။ မြစ်ကိုအမှီပြုပြီး စိုက်ပျိုးရေး နှင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြရသော ကျိုင်းတောင်း နှင့် လင်းခေးမှထောင်ချီတဲ့ ရွာသားတို့ အထူးသဖြင့် ရာသီဥတု သိသိသာသာ ပြောင်းလဲသွားသဖြင့် ရေပြတ်မှာကို စိုးရိမ်နေကြသည်။ လာအိုနိုင်ငံနဲ့မြန်မာပြည်အလယ်ပိုင်းရှိဆည်များ မကြာမီကပျက်စီးခဲ့တာကြောင့် နမ့်တိန်းဆည်ကျိုးမှာကိုလည်း စိုးရိမ်ပူပန်နေကြသည်။နမ့်တိန်းမြစ်ပေါ်တွင် ဆောက်လုပ်ထားသော ထိုစီမံကိန်း ၂ ခုစလုံးတို့သည် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အခြေခံစည်းမျဉ်းများကို စစ်တပ်ဖြင့် ဝင်ရောက်ကျူးကျော် ဖေါက်ဖျက်ခြင်း၊ လက်နက်ကိုင်စစ်သားအင်အားကို အသုံးပြု၍ ဒေသခံဌာနေပြည်သူလူထု ရွာသားများအပေါ် ဖိနှိပ်အနိုင်ကျင့်မှု မတရားအကြမ်းဖက်မှု အမျိုးမျိုးနှင့် ဒေသတွင်းနေထိုင်လျက်ရှိသော ရွာသားများအား မူလရပ်ရွာများမှမောင်းနှင်ထုတ်ကာ ကျေးရွာများကိုအတင်းအကြပ်ရွှေ့ပြောင်းပစ်ခြင်း စသည်တို့ကို အစိုးရစစ်တပ်က အတောမသတ် ကျူးလွန်မှုများတို့ကို ဖြစ်ပွါးပေါ်ပေါက်စေခဲ့ပါသည်။ နမ့်တိန်းမြစ်ပေါ်တည်ဆောက်ထားသော ထိုဆည်အသစ်သည် နယ်မြေဒေသအတွင်း ဖြတ်သန်းစီးဆင်းနေသော ရှမ်းပြည်နယ်တွင် အဓိကကျသည့်မြစ်ချောင်းတခု၏ ထိလွယ်ရှလွယ်သော သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို အပြီးတိုင် ပျက်သုန်းဆုံးရှိုးသွားသည့်အထိ ဖြစ်ခဲ့သည်မှာ ထင်ရှားနေပါသည်။

နမ့်တိန်းမြစ်ဝှမ်းတလျှောက်ရှိ ဒေသတခုလုံးတို့သည် အားပြိုင်တိုက်ခိုက်မှု အလွန်မြင့်မားသော စစ်ဇုံနယ်မြေတခုအဖြစ် ဆက်လက်ကျရောက် တည်ရှိနေဦးမည်သာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်
တပ်မတော်(RCSS/SSA)အား အစိုးရစစ်တပ်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဦးမည် ဖြစ်သည့်အပြင် ရှမ်းပြည်ပြည်သူလူထုဌာနေ ဒေသခံရွာသားများအပေါ်တွင်လည်းမှန်ကန် ရိုးသားသော သဘောထားနှင့် စိတ်ရင်းစေတနာ အလျဉ်းမရှိသည့် အစိုးရစစ်တပ်ကမတရားဖိနှိပ် အနိုင်ကျင့်မှု၊ အကြောင်းမဲ့ ညဉ်းပမ်းမှု၊ သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖေါက်သည့် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဦးမည်မှာ သေချာပါသည်။

အထက်တွင် ဖော်ပြထားသော အခြေအနေများ အောက်တွင် ဘေးအန္တရာယ် ဒုက္ခကြီးမား များပြားလှသော ဆိုးကျိုးဆက်ရလဒ်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ အလားအလာရှိနေသည့် အထက်ကျိုင်းတောင်းဆည် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှုပြုခြင်းသည် နေပြည်တော်ရှိ အစိုးရအာဏာပိုင်များအပေါ် ဒေသခံပြည်သူလူထုတို့၏ မကျေနပ်မှုများကို တိုးပွါးဖြစ်ပေါ်လာစေရန် လောင်စာလောင်းထည့်ပေးလိုက်ရာကျနေမည်ဖြစ်သည့်အပြင် ဆယ်စုပေါင်းများစွာ ကြာရှည်ဖြစ်တည်လာခဲ့သော ပဋိပက္ခများအား ထပ်မံမီးထိုးပေးလိုက်သည့် သဘောသာ ဖြစ်ပါလိမ့်မည် ဟုထောက်ပြအပ်ပါသည်။ ထို့ကြောင့် အထက်ကျိုင်းတောင်းဆည်တည်ဆောက်ရေး စီမံကိန်းကြီးအား ချက်ချင်းရပ်တန့်ပါရန် ကျွန်ုပ်တို့အနေဖြင့် မြန်မာအစိုးရအား တိုက်တွန်း တောင်းဆိုလိုက်ပါသည်။ လက်ရှိ ပဋိပက္ခများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာကာ ငြိမ်းချမ်းပြီး စစ်မှန်ပီပြင်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ကျင့်သုံးလာနိုင်ပါမည်။ ဒေသခံပြည်သူလူထု အသိုက်အဝန်းအား သူတို့ပိုင်ဆိုင်ကြသည့် သူတို့နှင့် တိုက်ရိုက်သက်ဆိုင်သည့် သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲရာတွင်ဆုံးဖြတ်ပိုင်ခွင့်အာဏာနှင့် ပါဝင်ဆောင်ရွက်ပိုင်ခွင့် အပြည့်အဝရရှိလာသည့် အချိန်ကာလသို့ ရောက်ရှိလာမှသာလျှင် ထိုကဲ့သို့သော အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆုံးဖြတ်
အကောင်အထည်ဖေါ်မှု ပြုစေသင့်ကြောင်းကိုလည်း အကြံပေးလိုပါသည်။

အထက် ကျိုင်းတောင်းဆည်တည်ဆောက်ရေး စီမံကိန်းတွင် နည်းပညာဆိုင်ရာ အထောက်အကူနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်နေလျက်ရှိသည့် နော်ဝေးနိုင်ငံအပါအဝင်နိုင်ငံအချို့နှင့် နိုင်ငံခြားရပ်ခြားအကူအညီ စေတနာရှင် ငွေကြေး အထောက်အပံ့ ဒါနရှင်များတို့အား အလေးအနက် တိုက်တွန်း တောင်းဆို မေတ္တာရပ်ခံလိုသည့်အချက်မှာ မြန်မာနိုင်ငံတွင် ပဋိပက္ခများအကြား အားပြိုင်မှုကြီးမား များပြားသော နယ်မြေဒေသအတွင်း ကြီးမားသောဆည်များ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းတို့အတွက် နည်းပညာအဆင့်မြင့်တင်ပေးမှု အကူအညီနှင့် ငွေကြေးထည့်ဝင် ရင်းနှီးမြှုပ်နှံမှု မှန်သမျှတို့အား ရပ်ဆိုင်းထားကြပါရန်ဟူ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တိုက်တွန်းတောင်းဆိုချက်ကို လျစ်လျူရှုကာ ပြည်သူလူထုတို့၏ ယုံကြည်မှုနည်းပါးသော အစိုးရ၏ဆည်တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းများအားထောက်ပံ့နေခြင်းသည် ရှိရင်းစွဲ ပဋိပက္ခများကို ပိုမိုကြီးမားကျယ်ပြန့်လာစေရန် လောင်စာဆီ ထပ်မံလောင်းပေးရာကျနေမည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်း အဖြေရှာနေမှု လုပ်ငန်းစဉ်အပေါ် အထင်အမြင်သေးသည့် သဘောထားကို တိုက်ရိုက် လှစ်ဟဖေါ်ထုတ် ပြသမှုပြုခြင်း ဖြစ်ပါသည်။

 

PDF Files:

Shan

Burmese

Thai

English

ထုတ်ပြန်ချက်