ရှမ်းမြောက်တွင် အစိုးရစစ်တပ်နှင့် ဆက်နွယ်သည့် သတ္တုတွင်းလုပ်ငန်း

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အစီရင်ခံစာသစ်ထုတ်ပြန်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်

ရှမ်းမြောက်တွင် အစိုးရစစ်တပ်နှင့် ဆက်နွယ်သည့် သတ္တုတွင်းလုပ်ငန်း

အကျဥ်းချုပ်

ယခင်နှစ်များတွင် မန္တလေးအခြေစိုက် ငွေရည်ပုလဲလုပ်ငန်းစုကုမ္မဏီနှင့် မြန်မာအစိုးရစစ်တပ်တို့၏ ပူးပေါင်း ကျောက်မီးသွေးတူးဖေါ်ရေးလုပ်ငန်းများ တိုးချဲ့ထုတ်လုပ်မှုများပြားလာသောကြောင့် စစ်ဘေးစစ်ဒဏ် ခံနေရသည့် ရှမ်းပြည်မြောက်ပိုင်းတွင် လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း၊ရေထု လေထုညစ်ညမ်းခြင်း ဒဏ်ခံနေရသလို လူနေကျေးရွာ အများအပြားလည်း ပြောင်းရွှေ့ ခြင်းခံရသည်။

ငွေရည်ပုလဲ နှင့် အစိုးရစစ်တပ်တို့ အပေါင်းပါများသည် ရှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိထုတ်လုပ်လျက်ရှိသည့် ကျောက်မီးသွေး၏ နှစ်ဆကျော် သုံးဆပမာဏကို ထုတ်ယူနေသည့်အပြင် သီပေါ၊တန့်ယန်းနှင့် မိုင်းရယ် မြို့နယ်များတွင်လည်း သတ္တုတွင်းသစ်များထပ်မံတိုးချဲ့လုပ်ဆောင်နေသည်။

သီပေါမြို့နယ်တွင် ငွေရည်ပုလဲ ကုမ္ပဏီက ၎င်း၏လက်ရှိ နမ္မ(နမ့်မ)ကျေးရွာအုပ်စုနားကွန်သတ္တုတွင်းတခု ထပ်မံတိုးချဲ့လာသည်။ အလားတူပင် စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိရုံးချုပ် (စစ်တပ် လက်နက်ထုတ်လုပ်ရေးဌာနခွဲ) ကလည်း 25 နှစ် စာချုပ်ဖြင့် ကျောက်မီးသွေးသတ္တုတွင်းတခု စတင်ခဲ့သည်။ လေထုညစ်ညမ်းမှု နှင့် မြေယာပျက်စီးဆုံးရှုံးမှု အပြင် မြေပြိုမှုများကြောင့် နမ္မ(နမ့်မ) ကျေးရွာသားများက သတ္တုတွင်း ရပ်ဆိုင်းရန် ထပ်ကာထပ်ကာတောင်းဆိုထားသော်လည်း လျစ်လျူရှုကာ တိုးချဲ့လုပ်ဆောင်နေမြဲဖြစ်သည်။

တန့်ယန်းမြို့နယ်တွင် ငွေရည်ပုလဲ ကုမ္ပဏီက တတ်လျက်ကျေးရွာ လူနေအိမ်များအောက်တည့်တည့်တွင် တူးဖော်လိုက်သည့် သတ္တုတွင်းတူးမြောင်းများကြောင့် မြေအောက်လှိုင်ခေါင်းများတွင် ပေါက်ကွဲသံများ နေ့ရောညပါ ကြားနေရပြီး ထိုပေါက်ကွဲသံကြောင့် မြေသားများလည်း အက်ကွဲကုန်ကြသည်။ သံလွင်မြစ်၏ အဓိက မြစ်သွယ်တခုဖြစ်သည့် နမ့်ပန်မြစ်သည် သတ္တုတွင်းမှ ဆင်းသက်လာသည့် ရွှံ့ရည်များ စီးဝင်သွားသောကြောင့် ပင်ကိုယ်မူလကြည်လင်သန့်ရှင်းနေသည့်ရေသည် မည်းညစ်ရောင်အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ 2021ဇန်နဝါရီလအလယ်ပိုင်းတွင် 82-စုရှိ တတ်လျက်ကျေးရွာမှ မိသားစုအားလုံးကို ၄င်းတို့နေအိမ်များနှင့် လယ်ယာမြေများမှ ဝေးလှံသည့် နေရာသို့ ရွှေ့ပြောင်းခြင်း ခံရကြောင်းဆိုပါသည်။

ကျေးရွာသားတို့၏ အခွင့်အရေး တောင်းဆိုချက်ကိုလည်း ခြိမ်းခြောက် ခံရသည့်အပြင် ဒေသခံပြည်သူ့ စစ် မိုင်းဟအဖွဲ့က ညှဉ်းပမ်းနှိပ်စက်မှုများ ရှိကြောင်း ဆိုသည်။မိုင်းရယ်မြို့နယ်တွင်လည်း ငွေရည်ပုလဲ ကုမ္ပဏီက သတ္တုတွင်း တခုကနေ နှစ်ခုတိုးချဲ့လိုက်သည်။၎င်း၏ လက်အောက်ခံကုမ္ပဏီ တခုဖြစ်သည့် သံတောင်ဉီးက ခိုဆိုင်းကျေးရွာအုပ်စုတွင် ကြံစက်ရုံကြီးတခု တည်ဆောက်လျက်ရှိသည်။ ရွာသားများ၏ စိုက်ပျိုးမြေယာများ ဆုံးရှုံးပြီး သတ္တုတွင်းမှ ထွက်လာသည့် အညစ်အကြေးများက ရေထွက်ပေါက်တွေပိတ်ဆို့ ခြင်းခံရသည်။

ငွေရည်ပုလဲသတ္တုတွင်းထွက် ကျောက်မီးသွေးများကိုနောင်ချ ိုမန္တလေး နှင့် အခြားမြို့များတွင်ရှိသည့် ၎င်းတို့ပိုင် သကြားစက်ရုံ 2 ရုံနှင့် ဘိလပ်မြေစက်ရုံများဆီသို့ တင်ပို့သည်။ ငွေရည်ပုလဲက တည်ထောင်သည့် အရောင်းဘိလပ်မြေစက်ရုံ နှင့် ဆင်းရွှေလီ သကြားစက်ရုံတို့မှာ မန္တလေးအခြေစိုက် ဝင်းဘရားသားအုပ်စုဝင် ကုမ္ပဏီများ ဖြစ်သည်။သတ္တုတွင်းများအားလုံးသည် စစ်ရေးပဋိပက္ခဖြစ်သည့် ဒေသတွင်းမှာသာရှိပြီးကျေးလက်ပြည်သူများလည်း အစိုးရတပ် နှင့် ဒေသတွင်းရှိ ပြည်သူ့စစ်များက ပြန်လည်တုံ့ ပြန်နှိပ်စက်မှုပြုလုပ်မည်ကို စိုးရိမ်ရသောကြောင့် မဆန့်ကျင်ရဲကြပါ။ 2016 ခုနှစ်ထဲတွင် သီပေါမြို့နယ် နမ္မ(နမ့်မ)သတ္တုတွင်း လုံခြုံရေးအတွက်ရှင်းလင်းစဉ် အစိုးရတပ်မတော်မှ မြေပြင်ဝေဟင် တိုက်ခိုက်ရေး စစ်ဆင်နွှဲခဲ့သည်မှာ ရွာသားများ နှိပ်စက်ခံ အသတ်ခံရသည်။

ဤသတ္တုတွင်း လုပ်ငန်းများကြောင့် ရွာသူရွာသားများ တွေ့ ကြုံခံစားရသည့် ဖြစ်ရပ်မှာလက်ရှိမြန်မာနိုင်ငံ 2008 အခြေခံဥပဒေ၏ အကြိုးဆက်ရလဒ်အဖြစ် ထင်ဟပ်နေစေသည်။ သဘာဝသယံဇာတ များအားလုံးသည် ဗဟိုအစိုးရ ချုပ်ကိုင်မှု/ထိမ်းချုပ်မှုအောက်တွင် ထားရှိပြီး နိုင်ငံတော်ကသာလျင် ပိုင်ဆိုင်စီမံခွဲခြားခွင့်ရှိသည်။ ထို့ကြောင့်လည်းပဲ ကျောက်မီးသွေးသတ္တုတွင်း လုပ်ငန်းများကို ဒေသခံများ၏ သဘောထား ဆန္ဒရယူမှုမလိုပဲ လုပ်ငန်းရှင်များကိုပါမစ်ပေးနိုင်သည်။ နိုင်ငံတော် အစိုးရ၊တပ်မတော် နှင့် လုပ်ငန်းရှင် ခရိုနီများက သတ္တုတွင်းမှ အကျိုးအမြတ် ရရှိခံစားသလောက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သည့်အိုးအိမ်များစွန့်ခွါရပြီး၊ ဆင်းရဲတွင်းပိုနက်ကာ ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရသည်။

တိုင်းရင်းသားဒေသတွင် သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းမှ ကြီးပွါးချမ်းသာလာသည့်ခရိုနီများ၏ တရားမျှတမှုမရှိသော ခေါင်းပုံဖြတ်မှုသည် ပြည်တွင်းစစ် ဆယ်စုနှစ်ပေါင်းများစွာအဓွန့်ရှည်ရခြင်း၏ အကြာင်းရင်း တရပ်ပင်ဖြစ်သည်။ သို့သော်လည်းပဲ နေပြည်တော် အစိုးရအနေဖြင့် ဤအနိဋ္ဌာရုံ မြင်ကွင်းကို လျစ်လျူရှုကာ ကြီးမားသော သတ္တုတွင်းလုပ်ငန်းများအတွက် ပါမစ်များ ချပေးနေဆဲ ဖြစ်သည်။

ကျွန်ုပ်တို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အနေဖြင့် အလျင်အမြန် တောင်းဆိုလိုသည်မှာရှမ်းပြည်နယ်တွင် အစိုးရစစ်တပ်ဘက်မှ တိုက်ခိုက်ရေး စစ်ဆင်နွှဲနေသမျှ နိုင်ငံ့တဝှမ်းသတ္တုတွင်းလုပ်ငန်းများ အားလုံးလည်း ရပ်ဆိုင်းပေးရန်ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ပေးစွမ်းနိုင်ပြီးဒေသခံပြည်သူများ အသက်အိုးအိမ် မြေယာ နှင့် မြစ်ချောင်းများအားလည်း အကာအကွယ်ပေးနိုင်သည့် ဖက်ဒရယ် အခြေခံဥပဒေအသစ် ပေါ်ပေါက်လာသည့်တိုင် ဖြစ်သည်။

PDF Files:

Shan

Burmese

English

ထုတ်ပြန်ချက်