သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၃၅ ဦး သေဆုံးပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိ၊ တရုတ်ပိုက်လိုင်းများကိုလည်း ခြိမ်းခြောက်လျက်ရှိ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် သြဂုတ်လ ၇ ရက်

သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၃၅ ဦး သေဆုံးပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိ၊ တရုတ်ပိုက်လိုင်းများကိုလည်း ခြိမ်းခြောက်လျက်ရှိ

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့မှ ဩဂုတ်လ ၄ရက်အတွင်း ၂၀၂၄ခုနှစ်မှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) နှင့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)  ထိန်းချုပ်ရာဒေသများ ဖြစ်သည့် သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၃၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးဒဏ်ရာရရှိကာ အဆောက် အဦး ၆၀လုံး ကျော် ထိခိုက်ပျက်စီးခဲ့သည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီသည် လေကြောင်း တိုက် ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို တရုတ်၏ ရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်းများနှင့် အလွန်နီးကပ်စွာ ပြုလုပ်လျက်ရှိသဖြင့် ပိုက်လိုင်း ပေါက်ကွဲမှုများဖြစ်ပေါ်လာ မည့်အရေး စိုးရိမ်မှုများ တဖန်မြင့်တက် လာ လျက်ရှိသည်။ ထိုမြို့နယ်နှစ်ခုလုံးရှိ ပိုက်လိုင်းထိန်းချုပ်စက်ရုံများအနီးတွင် ဗုံးများကျရောက်ပေါက်ကွဲလျက်ရှိရာ ပိုက်လိုင်းအစိတ်အပိုင်းများ မြေပေါ် သို့ ထွက်ပေါ်လာလျက်ရှိသဖြင့် လောင်စာများကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။

ကျောက်မဲမြို့ရှိစစ်ကောင်စိ၏လေကြောင်းတိုက်ခိုက်မှု

ကျောက်မဲမြို့ရှိ ပိုက်လိုင်းများအနီး တိုက်ခိုက်မှုများကို ဂုတ်ထိပ်တံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ် သားများက ပြုလုပ်လျက်ရှိပြီး ပိုက်လိုင်းများတစ်လျှောက်နှင့် ပိုက်လိုင်းထိန်းချုပ်စက်ရုံများပေါ်သို့ လက်နက် ကြီးများနှင့် ဒရုန်း တိုက်ခိုင်မှုများ တိုက်ရိုက်ပြုလုပ်လျက်ရှိသည်။ ဇူလိုင်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပန်ပေါင်း၊ ပင်တိန်နှင့်နောင်ပိန် ကျေးရွာများတွင် လက်နက်ကြီးကျည် ၁၇လုံးကျော်နှင့် ဒရုန်းဗုံး ၃လုံး ကျ ရောက် ပေါက်ကွဲသဖြင့် ကိုရင် ၁ ပါး အပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ အခြားကိုရင်ငယ် ၅ဦး ဒဏ်ရာရရှိပြီး စစ်ဘေး ရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်း ၁ကျောင်းအပါအဝင် ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၁၉ ရက်နေ့နှင့် ဩဂုတ်လ ၃ရက်နေ့အတွင်း သီပေါမြို့တွင် စစ်ကောင်စီက လေကြောင်းမှ ဖျက်အား ပြင်းသည့် ပေါင်၅၀၀ဗုံးနှင့် ပေါင် ၂၅၀ဗုံးများ ကြဲချခဲ့ရာ မြို့၏ မြောက်ဖက်စွန်း ပိုက်လိုင်းများအနီး ကျရောက် ပေါက်ကွဲခဲ့သည်။ ဗုံးတစ်လုံးသည်ရွာသစ် ကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ပိုက်လိုင်းများသည် ထိုရွာ၏ အရှေ့ဘက်စွန်း မီတာ ၁၀၀ အကွာတွင်သာ တည်ရှိသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အချက်အလက်

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ကျောက်မဲမြို့နယ်မြောက်ပိုင်းရှိ မိုင်းငေါ့ကျေးရွာကို စစ်ကောင်စီသည် ဂျက်ဖိုက် တာလေယာဉ်ဖြင့် ဗုံးတစ်လုံး ကြဲချခဲ့သဖြင့် မြို့အနီးရှိ အဓိကအသုံးပြုလျက်ရှိသော တံတားပျက် စီးခဲ့ သည်။

ဇူလိုင်လ ၁၉ရက်နေ့ နေ့လည် ၁၁း ၄၉ နာရီတွင် စစ်ကောင်စီသည် သီပေါမြို့ပေါ်သို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး ၃လုံး ကြဲချခဲ့သည်။ ဗုံးတစ်လုံးသည် ဇာတ်စုရပ်ကွက်ရှိ သီပေါထောင်ပေါ်သို့လည်းကောင်း၊ နောက်ဗုံးတစ်လုံးသည် ဇာတ်စု ပန်းခြံပေါ်သို့လည်းကောင်း၊ အခြားဗုံးတစ်လုံးသည် ပန်းတိမ်တောင်ရပ်ကွက်ရှိ အမှတ် (၁) မူလတန်း ကျောင်း ပေါ်သို့ လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၃လုံး ထိခိုက်ပျက်စီး ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃နာရီ၌ ဂုတ်ထိပ်တံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် နောင်ချို မြို့နယ်ရှိ နောင်ပစ်ကျေးရွာအတွင်းသို့ ဂုတ်ထိပ်တံတားမှနေ၍ လက်နက်ကြီးကျည် ၇လုံးနှင့် ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂ ဦး (အသက် ၃၅ နှစ်အရွယ်မိခင်ဖြစ်သော မခိုင်နှင့် သူ၏သမီး အသက် ၉ နှစ် အရွယ် နန်းရွှေစင်လင်း) သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီသည် သီပေါမြို့မြောက်ဖက်စွန်းရှိ တုံစင့်ကျေးရွာကို ဂျက်ဖိုက် တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့ နေ့လည်တွင် စစ်ကောင်စီသည် သီပေါမြို့ရှိ ၎င်းတို့၏ခြေလျင်တပ် နေရာဟောင်းကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင်၂၅၀ ဗုံးတစ်လုံးကြဲချခဲ့ရာ တပ်အတွင်းရှိ အစည်းအဝေးခန်း ၁ခန်း ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ဂုတ်ထိပ်တံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ကျောက်မဲမြို့နယ်ရှိ ပန်ပေါင်းကျေးရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ဒရုန်းဗုံး ၃လုံးကြောင့် အရပ်သား အမျိုးသား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့ မွန်းတည့်ချိန်မှ ညနေ ၃ နာရီအတွင်း စစ်ကောင်စီတပ်သားများသည် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားမှ နေ၍ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၈လုံးဖြင့် ပစ် ခတ်ခဲ့ သည်။ လက်နက်ကြီး၃လုံးသည် ရပ်ကွက် (၃) ပေါ်သို့ ကျရောက်ခဲ့သဖြင့် ကျောက်မဲဈေးတွင် အသားရောင်း နေ သည့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်။ ကျည်၁လုံးသည် ရပ်ကွက်(၁) ပေါ်သို့လည်းကောင်း၊ ကျည် ၃ လုံး သည် ရပ်ကွက်(၂)ပေါ်သို့လည်းကောင်း၊ အခြားကျည်၁လုံးသည် ရပ်ကွက် (၄) ရှိ မီးရထားလမ်းပေါ်သို့ လည်း ကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီသည် မိုးကုတ်မြို့၊ ကျပ်ပြင် ရပ်ကွက်ရှိ ရွှေလိပ်ပြာဟိုတယ်ကို ဂျက်ဖိုက် တာ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁ ဦးသေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအတွင်း စစ်ကောင်စီသည် မိုးကုတ်မြို့အရှေ့ပိုင်းရှိ QR ဟိုတယ်နှင့် မင်း တံတားရပ်ကွက်တို့ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃လုံး နှင့်် ပေါင် ၂၅၀ ဗုံး၂လုံး ကြဲချခဲ့ရာ အရပ်သား ၄ ဦးသေဆုံးပြီး အခြား ၉ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၈လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကောင်စီသည် ကျောက်မဲမြို့နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့၊ ကန်နီ ရပ် ကွက်ပေါ်သို့ ပေါင်၂၅၀ ဗုံး တစ်လုံးကြဲချခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့သည်။ ညနေ ၅း ၃၀ နာရီတွင် စစ်ကောင်စီသည် ကျောက်မဲမြို့ ပလောင်ကုန်းပေါ်သို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင်၂၅၀ ဗုံး တစ်လုံး ကြဲချခဲ့ရာ အရပ်သား ၁ ဦးသေဆုံးပြီး အခြား ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁ နာရီတွင် စစ်ကောင်စီသည် ကွတ်ခိုင်မြို့ ရပ်ကွက်၂ ပေါ်သို့ လေယာဉ်ဖြင့် ပေါင်၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ နေအိမ် ၂ လုံးနှင့်ရာစုသစ်ဟိုတယ် ပျက်စီးခဲ့ပြီး အရပ်သား ၇ ဦး (ကလေး ၁ ဦး၊ အမျိုးသား ၄ ဦး နှင့် အမျိုး သမီး ၂ ဦး) သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီတွင် စစ်ကောင်စီတပ်သားများသည် နောင်ချိုမြို့နယ်၊ နောင်ပိန် ကျေးရွာ အတွင်းသို့ ဂုတ်ထိပ်တံတားမှနေ၍ လက်နက်ကြီးကျည် ၉ လုံးဖြင့် ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျည်များသည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ်သို့ ကျရောက်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးကာ ကိုရင်တစ်ပါးသေဆုံးပြီး အခြားကိုရင် ၅ ပါး ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၃၀ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ ဟိုခိုကျေးရွာ၌ စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် ဟိုခိုကျေးရွာပေါ်သို့ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံး၂ လုံး၊ လက်နက်ကြီးကျည် ၁၀ လုံးနှင့် ဒရုန်း ဗုံး ၂ လုံး ကြဲချခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး နေအိမ်၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်သားများသည် ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကျည်များသည် ပင်တိန် ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး ကံကောင်းစွာဖြင့် ထိခိုက်မှုများ မရှိခဲ့ပေ။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် စစ်ကောင်စီသည် နောင်ချိုမြို့နယ်ရှိ တိုးပင်ကျေးရွာကို ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင်၂၅၀ဗုံး ၂လုံး ကြဲချခဲ့ရာ အသက်၃၂နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက်၄၂နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၆၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် ၈လုံးနှင့် ကား၁စီး ပျက်စီးခဲ့သည်။

ဩဂုတ်လ ၂ရက်နေ့ နံနက် ၈း၃၀ နာရီတွင် စစ်ကောင်စီသည် မိုးကုတ်မြို့ အောင်သုခရပ်ကွက်နှင့် ဂေါင်း ဦးဘာရပ်ကွက်ပေါ်သို့ ပေါင် ၅၀၀ဗုံး ၂လုံး ကြဲချခဲ့ရာ ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သား၁၂ဦး သေဆုံးပြီး အခြားအရပ်သား ၁၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀လုံး၊ ကား၃စီးနှင့် ဆိုင်ကယ်၃ဦး ပျက်စီးခဲ့သည်။

ဩဂုတ်လ ၃ရက်နေ့ ညနေ ၃နာရီတွင် စစ်ကောင်သည် သီပေါမြို့မြောက်ဖက်စွန်းကို လေယာဉ်ဖြင့် ဗုံး၄လုံး ကြဲ ချခဲ့သည်။ ဗုံး၃လုံးသည် တုံစင့်ကျေးရွာအနီးရှိ စစ်ကောင်စီခြေလျင်တပ် ၂၃ တပ်ဟောင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ပြီး ကျန်တစ်လုံးသည် ရွာသစ်ကျေးရွာပေါ်သို့ ကျရောက်ခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဩဂုတ်လ ၄ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် စစ်ကောင်စီသည် မီးရထားလမ်းအနီးရှိ ကျောက်မဲမြို့၊ ရပ်ကွက်(၆) ကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာ အရပ်သား ၃ ဦးသေဆုံးပြီး ကိုယ်ပိုင်ကျောင်းတစ်ကျောင်း၊ ဆေးခန်းတစ်ခုနှင့် နေအိမ် ၁၀ လုံး ပျက်စီးခဲ့သည်။

လက်ရှိတွင် နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့မှ အသစ်ရောက်ရှိလာသော စစ်ဘေးရှောင် ၁၀၀၀၀ ကျော် သည် အနီးနားရှိ နေရာများတွင် ခိုလှုံနေကြရပြီး အခက်အခဲကြီးမားစွာ ရင်ဆိုင်နေရသည်။

 

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်               +1 825 425 4099      Signal (မြန်မာ)

Download PDF files:Shan Burmese English

ထုတ်ပြန်ချက်