တာချီလိတ်မြို့တွင် စစ်ကောင်စီတရားရုံးမှ ၀လူငယ်တစ်ဦးအား ဗုံးကွဲမှုနှင့် ပတ်သက် သည် ဟု အဓမ္မ၀န်ခံစေပြီး မတရားသေဒဏ်ချမှတ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက် 

တာချီလိတ်မြို့တွင် စစ်ကောင်စီတရားရုံးမှ ၀လူငယ်တစ်ဦးအား ဗုံးကွဲမှုနှင့် ပတ်သက် သည် ဟု အဓမ္မ၀န်ခံစေပြီး မတရားသေဒဏ်ချမှတ်

ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့တွင် ၂၀၂၂ ဖေဖော်၀ါရီ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော  စစ်ကောင်စီထောက်ခံပွဲတွင် ဗုံးခွဲခဲ့သည်ဟုဆိုကာ ၀လူငယ်တစ်ဦးသည် နှိပ်စက်ညဥ်းပန်းခံရကာ အဓမ္မ၀န်ခံခဲ့ရပြီးနောက် စစ်ကောင်စီလက်အောက်ခံတရားရုံးမှ မသေမချင်းကြိုးပေးသတ်ဖြတ်ရန်အမိန့်ချမှတ်ခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ရက်တွင် အဖမ်းခံခဲ့ရသော အသက် ၂၄ နှစ်အရွယ်ရှိအိုက်ဆိုင်မိန်းသည် လေးလကြာဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ဇွန်လ ၁ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ နှင့် ရာဇ၀တ်မှုကျင့်ထုံးဥပဒေပုဒ်မ ၃၆၁ (၁) အရထိုကဲ့သို့အမိန့်ချခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုတစ်နှစ်ပြည့်သည့်  ၂၀၂၂ ခုနစ် ဖေဖော်၀ါရီ ၁ ရက်တွင် တာချီလိတ်မြို့ ရှမ်းရိုးမအားကစား ကွင်း၌  စစ်ကောင်စီထောက်ခံပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါထောက်ခံပွဲကို တက်ရောက်သူအများစုမှာ စစ်ကောင်စီတပ်သားများ၏မိသားစု၀င်များ၊ စစ်ကောင်စီလိုလားသူအချို့နှင့် မိုင်းဆတ်မြို့ရှိ ကျေးရွာများမှလားဟူပြည်သူ့စစ်မှ အဓမ္မ မလာမနေရခေါ်ထားသော ပြည်သူများတက်ရောက်ခဲ့ကြသည်။

စစ်ကောင်စီထောက်ခံသူများသည် လမ်းမကြီးအတိုင်း စစ်ကောင်စီထောက်ခံသည့်စာသားပါဆိုင်းဘုတ်များ အလံများ ကိုင်ဆောင်ကာချီတက်ခဲ့ကြပြီး ဆန်ဆိုင်းရပ်အထက် တန်းကျောင်းရှေ့အရောက် နေ့လည် ၁၂ နာရီ၀န်းကျင်တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ လူများသည် ပရမ်းပတာ ပြန့်ကျဲထွက်ပြေးခဲ့ကြပြီး ဆန္ဒပြပွဲလုံခြုံရေးအတွက် လိုက်ပါလာသော စစ်ကောင်စီတပ်သားများနှင့်ပြည့်သူ့ စစ်တပ်သားများသည် လူအုပ်ထဲသို့ မဆင်ခြင်မခွဲခြားဘဲ ပစ်ခတ်ခဲ့သည်။ အဆိုပါဖြစ်စဥ်ကြောင့် လူလေးဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ မျက်မြင်တွေ့သူ ဒေသခံများ၏ပြောကြားချက်အရ သေဆုံးထိခိုက်သူအများစုမှာ လုံခြုံရေးတပ်ဖွဲ့၀င်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့်ဖြစ်သည်။

စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့၀င်များနှင့် စစ်ဖက်ဆိုင်ရာထောက်လှမ်းရေး (စရဖ) တပ်ဖွဲ့၀င်များသည် အနီးအနား တစ်၀ိုက်တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည်ဟုယူဆသော သံသယရှိသူများကို လိုက်လံဖမ်းဆီးခဲ့ပြီး ဖေဖော်၀ါရီလ ၂ ရက်နေ့တွင် အိုက်ဆိုင်မိန်းနှင့် သူ၏သူငယ်ချင်းကို ၄င်းတို့အလုပ်လုပ်ရာ ၀ိန်းကျောက်ရပ်ကွက်ရှိ ၄င်းတို့သူဌေးအိမ်တွင်ဖမ်းဆီးခဲ့သည်။ ၄င်းတို့ကို တာချီလိတ်မြို့ စရဖ ရုံးသို့ခေါ်ဆောင်သွားခဲ့သည်။

စစ်ကောင်စီထောက်လှမ်းရေးအဖွဲ့၀င်များက အိုက်ဆိုင်မိန်းသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် ဆိုင်ကယ်စီးပြီး ဖြတ်သန်းသွားသည်ကို CCTV မှတ်တမ်းတွင်တွေ့မြင်ကြောင်းပြောကာ ၄င်းကိုပြင်းထန်စွာရိုက်နှက်ခဲ့ပြီး အတင်း အကျပ်၀န်ခံစေရန်ဖိအားပေးခဲ့သည်။ ၄င်းနှင့်အတူ  ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတို့၏ ပြောကြားချက်အရ အိုက်ဆိုင်မိန်းကို သတိလစ်သည်အထိရိုက်နှက်ခဲ့ကျပြီး တစ်ပတ်ကျော်ကြာ ရိုက်နှက်ခံခဲ့ရိပြီးနောက် အပြစ်ရှိသည်ဟု ၀န်ခံခဲ့ရသည်။ ထို့နောက်တရားစွဲခံခဲ့ရပြီး ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင်တရားရုံးမှ အမိန့်ချကာ ကျိုင်းတုံထောင်သို့ပို့ဆောင်ခဲ့သည်။

အခြားလူငယ်တစ်ဦးဖြစ်သော ထက်အောင်လင်း (၂၁ နှစ်) သည်လည်းဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ကာ တာချီလိတ်ခရိုင်တရားရုံးမှထောင် ၇နှစ်အမိန့်ချခံခဲ့ရသည်။

အိုက်ဆိုင်မိန်းသည် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှဖြစ်ပြီး ၄င်းနှင့်နီးစပ်သူများက ၄င်းသည် သာမာန်ရွေ့ပြောင်းအလုပ်သမားတစ်ဦးသာဖြစ်ပြီး မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှမပတ်သက်ဟု ဆိုကြသည်။

သူသည်ဗမာဘာသာစကားကိုလည်း ကျွမ်းကျင်မှုမရှိချေ။ ၄င်း၏မိသားစုနှင့်သူငယ်ချင်းများက ၄င်းလွတ်မြောက် ရေး အတွက်အယူခံ၀င်ရန်ကြိုးစားလျက်ရှိသည်။ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော Progressive Wa Youth Network မှယခုဖြစ်စဥ်နှင့်ပတ်သက်၍ ဇွန်လ ၃ ရက်နေ့တွင် မတရားသေဒဏ်ပေးမှုကို  ပြင်းထန်စွာ ကန့်ကွက်ပြီး ၀ အဖွဲ့အစည်းများမှ ကူညီဖြေရှင်းရန် ထုတ်ပြန်ကြေညာခဲ့သည်။

SHRF အနေဖြင့်လည်းအိုက်ဆိုင်မိန်းအား သေဒဏ်စီရင်ချက်ကိုရုတ်သိမ်းရန်နှင့် ခြွင်းချက်မရှိချက်ခြင်းပြန်လွတ် ပေးရန် တောင်းဆိုလိုက်သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ်     +66: 88 680 4913                      (ရှမ်း၊ မြန်မာ)

ယိင်းလျန်းဟန်    +66 62 569 5220                       (ရှမ်း၊ မြန်မာ)

PDF file: Shan Burmese English

 

 

 

 

ထုတ်ပြန်ချက်