ငရဲတွင်း၌ပိတ်မိခြင်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်ရာဇဝတ်ဂိုဏ်းတို့၏ လူကုန်ကူးမှု၊ ကျွန်ပြုမှု နှင့် ညှဉ်းပန်းနှိပ်စက်မှုများ
Download report: English Chinese Thai Burmese Shan
အနှစ်ချုပ်
ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် နှင့် “ဝ” ဒေသရှိ အွန်လိုင်းတွင် ငွေလိမ်ခြင်းလုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်ရာဇဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည့် အမျိုးသမီးငယ်သုံးဦး နှင့် အမျိုးသားငယ်နှစ်ဦးတို့အား တွေ့ဆုံမေးမြန်းထားမှုများအပေါ် အခြေခံထားသည်။
ဤအဖြစ်အပျက်များသည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်း ဖြစ်ပွားခဲ့သည်။ အင်တာဗျူးတွေ့ဆုံဖြေကြားသူများအနက် လေးဦးမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ဆက်တွဲအနေဖြင့် ပညာရေးလမ်းကြောင်းနှင့်အလုပ်အကိုင်ဆုံးရှုံးမှုအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ သုံးဦးမှာ ကျောင်းသားများဖြစ်ပြီး တစ်ဦးမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော သူနာပြုဖြစ်သည်။ ၎င်းတို့သည် အလုပ်အကိုင်ရှာဖွေရန် ကြိုးပမ်းခဲ့ရာမှ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသဖြစ်သော ပန်ဆန်းမြို့နှင့် မိုင်းပေါက်မြို့တွင် ဤကဲ့သို့ လူကုန်ကူးခံရပြီး ကျွန်ပြုခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုဒေသများတွင် အွန်လိုင်းမှ ငွေလိမ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေခံခဲ့ရပြီး တရုတ်လူမိုက်ဂိုဏ်းသားများအား လိင်ဖျော်ဖြေခြင်းများလုပ်ကိုင်ခဲ့ရသည့်အပြင် အင်တာနက်လိင်ဖျော်ဖြေရေး၊ဗီဒီယိုရိုက်ကူးရေးများအထိ ပါဝင်လုပ်ကိုင်ခဲ့ကြရသည်။ ဤကဲ့သို့ပြုလုပ်ရန် ငြင်းဆိုပါက ရိုက်နှက်ညှဉ်းပန်း ခြင်းခံရပြီး အမျိုးသမီးများဆိုလျှင် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ခံကြရသည်။
အင်တာဗျူးတွေ့ဆုံဖြေကြားသူများအနက် လူကုန်ကူးခြင်းမခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦးမှာ မိမိဆန္ဒအလျောက် ကိုးကန့်မြို့တော် လောက်ကိုင်မြို့ရှိ အွန်လိုင်းကာစီနိုရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ သည်။ သူမ၏ပြန်လည်ပြောပြချက်အရ – သူမနှင့်အတူအလုပ်လုပ်နေခဲ့သော ညီမဖြစ်သူသည် ငွေအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံရကာ ပိုက်ဆံများကိုပေးလျော်ခိုင်းခံရပြီး မပေးလျော်နိုင်သည့်အခါ တရုတ်အလုပ်ရှင်နှင့်အပေါင်းအပါတို့၏ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းခံခဲ့ရပြီးနောက် အထပ်မြင့်တိုက်ပေါ်မှခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။
လူကုန်ကူးခံရသူအချို့မှာ ပြန်လည်လွတ်မြောက်ရန်အတွက် တရုတ်ယွမ်ငွေ ၃၀,၀၀၀ ပေးအပ်စေခဲ့သည်။ လူကုန်ကူးခံရသူများအနက် တစ်ဦးမှာ သူ၏မိသားစုမှ ငွေကိုပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ နှစ်ဦးမှာ ၎င်းတို့မိသားစုက “ဝ”အာဏာပိုင်များနှင့်ဆက်သွယ်ဖြေရှင်းခဲ့သဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ တစ်ဦးမှာ နေရာပြောင်းချိန်၌ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုဖြစ်စဉ် မည်သည့်တစ်ခုအတွက်မှ ယနေ့ထိ တရားမျှတမှု မရရှိသေးပေ။
ဤဖြစ်ရပ်များသည် တရုတ်ရာဇဝတ်ဂိုဏ်းသားများနှင့် ဒေသအာဏာပိုင်များ၏ ပူးပေါင်းကြံစည် လုပ်ကိုင်နေမှုများရှိကြောင်း ရှင်းလင်းသော သက်သေအထောက်အထားများဖြစ်သည်။ ဖြစ်ရပ်နှစ်ခုတွင် လူကုန်ကူးခံရသူ၏ မိသားစုဝင်များက လားရှိုးမြို့ရှိ UWSA ဆက်ဆံရေးရုံးကို အကူအညီ တောင်းခံသောအခါ ဝင်ရောက်ဖမ်းဆီးမှုများမပြုခင် ရာဇဝတ်ဂိုဏ်းသားများအား သတင်းပေးပို့ခဲ့ပြီး လူကုန်ကူးခံရသူများကို အခြားနေရာသို့ ပြောင်းရွှေ့ထားစေခဲ့သည်။ လောက်ကိုင်မြို့ရှိ အွန်လိုင်းတွင် ငွေကြေးလိမ်လည်ခြင်းလုပ်ငန်းများလုပ်ကိုင်သည့်ရုံကို ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသော ကိုးကန့်စစ်တပ်မှ စစ်သားများက လုံခြုံရေးယူပေးထားသည်။
မိုင်းပေါက်မြို့တွင် အွန်လိုင်းမှငွေလိမ်ခြင်းအလုပ်ကို လုပ်ကိုင်ရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသူ၏ ပြောပြချက်မှာ သူတို့သည် “ဝ”ဒေသရှိတစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေးကွန်ယက်ဖြစ်သည့် မြန်မာစစ်တပ်ပိုင် Mytel ကွန်ယက်ကို အသုံးပြုနေကြသည်။ ဤသည်မှာ စစ်ကောင်စီအနေနှင့် စောင့်ကြပ်ထိန်းသိမ်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်သည်ဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ယက်ကို အမှီပြု၍ ဒုစရိုက်မှုများပြုနေသည်ကိုတော့ မဖြေရှင်းနိုင်ပေ။
မိမိတို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) အနေဖြင့် ကိုးကန့်နှင့် “ဝ”အာဏာပိုင်များအား ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ရာဇဝတ်ဂိုဏ်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုခြင်း၊ အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန် တိုက်တွန်းသည်။ ထို့အပြင် တရုတ်အစိုးရကိုလည်း ၎င်းတို့၏နိုင်ငံသားများ ဤကဲ့သို့ ဒုစရိုက်မှုများပြုလုပ်နေသည်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းသည်။
SHRF အနေဖြင့် ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီကိုလည်း ၎င်းတို့၏ ဖက်စပ်စီးပွားဖက်ဖြစ်သော Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ကွန်ယက်ကိုအသုံးပြု၍ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ဒုစရိုက်မှုများ ကျူးလွန်နေမှုအပေါ် စုံစမ်းစစ်ဆေးရန်လည်း တိုက်တွန်းသည်။
လူကုန်ကူးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်ခံနေရသောဒေသများ
UWSA ထိန်းချုပ်ရာဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း
ဤအစီရင်ခံစာတွင်ပါဝင်သော လူကုန်ကူးခံရသူလေးဦးသည် ရှမ်းပြည်မြောက်ပိုင်းရှိ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသဖြစ်သော ပန်ဆန်းမြို့နှင့် မိုင်းပေါက်မြို့များတွင် ဒုစရိုက်အလုပ်များကို လုပ်ကိုင်နေသော တရုတ်ရာဇဝတ်ဂိုဏ်းများ၏ လက်တွင် လူကုန်ကူးခံရခြင်းဖြစ်သည်။ UWSA သည် ၁၉၈၉ခုနှစ်မှစ၍ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၎င်းတို့ကိုယ်ပိုင် ရဲအင်အားနှင့် တရားစီရင်ရေးကို ဆောင်ရွက်နေသော ကိုယ်ပိုင်အုပ်ချုပ်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ပန်ဆန်း(ပန်ခမ်း)မြို့သည် UWSA ထိန်းချုပ်ရာဒေသ၏ မြို့တော်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီထံမှ အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၉၀ အလွန်ခုနှစ်များ တွင် စစ်အစိုးရ၏ခွင့်ပြုချက်နှင့် UWSA သည် စီးပွားရေးလုပ်ငန်းများကို တွင်ကျယ်စွာပြုလုပ်လာပြီး မြို့သည် အရှိန်အဟုန်နှင့် တိုးတက်လာသည်။ ၎င်းစီးပွားရေးလုပ်ငန်းများတွင် ကာစီနိုရုံ တည်ဆောက်မှုများပါဝင်ပြီး ယခင်ကတရုတ်လောင်းကစားသမားများ ကျင်လည်ရာမှ ယခုနှစ်ပိုင်းများတွင် အွန်လိုင်းလုပ်ငန်းများ
များစွာ တိုးပွားလာသည်။
မိုင်းပေါက်မြို့သည် ပန်ဆန်းမြို့၏ အရှေ့တောင်ဖက် ၂၅ကီလိုမီတာအကွာခန့်တွင် တည်ရှိပြီး လားဟူနှင့် ရှမ်းလူမျိုးများအဓိကနေထိုင်သော စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှုလုပ်ငန်းကို လုပ်ကိုင်သည့် မြို့ငယ်လေးဖြစ်ခဲ့သည်။ ၂၀၁၅ခုနှစ်မှစ၍ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ UWSA ပိုင် Jin Hua ကုမ္ပဏီက မိုင်းပေါက်မြို့အား အထပ်မြင့်အဆောက်အဦးများနှင့် ခေတ်မှီမြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲခဲ့သည်။
UWSA ပိုင် Wa Channel တွင် ဖော်ပြထားသော ဝါဒဖြန့်ချီဗီဒီယိုတစ်ပုဒ်တွင် မိုင်းပေါက်မြို့၏ စီးပွားရေးတိုးတက်ရာဒေသများကို မြေလွတ်မြေရိုင်းများတွင်တည်ဆောက်ထားသည်ဟုဆိုသော်လည်း အမှန်မှာဒေသခံများထံမှ လယ်ယာများနှင့် အိမ်များကိုသိမ်း၍ မြို့သစ်ကိုတည်ထားခြင်း ဖြစ်သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
တရုတ်အလုပ်ရှင်နှင့် အပေါင်းအပါတို့၏ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီး မိမိကိုယ်ကို အဆုံးစီရင် ခဲ့သူ အမျိုးသမီးငယ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သော လောက်ကိုင်မြို့ရှိ အွန်လိုင်းကာစီနိုရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။
လောက်ကိုင်မြို့သည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် မြန်မာစစ်တပ်တို့ ၁၉၈၉ခုနှစ် အပစ်အခတ်ရပ်စဲပြီးနောက် ကာစီနိုရုံများနှင့် စည်ကားလျက်ရှိသော မြို့ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် MNDAA မှခွဲထွက်လာသောအဖွဲ့တစ်ဖွဲ့သည် ဗမာစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် တပ်ကိုပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယနေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီနှင့် ကိုးကန့်နယ်ခြားစောင့်တပ်များက ပူးတွဲအုပ်ချုပ်လျက်ရှိသည်။
လူကုန်ကူးခံရခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ :၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော ပညာရေးလမ်းကြောင်းဆုံးရှုံးမှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများ
ဤအစီရင်ခံစာတွင်ပါရှိသော လူကုန်ကူးခံရသူများသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပညာရေးလမ်းကြောင်းနှင့်အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသော လူငယ်များဖြစ်သည်။
၎င်းတို့အနက် သုံးဦးမှာ အာဏာသိမ်းသည့်အချိန်တွင် ကျောင်းသားများဖြစ်သည်။ ဂျာပန် (ဤအစီရင်ခံစာတွင်အမည်လွှဲများကိုအသုံးပြုထားသည်) သည် အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင့်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဇွန်လတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းပြန်လည် တက်ရောက်ရန် ငြင်းဆန်ခဲ့သူဖြစ်သည်။ မိသားစုဝင်တို့၏ ကျောင်းပြန်လည်တက်ရောက်ရန်ဖိအားပေးမှုများကြောင့် အလုပ်ရှာဖွေရန် ကြိုးပမ်းခဲ့ပြီး “ဝ”ဒေသရှိ အွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတွင် လူကုန်ကူးခံခဲ့ရသည်။
စိုင်းအေး နှင့် ဇော်ဇော်သည် အာဏာသိမ်းချိန်တွင် တက္ကသိုလ်ကျောင်းသားများဖြစ်သည်။ ၎င်းတို့သည် အာဏာသိမ်းစစ်အစိုးရလက်အောက်တွင် ပညာမသင်ယူလိုသော စိတ်ဆန္ဒဖြင့် လားရှိုးမြို့ရှိ မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ကြသည်။ သို့ရာတွင် လုပ်ခလစာနည်းပါးမှုကြောင့် အခြားအလုပ် အကိုင်ရှာဖွေရန် “ဝ” ဒေသသို့ ရောက်ရှိလာကြသည်။ ထို့နောက် အွန်လိုင်းငွေလိမ်သည့်အလုပ်ကို လုပ်ကိုင်ရန်အတွက် လိမ်လည်ခေါ်ဆောင်ခြင်းခံခဲ့ရသည်။
နွယ်နွယ်သည် ရန်ကုန်မြို့ရှိ အစိုးရဆေးရုံတစ်ခုတွင် သူနာပြုအဖြစ် လုပ်ကိုင်ခဲ့သည်။ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို လမ်းမများပေါ်၌ ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ဆန္ဒပြပွဲများ အကြမ်းဖက် ဖြိုခွင်းခံရသည့်အချိန်တွင် သူမ၏ဆွေမျိုးများရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သို့ရာတွင် အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုအန္တရာယ်များကြောင့် တောတွင်းရှိ တော်လှန်ရေးတပ်များထံသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရသည်။ သူမ၏ မူလအလုပ်အကိုင်သို့ မပြန်နိုင်တော့သည့်အခါ “ဝ”ဒေသတွင် သူနာပြုအလုပ်အကိုင်ရှာဖွေရန် ကြိုးပမ်းခဲ့ရာမှ လိင်ကျွန်အဖြစ် လူကုန်ကူးခံခဲ့ရသည်။
လူကုန်ကူးသည့် နည်းလမ်းများ
လူကုန်ကူးခံရသည့် လူငယ်သုံးဦးသည် အွန်လိုင်းပေါ်တင်ထားသော အလုပ်အကိုင်ရှာဖွေရေး ကြော်ငြာပို့စ်များမှတဆင့် လူကုန်ကူးခံရခြင်းဖြစ်သည်။ ဂျာပန်သည် WeChat မှ တရုတ်စကား ပြောဆိုတတ်သောသူများ လောက်ကိုင်ရှိဟိုတယ်တွင် အလုပ်ခေါ်သည်ဆိုသော ကြော်ငြာမှတဆင့် လူကုန်ကူးခံရခြင်းဖြစ်သည်။ စိုင်းအေးနှင့် ဇော်ဇော်သည် Facebook ပေါ်မှ အခြေခံအင်္ဂလိပ်ဘာသာ စကားနှင့် ကွန်ပျူတာကျွမ်းကျင်သော အမျိုးသားများ ပန်ဆန်းမြို့ရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတွင် လစာကျပ်သိန်းနှစ်ဆယ် ရရှိမည့်အလုပ်အတွက် လူခေါ်နေသည်ဆိုသော ပို့စ်မှတဆင့် လူကုန်ကူးခံရခြင်း ဖြစ်သည်။
နွယ်နွယ်သည် လောက်ကိုင်တွင် အလုပ်လုပ်ကိုင်နေသော သူမ၏ အသိမိတ်ဆွေမှ တဆင့် ပန်ဆန်းမြို့တွင် သူနာပြုအလုပ်ကိုလုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် တရုတ်ယွမ် ၂၀၀၀ ရမည်ဟုဆိုကာ လူကုန်ကူးခံရခြင်းဖြစ်သည်။
လူကုန်ကူးရာနေရာဒေသများသို့သွားရောက်ရန်အသုံးပြုသောလမ်းကြောင်းများ
အွန်လိုင်းမှလူကုန်ကူးခံရသည့် လူငယ်သုံးဦးသည် ၎င်းတို့နှင့်ဆက်သွယ်သည့်အေးဂျန့်များရှိရာ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များသို့ ဦးစွာသွားရောက်ခဲ့ရသည်။ ထို့နောက် ကုန်းလမ်းကြောင်းမှတဆင့် အခြားသောလူကုန်ကူးသူထံသို့ လွှဲပြောင်းခြင်းခံခဲ့ရပြီး ၎င်းတို့လူကုန်ကူးခံရမည့် နေရာဖြစ်သော “ဝ”အာဏာပိုင်များ ထိန်းချုပ်ရာဒေသသို့ အသီးသီး တဆင့် ပြီးတဆင့် ပို့ဆောင်ခံခဲ့ရသည်။
ဂျာပန်သည် ကွတ်ခိုင်မြို့သို့သွားရန် ပြောကြားခြင်းခံခဲ့ရသည်။ ထို့နောက် အလုပ်အကိုင်ရှာဖွေနေသော သူနှင့်သူ၏သူငယ်ချင်းတို့ကို လားရှိုးမြို့မှ အားရှန်းဆိုသော လူက ကားဖြင့် လောက်ကိုင်မြို့သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာရှိ တည်းခိုခန်းတစ်ခုတွင် ရှမ်းပြည်မြောက်ပိုင်းမှရောက်လာသော အခြားအမျိုးသမီးသုံးဦးတို့နှင့်အတူ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရပြီး ထိုနေရာတွင် သုံးပတ်နေထိုင်ခဲ့ရသည်။ ထို့နောက် သူတို့သည် “ဝ”ဒေသ ပန်ဆန်းမြို့တွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားသည်ဟု ပြောဆိုခြင်းခံရပြီး အားရှန်းက သူနှင့်အခြား အမျိုးသမီးနှစ်ဦးကို ကားတစ်စီးဖြင့် ပန်ဆန်းမြို့သို့ခေါ်ဆောင်သွားကာ ထိုတွင်ခေတ္တနေထိုင်၍ မိုင်းပေါက်မြို့ သို့ခေါ်ဆောင်သွားသည်။ ထိုနေရာရှိတိုက်ခန်းတစ်ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကွာရန်တင်း နှစ်ပတ်ဝင်ရပြီးနောက် အားရှန်းသည် ဂျာပန်အား အွန်လိုင်းလိင်ဖျော်ဖြေရေးအလုပ် လုပ်ကိုင်နေသည့် တရုတ်ဒုစရိုက်ဂိုဏ်းသားများ လက်ထဲသို့ လွှဲပေးခဲ့သည်။
စိုင်းအေးနှင့် ဇော်ဇော်သည် လားရှိုးမြို့သို့ ဦးစွာလာရောက်ရန် ပြောကြားခံခဲ့ရပြီး မနု ဟုခေါ်သော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုနေရာတွင် လေးရက်စောင့်ခဲ့ရပြီးနောက် မုံရွာ၊ မကွေးနှင့် သာယာဝတီမြို့ရှိ အခြားလူငယ်လေးဦးသည်လည်း သူတို့ထံသို့ ရောက်ရှိလာသည်။ ထို့နောက် သူတို့အားလုံးသည် Van ကားဖြင့် ရှမ်းပြည်တောင်ပိုင်းမှ တဆင့် ကျိုင်းတုံ၊ ထို့နောက် မြောက်ပိုင်းရှိ မိုင်းပေါက်မြို့သို့ သွားရောက်ခဲ့ရသည်။ ထိုနေရာသို့ရောက်သောအခါ သူတို့သည် ကိုဗစ်-၁၉ ရောဂါအတွက် ကွာရန်တင်း တစ်ပတ်ဝင် ခဲ့ရပြီး သူတို့အလုပ်လုပ်ရမည့်နေရာသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
နွယ်နွယ် သည် အွန်လိုင်း ကြော်ငြာများမှတဆင့် လူကုန်ကူးခံရခြင်းမဟုတ်ပဲ သူမ၏အသိက သူမအား ကျိုင်းတုံမြို့သို့ကိုယ်တိုင်လာရန် ခေါ်ခြင်းခံခဲ့ရသည်။ ထို့နောက် မြောက်ပိုင်းမှ “ဝ”ဒေသရှိ ပန်ဆန်းမြို့သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ တည်းခိုခန်းတစ်ခုသို့ သူမအား ခေါ်သွားပြီး မြန်မာနိုင်ငံသား တရုတ်လူမျိုးတစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီး သူမအား တရုတ်ကုမ္ပဏီတစ်ခုတွင် သူနာပြုအဖြစ်ခန့်ထားမည် ဖြစ်ပြီး လစာ ယွမ် ၂၅၀၀ (ဒေါ်လာ ၃၅၀ ဝန်းကျင်) ပေးမည်ဟုဆိုသဖြင့် သူမလည်း သဘောတူခဲ့ကာ အွန်လိုင်းမှလိမ်ညာသူများက လိင်ကျွန်အဖြစ် ဖမ်းဆီးလှောင်ပိတ်ထားမည်ကို အနည်းငယ်သာ သံသယရှိခဲ့သည်။ နောက်ပိုင်းတွင် သူမ၏အသိသည် သူမအား အမျိုးသားအေးဂျန့်တစ်ဦးထံ ယွမ် ၂၀၀၀ ဖြင့်ရောင်းစားလိုက်သည်ကို သိခဲ့ရပြီး ထိုအေးဂျန့်သည် သူမအား လူလိမ်များထံသို့ ယွမ် ၄၀၀၀ ဖြင့် ရောင်းစားခဲ့သည်။
ခေါင်းပုံဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းပုံစံများ
အွန်လိုင်းမှငွေလိမ်ခြင်းအလုပ်ကို အတင်းအကြပ်လုပ်ကိုင်စေခြင်း
မိုင်းပေါက်မြို့သို့ ရောက်သောအခါ တက္ကသိုလ်ကျောင်းသားများဖြစ်သော စိုင်းအေးနှင့် ဇော်ဇော် တို့သည် ဟွာလုံဟူသော တရုတ်ကုမ္ပဏီတစ်ခုနှင့် ခြောက်လစာချုပ် ချုပ်ဆိုခဲ့ရသည်။ သူတို့က ယင်းကုမ္ပဏီသည် အွန်လိုင်းဂိမ်းကုမ္ပဏီဟုသာ ထင်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူတို့လုပ်ကိုင်ရမည့် အလုပ်မှာ ကျားဖျန့် (Kya Hpyan/ တရုတ်ဘာသာအားဖြင့် လိမ်လည်ခြင်း) ဟူသော အွန်လိုင်းမှငွေလိမ်သည့်အလုပ်ဖြစ်နေသည်ကို သိရှိခဲ့ကြရသည်။
သူတို့လုပ်ရသည့်အလုပ်မှာ ဆွဲဆောင်မှုရှိသော အာရှအမျိုးသမီးများ၏ပုံများကို အသုံးပြုပြီး အနောက်နိုင်ငံများမှ လူများကိုဆက်သွယ်ကာ ကုမ္ပဏီကဖန်တီးထားသော Cryptocurrency ငွေကြေး လက်ခံသည့် website အတုများသို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆွဲဆောင်သိမ်းသွင်း ရခြင်းဖြစ်သည်။ ထိုသူများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီးသည်နှင့် ယင်း website များကို ဖျက်ပစ်ကြ သည်။ သူတို့သည် ထိုသို့ တစ်နေ့လျှင်သုံးဦးလိမ်လည်ရန် တာဝန်ပေးခြင်းခံရသည်။
အလုပ်ချိန်မှာ တရုတ်စံတော်ချိန် မနက် ၈နာရီမှ ညသန်းခေါင်အထိဖြစ်သည်။ သူတို့သည် အနီးကပ် စောင့်ကြပ်ညွှန်ကြားခြင်းခံရပြီး လိမ်လည်ရန်အတွက် သတ်မှတ်ပေးထားသော အရေအတွက် ပြည့်အောင် မလုပ်နိုင်ပါက လစာထဲမှ ငွေကြေးဖြတ်တောက်ခြင်းခံကြရသည်။
ထိုလူငယ်နှစ်ဦးသည် ငွေလိမ်သည့်အလုပ်ကိုမလုပ်ကိုင်လိုပေ။ သို့ရာတွင် သူတို့အနေဖြင့် အနည်းဆုံး တစ်လစာအခကြေးငွေ ယွမ် ၃၀၀၀ ကို ရလိုသဖြင့် တစ်လနေထိုင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် သုံးပတ်လွန်ပြီးနောက်တွင် သူတို့အနေဖြင့် လကုန်လျှင် အလုပ်ထွက်လိုကြောင်း အလုပ်ရှင်အား ပြောသောအခါ အပြင်သို့ထွက်ခွင့်မပေးတော့ပဲ သတ်မှတ်အလုပ်များပြီးမြောက်အောင် မလုပ်နိုင်ပါက တရုတ်စကားပြော လုံခြုံရေးအစောင့်များ၏ ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်နှိပ်စက်ခြင်းများ စတင်ကြုံတွေ့လာရသည်။ ဥပမာ – ၅လီတာလေးသော ရေပုံးကိုထမ်းပြီး ပြေးရသည်။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့အလုပ်ထွက်လိုကြောင်း အတင်းတောင်းဆိုသောအခါ ကုမ္ပဏီ မန်နေဂျာမှ အလုပ်ထွက်လိုပါက တစ်ဦးလျှင် ယွမ် ၁၂,၀၀၀ ပေးရမည်ဟုဆိုကာ သူတို့အား အခြားအလုပ်ထွက်လိုသောသူရှစ်ယောက်ရှိရာ အခန်းထဲသို့ ပိတ်လှောင်ထားခဲ့သည်။ သူတို့သည့် သူတို့မိသားစုထံသို့ ဖုန်းဆက်၍ ပေးရမည့်ငွေကြေးအတွက် တောင်းခံနိုင်သော်လည်း ၎င်းတို့၏ အခြေအနေများကို အင်တာနက်ပေါ်သို့ တင်ပါက လက်ထိပ်ခတ်ကာ ရာဘာလက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခြင်းခံကြရသည်။ အခြားနှိပ်စက်နည်းမှာ ရေ ၂ လီတာကို တပြိုက်နက်သောက်ခိုင်းခြင်း၊ လျှပ်စစ်သေနတ်များဖြင့် တို့ခြင်းများပါဝင်သည်။
အွန်လိုင်းလိင်ဖျော်ဖြေရေးကို အတင်းအကြပ်လုပ်ကိုင်စေခြင်း
ဂျာပန်သည် အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အွန်လိုင်းကာစီနိုရုံတွင် အလုပ်လုပ်ရမည်အထင်နှင့် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း မိုင်းပေါက်မြို့တွင် တရုတ်ပိုင်အွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းတွင် တရုတ်ငွေ ယွမ် ၂၀,၀၀၀ ဖြင့် ရောင်းစားခြင်းခံခဲ့ရသည်။ သူမလုပ်ကိုင်ရမည့်အလုပ်ကို သိသောအခါ လုပ်ဆောင်ရန်ငြင်းဆိုခဲ့ရာ သူမအနေဖြင့် မလုပ်ဆောင်လိုပါက ယွမ် ၃၀,၀၀၀ ပေးရမည်ဟု ပြောခံရခဲ့သည်။ အခန်းတွင် သုံးရက်ပိတ်လှောင်ခံခဲ့ရပြီးနောက် သူမ၏ အဝတ်များကို လုံခြုံရေးအစောင့်များက ဆွဲချွတ်ကာ လျှပ်စစ်ဖြင့်တို့ကာ နှိပ်စက်ညှဉ်းပန်းမှုများ ပြုခဲ့သည်။ ထို့နောက် သူမသည် အစားအသောက်မစားရပဲ အိမ်သာထဲတွင် ငါးရက်ထပ်မံလှောင်ပိတ်ခံရပြီး နေ့စဉ်ရက်ဆက် လျှပ်စစ်နှင့် တို့ကာ ထိုလိင်ဖျော်ဖြေရေးအလုပ်ကို လုပ်ကိုင်မည်ဟု သဘောမတူမခြင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်။
ပထမအပတ်တွင် ဂျာပန်သည် ဝတ်လစ်စလစ်ပုံများကို အတင်းအကြပ်ရိုက်ကူးခဲ့ရပြီး ထိုပုံများကို အွန်လိုင်းတွင် ရောင်းချရန်ဟူ၍ သိခဲ့ရသည်။ ထို့နောက် လိင်ဆက်ဆံသော ဗီဒီယိုရိုက်ကူးရန် ပြောခံလာရသည်။ သူမငြင်းဆိုသော်လည်း အစောင့်များ၏ ဖမ်းဆီးရိုက်နှက်မှုများကို ခံရပြီး အိပ်ရာပေါ်တွင် ကြိုးနှင့်တုပ်နှောင်ခံထားရသည်။ ထို့နောက် အမျိုးသားသုံးဦးက သူမအား လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုပြီး ရိုက်နှက်ကာ လျှပ်စစ်နှင့်တို့သည့်အပြင် ယင်းဖြစ်စဉ်အားလုံးကိုလည်း ဗီဒီယိုရိုက်ကူးထားကြသည်။ ဤအဖြစ်အပျက်များအပြီး သူမအခန်းထဲသို့ ပြန်ရောက်သောအခါ ထွက်မပြေးနိုင်ရန်အတွက် သူမအား အိပ်ရာနှင့်တွဲလျက် လက်ထိပ်ခတ်ထားကြသည်။ ရက်သတ္တပတ်ကြာပြီးနောက် သူမသည် နောက်တဖန် အဓမ္မပြုကျင့်ခံရကာ ကင်မရာဖြင့် ရိုက်ကူးထာခြင်းလည်းခံရသည်။ ဤအကြိမ်တွင် သူမအား ပို၍ပြင်းထန်စွာရိုက်နှက်ကြပြီး သူမခန္ဓာကိုယ်အပေါ်သို့ ရေခဲရေများပါ လောင်းချကြသည်။ ဤတုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ရပ်များသည် နှစ်လခန့် ဆက်တိုက်ဖြစ်ပွားခဲ့သည်။
လိင်ကျွန်
CDM သူနာပြု နွယ်နွယ်က သူမသည် သူနာပြုအလုပ်အတွက် အလုပ်ခန့်ခံရခဲ့သည်ဟု ထင်သော်လည်း အမှန်မှာ ပန်ဆန်းမြို့လယ်ရှိ တရုတ်လူမျိုးပိုင်အွန်လိုင်းငွေလိမ်သည့်လုပ်ငန်း တစ်ခုတွင် လိင်ကျွန်ဖြစ်နေခြင်းဖြစ်သည်။
ဘာသာပြန်ထံမှ သူမလုပ်ရမည့်အလုပ်ကို သိလျှင်သိချင်း သူမသည် ထွက်သွားရန်ကြိုးစားခဲ့သော်လည်း ကုမ္ပဏီအား ယွမ် ၁၀,၀၀၀ ပေးရမည်ဟု ပြောဆိုခြင်းခံရသည်။ ထို့အပြင် ထိုအချိန်တွင်ပင် ဘာသာပြန်နှင့် အခြားအမျိုးသားတစ်ဦးက သူမအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများ ပြုလုပ်ခဲ့သည်။ အချိန်နှစ်လခန့် သူမသည် တံခါးပိတ်လှောင်ထားခံရပြီး ညစဉ်ညတိုင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးစုံကို ကြုံခဲ့ရသည်။ သူမ ထွက်ပြေးရန် ကြိုးစားသည့်အခါ တရုတ်စကားပြော အစောင့်တို့၏ ဝါယာကြိုး၊ ခါးပတ်တို့နှင့် ရိုက်နှက်ခြင်းကို ခံရသည်။
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း
နုနုဟုခေါ်သော အမျိုးသမီးငယ်တစ်ဦးသည် လောက်ကိုင်မြို့ရှိ Ta Ying ကာစီနိုရုံတွင် စာရင်းကိုင် အဖြစ် အလုပ်ခန့်ခံခဲ့ရပြီးနောက် ယွမ် ၆၀,၀၀၀ ကို အလွဲသုံးစားလုပ်သည်ဟု မတရားစွပ်စွဲခံခဲ့ရသည်။ သူမသည် ယင်းကာစီနိုရုံတွင် အလုပ်အတူတူလုပ်သော သူမ၏အမဖြစ်သူ စိမ်းစိမ်းနှင့်အတူ ဖမ်းဆီးခံရပြီး ကုမ္ပဏီအဆောက်အဦး၏ အပြင်ဘက် အွန်လိုင်းငွေလိမ်သည့်အလုပ်များ လုပ်ကိုင်သည့် နေရာတစ်နေရာတွင် ထိန်းသိမ်းထားခြင်းခံရကာ တစ်ပတ်အတွင်း ထိုငွေများကို ပြန်ပေးရမည်ဟု အမိန့်ပေးခံထားရသည်။ ငါးရက်မြောက်သောနေ့တွင် နုနုအား သူမ၏ သူဌေးမှ လောက်ကိုင်မြို့ Fully Light ဟိုတယ်ရှိ သူ့အခန်းထဲသို့ခေါ်ပြီး သူဌေးနှင့်အခြားတရုတ်အမျိုးသားသုံးဦးက အဓမ္မပြုကျင့် ခဲ့သည်။ ထို့နောက် နုနုသည် စိတ်ဒဏ်ရာများရရှိ၍ သုံးရက်ကြာပြီးနောက် လေးလွှာရှိသူမတို့၏ တိုက်ခန်းမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
လွတ်မြောက်လာပုံ
ဖမ်းဆီးထားသူကို ငွေပေးရခြင်း
အွန်လိုင်းလိင်ဖျော်ဖြေရေး ဗီဒီယိုရိုက်ကူးရေးတွင် အတင်းအကြပ်ပါဝင်ခဲ့ရပြီး နှစ်လခန့်ကြာသောအခါ ဂျာပန်သည် သူမ၏ မိဘများနှင့်ဆက်သွယ်ကာ အကူအညီတောင်းခဲ့သည်။ သူမက ကုမ္ပဏီသည် ယွမ် ၃၀,၀၀၀ တောင်းနေကြောင်း၊ မြန်မာ သို့မဟုတ် “ဝ” အာဏာပိုင်များကို အကူအညီမတောင်းရကြောင်း၊ ထိုသို့ပြုလုပ်ပါက သူမသည်တရုတ်နိုင်ငံအတွင်း ဝေးလံသောနေရာတစ်နေရာကို ပို့ဆောင်ခံရမည် ဖြစ်ကြောင်း သူမ၏မိဘများအား ပြောပြခဲ့သည်။ ထို့နောက် သူမ၏မိဘများက ပိုက်ဆံကို မိုင်းပေါက်မြို့သို့ လာရောက်ပေးခဲ့ရသည်။ ကုမ္ပဏီမန်နေဂျာနှင့် အစောင့်သုံးဦးတို့သည် ဂျာပန်အားငွေနှင့်လဲလှယ်ရန် မိုင်းပေါက်မြို့ရှိ ကြိုတင်ချိန်းဆိုထားသော စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်လာခဲ့သည်။ သူမ ပြန်လည်လွတ်မြောက်ရန် တောင်းသည့်ပိုက်ဆံကို ယွမ် ၁၂,၀၀၀ အထိလျှော့ချ ပေးရန် ညှိနှိုင်းခဲ့ကြရသည်။ သူမ၏မိဘများသည် သူမအား အိမ်သို့ပြန်လည်ခေါ်သွားပြီး ယင်းအဖြစ်အပျက်အားလုံးအတွက် မည်သည့်အာဏာပိုင်များကိုမှ တိုင်ကြားဝံ့ခြင်းမရှိခဲ့ပါ။
UWSA အာဏာပိုင်များနှင့် ဆက်သွယ်ခြင်း
စိုင်းအေးနှင့်ဇော်ဇော်တို့သည် အခြားလူငယ်ခုနှစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ်သည့်ကုမ္ပဏီမှ အလုပ်ထွက်လိုကြောင်း သူတို့၏ သူဌေးအားပြောသောအခါ သူတို့သည် အခန်းတစ်ခန်းတွင် ထိန်းသိမ်းထားခြင်းခံရပြီး အလုပ်ထွက်လိုပါက တစ်ဦးလျှင် ယွမ် ၁၂,၀၀၀ ပေးရမည်ဖြစ်ကြောင်း ပြောခံရခဲ့သည်။ ထို့နောက် သူတို့၏ မိသားစုဆွေမျိုးများထံ ထိုငွေများကိုတောင်းခံရန်အတွက် ဖုန်းခေါ်ဆိုခွင့်ရခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့အထဲမှလူငယ်တစ်ဦး၏ မိဘများသည် ရှမ်းပြည်သူ့စစ်များနှင့် အဆက်အသွယ်ရှိပြီး လားရှိုးမြို့ရှိ UWSA ပြင်ပဆက်ဆံရေးရုံးသို့ အကူအညီတောင်းခံခဲ့သည်။ ထို့နောက် UWSA ရဲများက ထိုအဆောက်အဦးသို့ ဝင်ရောက်ဖမ်းဆီးသောအခါ ထိုလူငယ်များသာ ကျန်ခဲ့ပြီး ကုမ္ပဏီမန်နေဂျာနှင့်အပေါင်းအပါများ အားလုံးသည် ကြိုတင်သတင်းရခဲ့ကြကာ ၎င်းတို့၏ ပစ္စည်းများကိုယူဆောင်၍ ထွက်ပြေးလွတ်မြောက် သွားကြပြီဖြစ်သည်။ UWSA ရဲများက ထိုလူငယ်များကို ပန်ဆန်းမြို့ရှိ အချုပ်ထဲတွင် ထားပြီး သူတို့၏မိဘများကို လာရောက် ခေါ်ဆောင်စေခဲ့သည်။ သူတို့၏မိဘများသည် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး မြန်မာရဲများနှင့်အတူ ပန်ဆန်းမြို့သို့လာရောက်ပြီး ထိုလူငယ်များကို “ဝ”ဒေသပြင်ပသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြရသည်။ သို့ရာတွင် လွတ်မြောက်လာသူတစ်ဦးစီတိုင်း၏ မိသားစုတို့သည် ထိုကယ်ဆယ်ရေးလုပ်ငန်းအတွက် တစ်ဦးလျှင် မြန်မာရဲတပ်ဖွဲ့သို့ ၃၀၀,၀၀၀ကျပ်၊ “ဝ”ရဲတပ်ဖွဲ့သို့ ယွမ် ၂,၀၀၀ စီ ပေးခဲ့ရသည်။
ကိုယ်လွတ်ရုန်းထွက်ပြေးလာခြင်း
CDM ပြုလုပ်ထားသော သူနာပြုဆရာမ နွယ်နွယ်သည် အွန်လိုင်းငွေလိမ်သူများအတွက် လိင်ဖျော်ဖြေပေးရသော လိင်ကျွန်ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် သူမနှင့်အတူ အဆောက်အအုံတစ်ခုတည်းတွင် အလုပ်လုပ်ပြီး တိုက်ခန်းအလွှာမတူသော အခြားအမျိုးသမီးသုံးဦးတို့နှင့်အတူ ပန်ဆန်းမြို့မှ မိုင်းပေါက်မြို့သို့ ကားဖြင့်ပြောင်းရွှေ့ချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
နွယ်နွယ်သည်သူမ၏မိသားစုများအား အဆက်အသွယ်ပြုလုပ်ခဲ့သည့်နောက်တွင် သူ၏အစ်ကိုသည် လားရှိုးမြို့ရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ဆက်သွယ်ခဲ့သည်။ သူမအား လူကုန်ကူးဖမ်းဆီးထားသူများသည် ကြိုတင်အကြောင်းကြားခံရသည်ဟု ယူဆရကာ ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးမှုများမပြုလုပ်မီ သူတို့အမျိုးသမီးလေးဦးကို ပန်ဆန်းမြို့မှပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်နိုင်သည်။ သူမတို့လေးဦးကို မိုင်းပေါက်မြို့ရှိ ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားရန်ပြင်ဆင်ထားခဲ့ကြသည်။
အမျိုးသမီးများသည် ကားနှစ်စီးဖြင့် သယ်ဆောင်သွားခြင်းခံခဲ့ရသည်။မိုင်းပေါက်သို့အသွားလမ်းတွင် ထမင်းစားရန်ရပ်နားချိန်တွင် နွယ်နွယ်နှင့် အခြားအမျိုးသမီးတစ်ဦးတို့သည် အိမ်သာသွားမည်ဟု ပြောကာ လူထူထပ်သောစားသောက်ဆိုင်မှထွက်ပြေးလွတ်မြောက်ခဲ့သည်။အခြားအမျိုးသမီးမှာ တရုတ်စကားပြောတတ်သဖြင့် ကားသမားအား၄င်းတို့ကို ခေါ်ဆောင်၍ ကျိုင်းတုံသို့ ပို့ဆောင်စေခဲ့ပြီး နွယ်နွယ်မှာ အကိုဖြစ်သူနှင့်ဆုံစည်းနိုင်ခဲ့သည်။သူမ၏မိသားစုများမှာ စစ်ကောင်စီထံတွင် လက်မှတ်ထိုးကာ အိမ်ပြန်စေချင်သော်လည်း သူမမှာနယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့တိမ်းရှောင်ခဲ့သည်။
ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းကြံစည်ဆောင်ရွက်မှုများ
အင်တာဗျူးတွေ့ဆုံဖြေကြားခဲ့သူများက “ဝ”ဒေသနှင့် ကိုးကန့်ဒေသဆိုင်ရာ အာဏာပိုင်များသည် ယင်းကဲ့သို့ဒုစရိုက်လုပ်ငန်းများကို ခွင့်ပြုထားသည့်အပြင် ရာဇဝတ်ဂိုဏ်းသားများကိုပင် အကာအကွယ်ပေးနေကြသည်ဟု ဆိုသည်။
မြို့လယ်တွင်တည်ရှိနေကြသော ဒုစရိုက်လုပ်ငန်းများ
မြေပုံအရကြည့်လျှင် UWSA ထိန်းချုပ်ရာ ပန်းဆန်းမြို့နှင့် မိုင်းပေါက်မြို့ရှိ လူကုန်ကူးမှုကို ကျူးလွန်နေကြသော ရာဇဝတ်ဂိုဏ်းသားတို့လုပ်ငန်းတည်ရှိရာနေရာများသည် မြို့လည်များတွင် ဖြစ်သည်။ ပန်ဆန်းမြို့တွင် အမျိုးသမီးများကို လိင်ကျွန်အဖြစ် အသုံးချသည့်အပြင် အွန်လိုင်းမှ ငွေလိမ်သည့်လုပ်ငန်းများသည် မြို့အလည် ဈေးအနီးတွင် တည်ရှိကြပြီး မိုင်းပေါက်မြို့ရှိ ရာဇဝတ်ဂိုဏ်းလုပ်ငန်းများသည် မြို့လည်ရှိ အထပ်မြင့်အဆောက်အအုံကြီးများတွင် တည်ရှိသည်။
ယင်းလုပ်ငန်းများကိုလုပ်ကိုင်နေသူအားလုံးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး UWSA ၏ တရားဝင်ခွင့်ပြုချက်နှင့် ငွေကြေးအပေးအယူသဘောတူညီမှုမရှိဘဲ ထိုဒေသများသို့ ဝင်ရောက်လာ နိုင်ကြမည် မဟုတ်ပေ။ ထိုကဲ့သို့ တရားဝင်ခွင့်ပြုချက်များမရှိပဲ ထိုရာဇဝတ်ဂိုဏ်းသားများသည် ထိုကဲ့သို့ ဒုစရိုက်မှုများ၊ အလုပ်သမားများကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများနှင့် စော်ကားအဓမ္မပြုကျင့်မှုများကို မြို့လည်တွင် လုပ်ဆောင်ရဲကြမည်မဟုတ်ပေ။
ရာဇဝတ်ဂိုဏ်းသားများ ကြိုတင်သတင်းရရှိနေခြင်း
လူကုန်ကူးခံရသူများ၏ မိသားစုများက လားရှိုးမြို့ရှိ UWSA ပြည်ပဆက်ဆံရေးရုံးသို့ ဆက်သွယ်သော ဖြစ်စဉ်နှစ်ခုလုံးတွင် တရုတ်ရာဇဝတ်ဂိုဏ်းသားများသည် ဝင်ရောက်ဖမ်းဆီးမှုများ မပြုလုပ်မီ ကြိုတင်သတင်းရရှိနေခဲ့ကြသည်။ စိုင်းအေးနှင့် ဇော်ဇော်တို့ဖြစ်စဉ်တွင် UWSA ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးမှုများမပြုလုပ်မီ တစ်ရက်အလိုကပင် ထိုငွေလိမ်လုပ်ငန်းမှ တရုတ်နိုင်ငံသားဝန်ထမ်းများသည် ၎င်းတို့၏ပစ္စည်းများနှင့်အတူ နေရာပြောင်းရွှေ့ခဲ့ကြပြီး ထိုလူငယ်ဆယ်ဦးကို သော့ပိတ်လျက် ထားရှိခဲ့ကြသည်။
နွယ်နွယ်၏ဖြစ်စဉ်တွင် သူမနှင့် အခြားအမျိုးသမီးသုံးဦးကို လိင်ကျွန်အဖြစ် အသုံးပြုခဲ့ကြသော တရုတ်အွန်လိုင်းငွေလိမ်သည့်သူများသည် သူမတို့အလုပ်လုပ်ကိုင်ရာ ပန်ဆန်းမြို့မှ မိုင်းပေါက်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ အကယ်၍ သူမအနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါက သူမအား မည်သို့ရှာဖွေရမည်ကို သိနိုင်မည်ပင် မဟုတ်ပါ။
ရာဇဝတ်ဂိုဏ်းများအား ဒေသဆိုင်ရာလက်နက်ကိုင်တပ်များမှ အကာအကွယ် ပေးထားခြင်း
စိန်စိန်အားဖမ်းဆီးထိန်းသိမ်းထားခဲ့ရာနေရာ၊ သူမ၏ညီမဖြစ်သူနုနု အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီး နောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရာ အွန်လိုင်းငွေလိမ်သည့်ကုမ္ပဏီအဆောက်အဦးတွင် ကိုးကန့်ပြည်သူ့စစ်မှ ယူနီဖောင်းအပြည့်အစုံဖြင့် စောင့်ကြပ်ပေးထားသည်။ နုနု မိမိကိုယ်ကို အဆုံးစီရင်ပြီးနောက် ရုပ်ကလာပ်ကို ကုမ္ပဏီဝန်ထမ်းများ ရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် ထိုလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရှိနေခဲ့သည်။ ကုမ္ပဏီဝန်ထမ်းက စိန်စိန်အား သေနတ်ဖြင့်ချိန်ကာ ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်များကို ထုတ်ဖော်ပြောကြားခြင်းမပြုရန် ခြိမ်းခြောက်သွား ခဲ့သည်။
ကိုးကန့်ပြည်သူ့စစ်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အတွက် မြန်မာစစ်တပ်မှ ဒေသခံများကို လက်နက်တပ်ဆင်ပေးထားသောတပ်ဖြစ်သည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ၄င်းတို့သည် ရာဇဝတ်ဂိုဏ်းသားများကို ပွင့်ပွင့်လင်းလင်းအကာအကွယ်ပေးနေကြောင်း ထင်ရှားသည်။
အွန်လိုင်းရာဇဝတ်မှုများအတွက် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုနေခြင်း
အင်တာဗျူးတွေ့ဆုံဖြေကြားခဲ့သူများသည် မိုင်းပေါက်မြို့တွင် အွန်လိုင်းငွေလိမ်သည့်အလုပ်များကို လုပ်ကိုင်ရာ၌ “ဝ”ဒေသတွင် တစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေး ကွန်ယက်ဖြစ်သည့် Mytel ကွန်ယက်ကို အသုံးပြုသည်ဟု ဆိုကြသည်။ ယခင်က ပန်ဆန်းနှင့် မိုင်းပေါက်မြို့မှ ဒေသခံများသည် တရုတ်ဆက်သွယ်ရေးကွန်ယက်များကိုသာ အသုံးပြုခဲ့ကြသည်။ လွန်ခဲ့သောလေးနှစ်မှစ၍ “ဝ”ဒေသသို့ Mytel ကွန်ယက် ဖြန့်ကျက်လာချိန်တွင် လူအများစုသည် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုလာကြသည်။ Mytel သည် ဗီယက်နမ်အစိုးရပိုင် Viettel နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့ ဖက်စပ်လုပ်ကိုင်နေသော မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည်။
Mytel ကို မြန်မာစစ်တပ်မှ တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်ပြီး စောင့်ကြပ်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်နေသော်လည်း “ဝ”ဒေသတွင် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ အွန်လိုင်းမှ ရာဇဝတ်မှုများကျူးလွန်နေကြသည်ကို ထိထိရောက်ရောက်အရေးယူခြင်း မရှိသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။
https://www.nperf.com/en/map/MM/-/137098.Mytel/signal/?ll=22.05973224063841&lg=99.28457379341127&zoom=11 မှ ပန်ဆန်းမြို့နှင့် မိုင်းပေါက်မြို့များတွင် Mytel ကွန်ယက်လွှမ်းခြုံမှု
လွတ်မြောက်လာသူများ၏ သက်သေခံချက်များ
ဂျာပန်
မဂျာပန် အသက် ၁၉ နှစ်သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရပ်ကွက် ၁၀ တွင်နေထိုင်သူ ကချင်တိုင်းရင်းသူတစ်ဦး ဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းသည့်အချိန်တွင် သူမမှာတက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားနေဆဲ ကာလဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုကို အခြားပြည်သူများနှင့်နည်းတူ လက်မခံခဲ့သူ ဖြစ်သည့်အလျောက် ၂၀၂၁ ခုနစ် ဇွန်လ၌ အာဏာသိမ်းစစ်တပ်မှ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင်ကျောင်းပြန်မတက်ရန် သူမဆုံးဖြတ်ခဲ့သည်။
သို့သော် သူမ၏မိသားစုမှာ သူမကိုတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုစေချင်ခဲ့ပြီး ကျောင်းနှင့်ကျူရှင်ပြန်တက်ရန် ဖိအားပေးခဲ့ရာ မိသားစုနှင့် အဆင်မပြေမှုများစွာ ဖြစ်လာ၍ နောက်ဆုံးတွင် ဂျာပန်က နေအိမ်မှ ထွက်ခွာ၍ အလုပ်ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
၂၀၂၂ ဇွန်လတွင် လူမှုကွန်ယက်စာမျက်နှာပေါ်မှ အလုပ်ခေါ်စာတစ်ခုကို သူမ မြင်တွေ့ခဲ့ပြီး စိတ်ဝင်စားသဖြင့် ဆက်သွယ်ခဲ့သည်ဟု ဂျာပန်ကဆိုသည်။ “ကျမကအဲ့အချိန်အလုပ်ရှာနေတာ၊ အဓိကကတော့ အိမ်ကထွက်သွားရဖို့ဘဲပေါ့၊အိမ်ကနောက်နှစ်ကျရင် ဆယ်တန်းပြန်ဖြေ၊အခုအွန်လိုင်းကနေ ကျူရှင်တက်ထား၊အဲ့လိုတွေဖိအားပေးတယ်၊ကျမကဆယ်တန်းလဲမဖြေချင်ဘူး၊အဲ့တော့အလုပ်ထွက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်၊အဲ့ဒီမှာ wechat မှာအလုပ်ခေါ်စာတစ်ခုကိုတွေ့တယ်၊ တရုတ်စာတတ်ရမယ်၊လောက်ကိုင်မှာ အလုပ်သွားလုပ်ရမယ်တဲ့၊ကျမလဲစိတ်ဝင်စားလို့ဆက်သွယ်သွားတယ်၊အဲ့ဒီမှာလား ရှိုးက အားရှမ်း ဆိုတဲ့အမျိုးသားနဲ့အဆက်အသွယ်ရသွားတယ်၊ သူက အခုတော့သူလူစုတုန်း၊ကိုဗစ်လဲမငြိမ်သေးတော့ခဏစောင့်၊အဆင်သင့်ဖြစ်တာနဲ့သူခေါ်မယ်၊ဟော်တယ်မှာအလုပ်ရမယ်ပြောတယ်၊လမ်းစရိတ်အကုန်သူဌေးကပေးမှာသူခေါ်တာနဲ့သူခေါ်တဲ့နေရာကိုလာခဲ့အဲ့လိုပြောတာ” ဟုအလုပ်စတင်ရှာဖွေခဲ့သည့်အကြောင်းကို သူမကပြန်လည်ပြောပြခဲ့သည်။
၂၀၂၂ သြဂုတ်လ ပထမအပတ်တွင် အားရှမ်းမှ ပြန်လည်ဆက်သွယ်လာခဲ့ပြီးနောက်အလုပ်လုပ်မည်ဆိုပါက သူမကို အစိုးရမှ ထိုးပေးနေသော ကိုဗစ်ကာကွယ်ဆေး ထိုးထားရန်နှင့် သြဂုတ်လ၂၇ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ အောင်ချမ်းသာစားသောက်ဆိုင်သို့ နေ့လည်၂နာရီ အရောက်လာရန် ပြောဆိုခဲ့သည်။
သြဂုတ် ၂၇ ရက်နေ့ မနက်ပိုင်းတွင် ဂျာပန်မှ သူမနှင့်အတူအလုပ်အတူတူလုပ်ကိုင် လိုသော သူငယ်ချင်းလုလုနှင့်အတူ လား ရှိုးမြို့သို့ခေတ္တသွားမည်ဟု မိဘများကိုပြောဆိုကာ ချိန်းဆိုရာနေရာသို့ အငှားယဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ ထိုနေ့ ညနေ ၄နာရီ ၃၀ ခန့်တွင် ကွတ်ခိုင်မြို့မှ လောက်ကိုင်သို့ ထွက်ခွာလာခဲ့သည်။
သြဂုတ်လ ၂၇ ည ၈နာရီဝန်းကျင်တွင် လောက်ကိုင်မြို့သို့ ရောက်ရှိလာခဲ့ပြီး Shin Ba Li တည်းခိုခန်းတွင်အခြား လား ရှိုး၊ တန့်ယန်းနှင့် နမ်ဇလပ်မြို့များမှ ရောက်ရှိနေသော အမျိုးသမီး၃ဦးနှင့်အတူ နေထိုင်ခဲ့ရသည်။
“၂၇ရက်ညဘဲလောက်ကိုင်ကိုရောက်တယ်၊ကျမတို့ကိုအားရှမ်းကအဲ့တည်းခိုခန်းမှာထားတာ၊တခြားလား ရှိုးဘာညာကလာတဲ့သူတွေနဲ့ဆို ၈ယောက်ရှိတယ်၊သူက ကျမတို့စရောက်တဲ့ညကခေါက်ဆွဲခြောက်ထုပ်တွေနဲ့ မုန့်တွေလာပေးပြီး ၂၉ ရက်နေ့မနက်မှ ကိုဗစ်စစ်ရမယ်ဆိုပြီး ကျမတို့ကို တုံချိန်ဆိုတဲ့လောက်ကိုင်မြို့ဆင်ခြေဖုံးရပ်ကွက်က ဆေးခန်းတစ်ခုကိုခေါ်သွားတယ်၊ အဲ့ဒီမှာဆေးစစ်ပြီးတော့ သူကလောက်ကိုင်ကအလုပ်ကအခုကိုဗစ်ကာလမို့အလုပ်မဖြစ်ဘူး ဝပြည်ထဲသွားရင်တော့အလုပ်ရှိမယ်သွားမလားလို့မေးတယ်ကျမကလဲ ပညာလဲအသင့်အသင့်ရှိတယ် တရုတ်စာလဲတတ်တော့ကာစီနိုလိုနေရာမျိုးမှာလုပ်ရမှာဘဲဆိုပြီးတော့ သွားမယ်ပြောလိုက်တယ်၊အဲ့ဒီမှာကျမနဲ့လိုက်လာတဲ့လုလုက သူကတရုတ်စာသိပ်မကျွမ်းတော့လောက်ကိုင်ကရတဲ့အလုပ်လုပ်ပြီးနေခဲ့မယ်လို့ပြောတယ်”ဟု သူမဘဝ၏ငရဲခန်းသို့ စတင်တိုးဝင်ရန် ဆုံးဖြတ်ချက်ချခဲ့သည့် အကြောင်းကို ဂျာပန်က ပြန်ပြောင်းပြောပြသည်။
လောက်ကိုင်တွင် ရက်သတ္တပတ် ၃ပတ်မျှအချိန်ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၂ ခုနစ်စက်တင်ဘာ တတိယအပတ်တွင် ဝဒေသ မိုင်းပေါက်သို့ လား ရှိုးမှအမျိုးသမီးငယ်နှစ်ဦး၊ပွဲစားအားရှန်းတို့နှင့်အတူ သူမခရီးထွက်ခွာခဲ့သည်။ထိုအချိန်ကာလတွင်ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို UWSA မှ ကိုဗစ်ရောဂါကြောင့် Lock Down ချထားသော်လည်း သူမတို့မှာ အားရှန်းမှစီစဉ်ပေးသောလမ်းကြောင်းအတိုင်း
ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ပန်ဆန်းတွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီးနောက် ၂၀၂၂ စက်တင်ဘာ ၃၀ ရက်နေ့တွင် မိုင်းပေါက်မြို့သို့ သူမရောက်ရှိခဲ့သည်။မိုင်းပေါက်မြို့ဘုရားကျောင်းတစ်ခုအနီးရှိ တိုက်ခန်းတခုတွင် ၁၄ရက် Quartine ဝင်ခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် သူမတစ်ဦးတည်းကို အားရှမ်းမှ လာရောက်ခေါ်ဆောင်ကာ မိုင်းပေါက်ဈေးအနီးရှိ ဘယ်လိုနေရာမှန်းမသိသော အဆောက်အဦးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအဆောက်အဦးတွင် သူမလုပ်ရမည့်အလုပ်မှ အမျိုးသားမန်နေဂျာတစ်ဦးနှင့် အမျိုးသမီးလက်ထောက်မန်နေဂျာတစ်ဦးတို့နှင့်တွေ့ဆုံခဲ့ရကာ အားရှမ်းမှ သူမကို ထိုနေရာတွင်ထားရစ်ခဲ့သည်။ ထိုမန်နေဂျာနှစ်ဦးလုံးမှာ တရုတ်နိုင်ငံသားများဖြစ်သည်။
ထိုနေ့မှစ၍ သူမ၏ငရဲခန်းများစတင်ခဲ့သည်။သူမရောက်ရှိသွားသည့် နေရာမှာ Online မှတဆင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများ၊ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးဖြန့်ချီခြင်းများ ပြုလုပ်သော နေရာတစ်ခုဖြစ်ပြီး သူမကိုအားရှမ်းမှ တရုတ်ယွမ်ငွေ ၂၀၀၀၀ ဖြင့် ထိုလုပ်ငန်းသို့ရောင်းစားသွားခြင်း ဖြစ်သည်။
“အားရှမ်းပြန်သွားတော့ ကျမကို မန်နေဂျာလက်ထောက်က အိပ်ရမဲ့အခန်းထဲခေါ်သွားတယ်၊နက်ဖန်ကျမှအလုပ်လုပ်ရမဲ့အကြောင်းပြောမယ်တဲ့၊အဲ့အခန်းမှာက တရုတ်နိုင်ငံသားမိန်းကလေးတစ်ယောက်နဲ့ အတူတူနေရတယ်၊ အဲ့ကောင်မလေးနဲ့စကားပြောတော့ သူကကျမကို Chatting လား မော်ဒယ်လုပ်မှာလားတဲ့၊ကျမသိထားတာက ကျမက online ကာစီနို လုပ်ရမှာဆိုတော့ Chatting ပေါ့၊အဲ့အထိကိုယ့်ကိုယ်ကိုရောင်းစားခံရမှန်း၊အဲ့အလုပ်တွေလုပ်ဖို့ခေါ်သွားမှန်းမသိဘူး၊နောက်တရက်မနက်ရောက်တော့ ကျမကိုလက်ထောက်အမျိုးသမီးရယ် နောက်ယောကျာ်းလေးနှစ်ယောက်ကလာခေါ်တယ်၊ သူတို့ရုံးခန်းတစ်ခုကိုခေါ်သွားပြီးတော့ နင်ကရုပ်လဲလှတယ်ငယ်လဲငယ်တော့ မော်ဒယ်လုပ်ရမယ်တဲ့၊ ကျမကဘာမော်ဒယ်လဲပေါ့ ၊အဲ့ဒီမှာမှ ကျွန်မကို သူတို့ကဓာတ်ပုံတွေပြတယ်၊ တစ်ကိုယ်လုံးချွတ်ပြီး အလှရိုက်ထားတဲ့ပုံတွေ၊ကြိုးတွေတုပ်ထားတဲ့ကောင်မလေးပုံတွေ၊ဒီလိုပုံတွေရိုက်ရမယ်၊ဗီဒီယိုတွေရိုက်ရမယ်တဲ့၊ကျမကမလုပ်နိုင်ဘူး၊ကျမပြန်မယ်ပြောတော့၊ငါတို့ကနင့်ကိုဝယ်ထားတာ၊ ပြန်ချင်ရင် ပိုက်ဆံယွမ် ၃သောင်းပေးရမယ်လို့ပြောတယ်၊ကျမလဲတောင်းပန်ပြီးတော့ ကျမအိမ်နဲ့သူငယ်ချင်းနဲ့ပြန်ဆက်သွယ်ချင်တယ်၊ အဲ့ဒါအချိန်ပေးပါဆိုတော့ သူတို့ကအချိန်သုံးရက်ပေးမယ်ပြောတယ်၊ ပြီးတော့ အခန်းလွတ်တခုထဲ ကျမကိုသော့ခတ်ထားတယ်၊တရက်စာထမင်းကိုမနက်ကျရင်လာပို့ထားတယ်၊ဟင်းကမုန်ညှင်းချဉ်ဘဲပါတယ်”ဟု ဂျာပန်က သူမရောင်းစားခံခဲ့ရသည့် အဖြစ်အပျက်နှင့် လုပ်ရမည့်လုပ်ငန်းများကို သိခဲ့ရပုံတို့ကို ပြောပြသည်။
သုံးရက်ခန့်အခန်းထဲတွင် ပိတ်ထားခဲ့ပြီးနောက် ဂျာပန်မှာ ပွဲစားအားရှမ်းနှင့် လောက်ကိုင်တွင် ကျန်ခဲ့သော သူမသူငယ်ချင်းလုလုတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ သူမ၏မိသားစုကိုလည်း သူမအရောင်းစားခံခဲ့ရသည့် အကြောင်းပြောပြရန် နေအိမ်မှ ဆင်းလာသူဖြစ်သဖြင့် ဝန်လေးနေခဲ့သည်ဟု သူမဆိုသည်။
“အဲ့သုံးရက်မှာသူတို့က ဖုန်းမသိမ်းသေးဘူးပေါ့၊ကျမကိုခေါ်လာတဲ့အားရှမ်းကိုဆက်သွယ်ဖို့လုပ်တော့ Wechat မှာသူကကျမကိုblockသွားပြီ၊အတူတူလာတဲ့ လုလုကိုစကားပြောတော့လဲ စာလဲမဖတ်စာလဲမပြန်ဘူး၊ကိုယ်ကဒီလိုနေရာမှာရောင်းစားခံရတယ်ဆိုတာကိုလဲတခြားသူငယ်ချင်းတွေကိုရှက်လို့မတိုင်ပင်ရဲဘူး၊အိမ်ပေါ်ကလဲဆင်းလာတော့ အိမ်ကိုလဲပြန်မဆက်သွယ်ချင်ဘူး၊ပြီးတော့အဲ့လောက်ပိုက်ဆံအများကြီးလဲ အဖေကမရှိလောက်ဘူး၊အဲ့လိုနဲ့တွေးရင်းသုံးရက်ကုန်သွားတယ်”ဟု သူမ၏မိသားစုကို ချက်ခြင်းမဆက်သွယ်ဖြစ်ခဲ့ပုံကိုဂျာပန်က ပြောသည်။
ထိုသုံးရက်အပြီးတွင် မန်နေဂျာ၊လက်ထောက်အမျိုးသမီးနှင့် ၎င်းတို့ငှားထားသည့် တရုတ်စကားပြော “ဝ”လူမျိုး လုံခြုံရေးအစောင့်သုံးဦးနှင့်အတူ သူမအခန်းသို့ ရောက်လာပြီး သူမ၏သဘောထားကို မေးမြန်းခဲ့သည်။
သူမက လျော်ပေးရန်ငွေမရှိသကဲ့သို့ ထိုအလုပ်များကို မလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ထိုသို့ငြင်းဆိုသည့်အခါ မန်နေဂျာဖြစ်သူမှ ၎င်းတို့ငွေကုန်ထားပြီးဖြစ်သည့်အတွက် လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်းနှင့် မလုပ်လျှင်ငွေလိမ်သည်ဟုဆိုကာ ဒေသဆိုင်ရာရဲနှင့်တိုင်မည်ဖြစ်ကြောင်း၊မတိုင်ခင်တွင်လည်း ယခုနေရာတွင်ပုံစံပေးပြီးမှ တိုင်မည်ဟုခြိမ်းခြောက်ပြောဆိုပြီး လုံခြုံရေးများကို သူမ၏ အဝတ်အစားများကို အဓမ္မ ချွတ်ခိုင်းစေ ခဲ့သည်။
“သူတို့ခေါ်လာတဲ့လုံခြုံရေးတွေကအဝတ်တွေကိုအတင်းဆွဲချွတ်တယ်၊ပြီးတော့ဖုန်းကိုသိမ်းတယ်၊ကျမလဲအားမတန်တော့ရုန်းလဲမရဘူး၊ ကိုယ်ပေါ်အတွင်းခံဘဲကျန်တော့ မန်နေဂျာကပါးဝင်ရိုက်တယ်၊လုံခြုံရေးနှစ်ယောက်က ကျင်စက်တွေနဲ့တို့တယ် တစ်ကိုယ်လုံးကို ၊အဲ့ဒါနဲ့ခဏရပ်တော့လက်ထောက်အမျိုးသမီးက ကျမကို အသားမနာချင်ရင် သူတို့အလုပ်ကိုလုပ်ပေးပေါ့၊သူတို့ကုန်ထားတဲ့ငွေကြေရင် လွတ်ပေးမယ်ဆိုပြီး ချော့ပြောတယ်၊ကျမအရမ်းကြောက်လို့ဘာမှမပြောနိုင်ဘူး ၊ပြီးတာနဲ့ကျွန်မကို အိမ်သာခန်းထဲ ပိတ်ထားလိုက်တယ်၊အဲ့နေ့ကစပြီး ၅ရက်တိတိအဲ့ဒီအိမ်သာထဲမှာဘဲနေရတယ်၊ အခန်းကကျဉ်းကျဉ်းလေး ၊ပြီးတော့ကျမကိုထမင်းလဲမကျွေးတော့ဘူး၊မနက်ပိုင်းသောက်ရေလာပေးရင် ကျင်စက်နဲ့ထိုးတယ် ၊ညဘက်လဲအဲ့လိုဘဲ၊ငါးရက်နေတော့ကျမတစ်ကိုယ်လုံးမလုပ်နိုင်၊မခံနိုင်တော့ဘူး၊ လူကဘာမှမပါ အရမ်းအေးတာကောဆာတာကောပေါ့၊ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ ကျမလဲနင်တို့အလုပ်လုပ်မယ်ဆိုပြီးတော့ ပြောလိုက်တယ်”ဟု ဂျာပန်က သူမအနေဖြင့်ထိုအလုပ်များကို လုပ်ရန်ဆုံးဖြတ်ခဲ့ရပုံကို ပြောပြသည်။
နောက်တရက်တွင် သူမကိုလက်ထောက်အမျိုးသမီးမှလာပြန်ခေါ်သွားခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးရှိရာ အခန်းတွင်အပ်နှံကာ အလှပြင်စေခဲ့သည်။ အလှပြင်ပြီးနောက် ထိုအဆောက်အဦးတွင်းရှိ ဓာတ်ပုံစတူဒီယိုအခန်းတွင် ကိုယ်လုံးတီးဓာတ်ပုံများ၊လိင်အသားပေးဓာတ်ပုံများကို သင်ကြားပေးသည့်အတိုင်း သူမရိုက်ကူးခဲ့ရသည်။
သူမ၏လက်ကိုင်ဖုန်းကို သူမပြန်တောင်းသော်လည်း လက်ထောက်အမျိုးသမီးမှ နှစ်ပတ်လောက် အခြေအနေကြည့်ပြီးမှ ပြန်ပေးမည်ဟု ပြောဆိုခဲ့သည်။သူမနှင့်အတူတူနေရ သည့် အမျိုးသမီးနှစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး သူမတို့မှာ မူလကဘီယာဆိုင်တစ်ခုတွင်သီချင်းဆိုပြီး အဆက်အသွယ်ဖြင့် ယခုအလုပ်သို့ သူမတို့စိတ်ဆန္ဒဖြင့် ရောက်ရှိလုပ်ကိုင်လာသူ ဖြစ်သည်။ဂျာပန်အနေဖြင့် သူတို့ခိုင်းစေသည့်အတိုင်း ဓာတ်ပုံများကို ရိုက်ကူးပေးခဲ့သော်လည်း သူမ၏ငရဲခန်းများမှာ ထိုမျှနှင့်မပြီးဆုံးသွားခဲ့ပါ။
“တစ်ရက်ခြားနှစ်ရက်ခြားလောက်ဓာတ်ပုံတွေရိုက်ရတယ်၊ပုံတွေကတော့မျိုးစုံဘဲ၊ကြိုးတွေတုပ်ပြီးလဲရိုက်တယ်၊ တခြားအဲ့ကကောင်မလေးနဲ့လဲတွဲရိုက်ရတယ်၊ သူတို့စိတ်တိုင်းကျ ပုံတွေထွက်တဲ့အထိ pose ပေးရတယ်သူတို့ကအဲ့ဒါကို website တင်ရောင်းတာတဲ့ ၊ဘယ် website လဲတော့ကျမသိဘူး၊ ကျမအဲ့လိုတွေ ရိုက်ပေးရင်းတစ်ပတ်ကြာတော့ ကျမကိုခါတိုင်းဝတ်နေကျအဝတ်အစားမျိုးမဟုတ်တာ ဝတ်ခိုင်းပြီးလာခေါ်သွားတယ်၊ အဲ့ဒီမှာခေါ်သွားတဲ့အခန်းထဲရောက်တော့ကျမမသိတဲ့ယောက်ကျား သုံးယောက်လဲရှိနေတယ်၊ ကျမကိုဒီတခါvideoရိုက်ရမယ်တဲ့၊အဲ့ယောကျာ်းတွေနဲ့အတူတူအိပ်တဲ့ videoတဲ့၊ ကျမလဲမရိုက်နိုင်ဘူး ဆိုပြီးထွက်ပြေးဖို့လုပ်တာ၊အဲ့ဒီမှာလုံခြုံရေးတွေကကျမကိုဖမ်းပြီးရိုက်တယ်၊ပြီးတော့ကြိုးနဲ့တုပ်ပြီးတော့ ကုတင်ပေါ်တင်ပေးလိုက်တယ်၊အဲ့အခန်းကယောကျာ်းကသုံးယောက်ကကျမကို ကြိမ်လုံးနဲ့ရိုက်တယ်၊ကျင်စက်နဲ့တို့တယ်၊ပြီးတော့ အဓမ္မဝိုင်းကျင့်ကျတယ်၊အဲ့ဒါကိုလဲ သေချာဗီဒီယို ရိုက်ထားကျတယ်”ဟု ဂျာပန်က သူမကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးအကြောင်းကို ပြန်လည်ပြောပြသည်။
ထိုသို့ အဓမ္မကျင့်ပြီးသည့်နောက်တွင် သူမကို ထွက်ပြေးမည်စိုးသည်ဟုဆိုကာ ခြေကျဉ်းခတ်ပြီးမှ အခန်းသို့ ပြန်ပို့ခဲ့ကြသည်။ ထိုအဖြစ်အပျက်ပြီး တစ်ပတ်အကြာတွင်လည်း မူလဖြစ်စဉ်အတိုင်း သူမကိုအဓမ္မဝိုင်းပြုကျင့်ကာ ဗီဒီယိုရိုက်ယူပြန်သည်။ဒုတိယအကြိမ် video ရိုက်ကူးရာတွင် ပိုမိုပြင်းထန်စွာနှိပ်စက်ကြပြီး အမျိုးသမီးအင်္ဂါကိုရိုက်နှက်ခြင်း၊ရေခဲရေ ဖြင့်လောင်းခြင်းများကို ပြုလုပ်ခဲ့သည်။ အလားတူအဖြစ်အပျက်များသည် နှစ်လခန့်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ဂျာပန်မှမန်နေဂျာ အမျိုးသားကို ဖုန်းပြန်ပေးရန်တောင်းဆိုခဲ့ပြီး သူမ၏မိသားစုကိုဆက်သွယ်ကာ ငွေပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုငရဲခန်းသို့ရောက်ရှိပြီး ၂လခန့်အကြာတွင် ဂျာပန်သည်သူမ၏မိဘများနှင့်အဆက်အသွယ်ပြန်ရခဲ့သည်။ သူမ၏ဖခင်ကို အကျိုးအကြောင်းပြောပြပြီး ငွေကိုရှာပေးပြီး ပြန်လာခေါ်ရန် ဂျာပန်မှတောင်းဆိုခဲ့သည်။ ဂျာပန်အားဝယ်ယူထားသော လိင်ဖျော်ဖြေရေးလုပ်ငန်းမှ သူများမှ ဂျာပန်ကိုပြန်လိုချင်သည်ဆိုပါကမြန်မာ၊ဝ မည်သည့်ဌာနဆိုင်ရာကိုမှ မတိုင်ရန်နှင့် တရုတ်ငွေ ယွမ် ၃သောင်းဖြင့် လာခေါ်ရန်၊တိုင်ကြားပါက ဂျာပန်ကိုယခုထက်ပိုဝေးသည့် တရုတ်ပြည်ထဲသို့ ပို့လိုက်မည်ဟု ဂျာပန်၏မိသားစုကို ပြောဆိုခဲ့သည်။
၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်တွင် ဂျာပန်၏အဖေနှင့်အမတို့မှ မိုင်းပေါက်သို့ရောက်လာကာ မိုင်းပေါက်မြို့စားသောက်ဆိုင်တွင် မန်နေဂျာအမျိုးသား၊လုံခြုံရေးသုံးဦးနှင့်ဂျာပန်တို့ကိုတွေ့ဆုံခဲ့ရပြီး တရုတ်ယွမ်ငွေ ၁ သောင်း၂ထောင်နှင့်ညီမျှသော မြန်မာငွေ ကိုပေးအပ်ခဲ့ကာ ဂျာပန်ကိုပြန်လည်ခေါ်ယူနိုင်ခဲ့သည်။
၂၀၂၂ ဒီဇင်ဘာ ၂၆ရက်တွင်နမ့်ခမ်းမြို့သို့ဂျာပန်ပြန်ရောက်လာခဲ့သည်။ လွတ်မြောက်လာသော်လည်း ဂျာပန်မှာမူ စိတ်ဒဏ်ရာများစွာ ရင်ဆိုင်နေရဆဲဖြစ်သည်။
စိုင်းအေး၊ဇော်ဇော်
စိုင်းအေး အသက် ၂၁နှစ် ကသီပေါဇာတိ၊ဇော်ဇော် အသက် ၁၉ က ကျောက်မဲဇာတိ၊၎င်းတို့နှစ်ယောက်မှာ လားရှိုးမြို့ရှိ ဖုန်းကုမ္ပဏီတစ်ခုတွင် အရောင်းမြင့်တင်ရေးဝန်ထမ်းများအဖြစ်အလုပ်လုပ်ကိုင်ရင်း ခင်မင်သွားကြသူများ ဖြစ်သည်။ စိုင်းအေးက လား ရှိုးတက္ကသိုလ်တွင် သင်္ချာမေဂျာ တတိယနှစ်ကျောင်းသား၊ဇော်ဇော်က နည်းပညာတက္ကသိုလ်( မန္တလေး) ပထမနှစ် ကျောင်းသား။ နှစ်ဦးစလုံးက ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပညာရေးတစ်ပိုင်းတစ်စဖြင့်ရပ်တန့်လိုက်ရသူများဖြစ်ပြီး စစ်အစိုးရလက်အောက်တွင် ပညာဆက်လက် မသင်ယူလိုသော သူများဖြစ်သည်။
၂၀၂၂ ခုနစ် ဇွန်လမှာ သူတို့အလုပ်လုပ်နေသည့် ဖုန်းကုမ္ပဏီမှာ အလုပ်စဝင်ခဲ့ပြီး လစာမှာ တစ်လလျှင် မြန်မာငွေတစ်သိန်းငါးသောင်းကျပ်သာရပြီး ဖုန်းရောင်းထွက်မှရသည့် ရာခိုင်နှုန်းနှင့် တလ တစ်သိန်းရှစ်သောင်းခန့်သာ ဝင်ငွေရှိသည်။ အဆောင်လခ တစ်လ လေးသောင်းပေးပြီးလျှင် ဆိုင်ကယ်ဆီဖိုး၊စားစရိတ်များနှင့် တစ်လ၊တစ်လ မိသားစုကိုပြန်ကြည့်ရန်ထက် ကိုယ်တိုင်သုံးရန်ပင် ငွေမလောက်ရာ နှစ်ဦးမှာအလုပ်သစ်ကို ရှာဖွေရန် တွေးလာကြသည်။
တစ်ရက် စိုင်းအေးက Facebook group တစ်ခုတွင် ကြော်ငြာထားသော အလုပ်ကြော်ငြာကို ဇော်ဇော်အား လာပြခဲ့သည်။အဆိုပါအလုပ်ကြော်ငြာတွင် ဝဒေသပန်ဆန်းရှိ Online Game လုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက် အမျိုးသားအလုပ်သမားများ အလိုရှိကြောင်း၊အခြေခံအင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာသုံးတတ်ရန်လိုပြီး တစ်လလျှင်မြန်မာငွေသိန်းနှစ်ဆယ်ခန့်ရမည်ဟု ပါရှိသည်။ သူတို့နှစ်ဦးမှာ အဆိုပါအလုပ်ကို စိတ်ဝင်စားသွားကြပြီး ပေးထားသော viber နံပါတ်ကို ဆက်သွယ်ခဲ့သည်။
၂၀၂၂ခုနစ် အောက်တိုဘာလ ၈ရက်တွင် အဆိုပါအလုပ်ခေါ်သူ မနုဟုခေါ်သော အမျိုးသမီးနှင့် လား ရှိုးမြို့တွင်တွေ့ဆုံခဲ့ပြီး သူမက ပန်ဆန်းမှသူဌေးအတွက် အလုပ်ရှာပေးသည့် ကိုယ်စားလှယ်ဖြစ်ပြီး ၎င်းတို့ကို အလုပ်ခန့်လိုက်ပြီဖြစ်ကြောင်းနှင့် မုံရွာနှင့် မကွေးမှအလုပ်လာလုပ်မည့်သူလေးဦးအား စောင့်ပြီးလျှင် အောက်တိုဘာလ ၁၂ ရက်နေ့၌ လား ရှိုးမှ ကျိုင်းတုံသို့ သွားရမည်ဖြစ်ပြီး ထိုမှဝဒေသသို့ ထွက်ခွာရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အောက်တိုဘာလ ၁၂ ရက်နေ့၌ လား ရှိုးမှ ကျိုင်းတုံသို့ Van ကားငယ်ဖြင့် ထွက်လာခဲ့သည်။ သူတို့အဖွဲ့တွင် မုံရွာ၊မကွေးနှင့် သာယာဝတီမြို့များမှ ရောက်လာသူ လေးဦးနှင့် သူတို့နှစ်ဦးအပါအဝင် ၆ဦးရှိသည်။သူတို့သည် လဲချား၊ ခိုလမ်နှင့် မိုင်းပျဉ်း ကိုဖြတ်ကာ ကျိုင်းတုံမြို့သို့ အောက်တိုဘာလ ၁၃ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဝဒေသ မိုင်းပေါက်သို့ ရောက်ရှိခဲ့သည်။
မူလကပန်ဆန်းတွင် လုပ်ရမည်ဟုပြောကာ မိုင်းပေါက်သို့ရောက်သွားသဖြင့် ခေါ်လာသူ မနုကိုမေးမြန်းရာ မနုက ပန်ဆန်းတွင်ကုမ္ပဏီအကြီးရှိပြီး ယခုမိုင်းပေါက်မှာ ကုမ္ပဏီခွဲဖြစ်ကြောင်းပြောကာ သူတို့ကိုဟော်တယ်တခုတွင် Quarantine ဝင်ရမည်ဟုဆိုကာ ထားရစ်ခဲ့သည်။
တပတ်အကြာတွင် မနုမှသူတို့ကိုခေါ်ကာ မိုင်းပေါက်ရှိ ဟွာလုံအမည်ရှိ ကုမ္ပဏီတစ်ခုသို့ခေါ်သွားသည်။ထိုကုမ္ပဏီသို့ရောက်သောအခါ တစ်လလျှင် လစာသုံးထောင်ဖြင့် ၆လစာချုပ် ချုပ်ရမည်ဖြစ်ပြီးတစ်ပတ်အစမ်း လုပ်ကြည့်၍ မပျော်လျှင် အလုပ်ထွက်နိုင်ကြောင်းပြောကာ မြန်မာနိုင်ငံသားစကားပြန် လင်းဝေနှင့်မိတ်ဆက်ပေးပြီး မနုမှာပြန်သွားခဲ့သည်။
မူလက Online Game အလုပ်တွင်ကူညီရမည်ဟု သူတို့သိထားခဲ့သော်လည်း အမှန်တကယ်လုပ်ရသော အလုပ်မှာမူ တရုတ်ဘာသာအားဖြင့် “ziapian”ဟုခေါ်ပြီး ကျားဖြန့်ဟုအများကခေါ်သော ငွေလိမ်အလုပ်တစ်ခုဖြစ်နေခဲ့သည်ဟု ဇော်ဇော်က ပြန်ပြောင်းပြောပြသည်။
“သူတို့ပြောထားတဲ့အလုပ်နဲ့ တကယ်လုပ်ရတဲ့အလုပ်က တခြားဆီဖြစ်နေတယ်၊ကျွန်တော်တို့ကို ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်တဲ့အလုပ်ကိုလုပ်ခိုင်းတာ၊မိန်းကလေးပုံတွေနဲ့ နိုင်ငံခြားကအထူးသဖြင့် အနောက်နိုင်ငံတွေဘက်ကသူတွေနဲ့ online ကနေစကားပြောရတယ်၊sex chatရတယ်၊အဲ့ကနေမှစည်းရုံးပြီးတော့ Cryptocurrency website မှာ ရင်းနှီးမြုပ်နှံဖို့လိမ်ရတယ်၊အဲ့ website ကလဲသူတို့လုပ်ထားတဲ့အတုပေါ့၊ ငွေရပြီဆိုတာနဲ့အကုန်လုံးပျက်သွားတယ်၊ ကျွန်တော်တို့ကိုတရက်၃ယောက်အနည်းဆုံးရအောင် လိမ်ရမယ်ပြောတယ်” ဟုပြောပါသည်။
စိုင်းအေးတို့မှာ ထိုကဲ့သို့လိမ်ညာရသည့်အလုပ်ကို မလုပ်လိုသော်လည်း တလပြည့်အောင်အလုပ်လုပ်ကာ လခယူပြီးမှ ထွက်မည်ဟုစဉ်းစားကာ ထိုအလုပ်အား ဆက်လုပ်ခဲ့ကြသည်။တရက်လျှင် တရုတ်စံတော်ချိန်မနက် ၈နာရီမှ ည၁၂ နာရီအထိ ဆက်သွယ်လိမ်ညာရပြီး လိမ်ညာနိုင်ခြင်းမရှိသောရက်များကို မှတ်တမ်းယူထားပြီး လကုန်လျှင် လစာထဲမှဖြတ်တောက်မည်ဟု ကုမ္ပဏီဘက်မှ ပြောဆိုခဲ့သည်။ သူတို့က အဆောက်အဦးရဲ့ ဒုတိယထပ်မှာ အလုပ်လုပ်ပြီး သူတို့အလုပ်တွင် အခြားလူငယ် ၁၂ဦး၊ အမျိုးသမီးသုံးဦး တို့ရှိသည်။ ထိုကုမ္ပဏီတွင် ငွေလိမ်ရန်အတွက် လူအယောက် ၄၀ ကိုခန့်ထားပြီး မတူညီသော တိုက်အလွှာ များတွင်ထားကာ သူတို့အားစောင့်ကြပ်ရန် တရုတ်လူမျိုးဝန်ထမ်း ၁၀ယောက်ကိုခန့်ထားသည်။
အဆိုပါကုမ္ပဏီတွင်အလုပ်လုပ်ကိုင်ပြီး တလပြည့်ရန်တပတ်အလိုတွင် သူတို့က လကုန်လျှင်အလုပ်ထွက်ပြီး အိမ်ပြန်လိုကြောင်း မန်နေဂျာအား သွားပြောခဲ့သည်။ထိုသို့သွားပြောသည့်နေ့မှစပြီးကုမ္ပဏီဘက်မှ ဆက်ဆံပုံများ စတင်ပြောင်းလဲလာခဲ့သည်ဟုစိုင်းအေးကပြောသည်။
“အတူတူလာတဲ့သူတွေအကုန်ရယ်၊အရင်ရှိပြီးသား ကောင်မလေးသုံးယောက်ရယ် နိုဝင်ဘာလမကုန်ခင်တစ်ပတ်အလိုမှာ လကုန်ရင်အလုပ်ထွက်ဖို့ သွားပြောတယ်၊ အဲ့ဒီမှာကုမ္ပဏီရဲ့အချိုးတွေကစပြောင်းတာဘဲ၊ အရင်ကနားချိန်ဆိုတိုက်အောက်ဆင်းပြီး မုန့်တွေဘာတွေဝယ်လို့ရတယ်၊အဲ့ဒီလိုပြောပြီးတည်းကတိုက်အောက်မှာလုံခြုံရေးတိုးတယ်၊ကိုဗစ်ကူးမှာစိုးလို့ဆိုပြီးအပြင်မထွက်ရဘူးလာပြောတယ်၊ ပြီးတော့ခါတိုင်းလိမ်ရတဲ့လူမပြည့်ရင်ဘာမှမလုပ်ဘူး၊ အဲ့ဒါပြောပီးနောက်ပိုင်း တရက်လိမ်တာလူမပြည့်ရင်ယောက်ကျာ်းလေးဆို ရေသန့် ၅လီတာပုံးထမ်းပြီးတိုက်အောက်ပြေးခိုင်းတယ်၊မိန်းကလေးဆိုနာရီနဲ့ချီဒူးထောက်ခိုင်းတယ်” ဟုပြောသည်။
ထိုကဲ့သို့အပြစ်ပေးမှုများကို ကုမ္ပဏီမှ အမဲရောင်ယူနီဖောင်းဝတ်ဆင်ထားသော တရုတ်စကားပြော အစောင့်များက ပြုလုပ်သည်။ထိုသို့ ဖိနှိပ်နှိပ်စက်မှုများကြောင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ၎င်းတို့မှ ထိုအလုပ်ကိုဆက်မလုပ်နိုင် အလုပ်ထွက်မည်ဟုပြောရာ ကုမ္ပဏီမန်နေဂျာမှ ၎င်းတို့ကို မနုမှတစ်ဦးလျှင် ယွမ် ၆၀၀၀ ဖြင့် ရောင်းစားသွားခြင်းဖြစ်ပြီး အလုပ်ထွက်လိုပါက ယွမ်တစ်သောင်းနှစ်ထောင် ပေးပြီးမှပြန်ရမည်ဖြစ်ကြောင်းပြောကာ စိုင်းအေး၊ဇော်ဇော် အပါအဝင် စုစုပေါင်း ၁၀ ဦးနှင့်အတူ အခြားသူများနှိပ်စက်ခံရသည်ကိုမြင်ပြီး အလုပ်ထွက်လိုသည်ဟုပြောသော လူငယ်တစ်ဦးတို့ကိုအခန်းတစ်ခုထဲတွင် ပိတ်ထားပြီး ဖုန်းများကို သိမ်းသွားခဲ့သည်။
သူတို့က ဖုန်းများကိုပေးမှ နေအိမ်နှင့်ဆက်သွယ်နိုင်မည်ဖြစ်ပြီး ငွေပေးနိုင်မည်ဖြစ်ကြောင်းပြောသဖြင့် မန်နေဂျာမှ အမျိုးသမီးတစ်ဦး၏ဖုန်းကိုပြန်ပေးခဲ့သည်။သူတို့လည်းဖုန်းရလျှင်မိသားစုအသီးသီးကို ဆက်သွယ်ခဲ့ပြီး ရောင်းစားခံရသည့်ဖြစ်စဉ်ကို Online ပေါ်တင်ကာ အကူအညီတောင်းခံခဲ့သည်။
နောက်တနေ့တွင် ကုမ္ပဏီမန်နေဂျာနှင့်လုံခြုံရေး ၁၀ဦးတို့ ရာဘာတုတ်များဖြင့် ရောက်ရှိလာပြီး Online ပေါ်တွင် တင်သည်ဟုဆိုကာ သူတို့အားလက်ထိပ်ခတ်ပြီး မိနစ်၂၀ခန့် ရိုက်နှက်ခဲ့သည်။ ထိုသို့ရိုက်သည်ကို ပြန်ခုခံသည့်အမျိုးသမီးတစ်ဦးကို လုံခြုံရေးတစ်ဦးမှ ပါးရိုက်ရာ စိုင်းအေးနှင့်ဇော်ဇော်တို့မှ မခံနိုင်ဘဲ ထိုလုံခြုံရေးများကို ဝင်ထိုးခဲ့သည်။
ထိုသို့ဝင်ထိုးသည့် စိုင်းအေးတို့ကို လုံခြုံရေးများမှ ကျင်စက်ဖြင့်ထိုးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး တိုက်အပေါ်ဆုံး ၆လွှာရှိ အခန်းတစ်ခုထဲသို့ ခွဲချုပ်ထားခဲ့ပြီး ရိုက်နှက်နှိပ်စက်မှုများကို ပြုလုပ်ခဲ့သည်။
“ကျနော်တို့ကိုအဖွဲ့ကနေခွဲပြီးတော့ အပေါ်ဆုံးထပ်ခေါ်သွားပြီး ချုပ်ထားတယ်၊ အဲ့အခန်းကိုလုံးဝအမှောင်ချထားတယ်၊ပြီးတော့ ရာဘာတုတ်နဲ့လူ၆ယောက်လောက်ဝိုင်းရိုက်ကျတယ်၊အဲ့ဒီမှာဇော်ဇော်က မခံဘဲနဲ့ပြန်ထိုးတယ်၊သူတို့က ဇော်ဇော်ကိုချုပ်ပြီး အိမ်သာထဲဆွဲခေါ်သွားတယ်၊ကိုယ်လုံးတီးချွတ်ပြီးရိုက်တယ်၊ပြီးတော့ အိမ်သာရေပိုက်ကိုဖွင့်ပြီး စအိုထဲကိုထိုးထည့်တယ်၊ပြီးတော့ကျွန်တော်ကိုလည်းကုတင်တိုင်နဲ့တွဲပြီးလက်ထိပ်ခတ်ထားတယ်၊ဇော်ဇော်ကိုကျအိမ်သာထဲမှာလက်ထိပ်နောက်ပြန်ခတ်ပြီးထားခဲ့တယ်” ဟုစိုင်းအေးကပြန်ပြောပြသည်။
နောက်ရက်များတွင် စိုင်းအေးတို့ကို တရက်လျှင် တနပ်သာထမင်းလာပို့ပြီး သူတို့၏ငွေများပြန်ပေးရန် ပြောပြီး ရေနှစ်လီတာဘူးကြီးကို တစ်ထိုင်တည်းသောက်ခိုင်းခြင်း၊ကျဉ်စက်ဖြင့်တို့ခြင်း ၊ရိုက်နှက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။သူတို့ကို သီးခြားခွဲကာ ရိုက်နှက်နှိပ်စက်ပြီး နောက်တစ်ပတ်အကြာတွင်အခြားခွဲ၍ ချုပ်ခံထားရသော အုပ်စုမှ အမျိုးသမီးတစ်ဦး၏ မိဘများမှဆက်သွယ်မှုဖြင့်လား ရှိုးမြို့ဝတပ်ဖွဲ့(UWSA)၏ ဆက်ဆံရေးရုံးနှင့် အဆက်အသွယ်ရကာ သူတို့ကြုံတွေ့နေရသောဖြစ်စဉ်များကို တိုင်ကြားနိုင်ခဲ့သည်။
ထို့နောက် အဆင့်ဆင့်ချိတ်ဆက်ပြီးနောက် ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် UWSA ၏ရဲတပ်ဖွဲ့က သူတို့ဖမ်းဆီးခံထားရသော တိုက်ကိုဝင်ရောက်ရှာဖွေခဲ့သည်။ထိုအချိန်တွင် ကုမ္ပဏီတာဝန်ရှိသူများအပါအဝင် အခြားအလုပ်သမားများမှာ သတင်းကြိုရရှိပြီး ၎င်းတို့၏ပစ္စည်းများကိုယူကာ ထွက်ပြေးတိမ်းရှောင်သွားနှင့်ပြီ ဟုသိရသည်။ စိုင်းအေးတို့အပါအဝင် ဖမ်းဆီးခံထားရသူ ၁၀ဦးကို UWSAရဲတပ်ဖွဲ့မှ ပန်ဆန်းသို့ခေါ်သွားကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး မြန်မာရဲတပ်ဖွဲ့များ နှင့်အတူ လာရောက်ခေါ်ဆောင်သော မိဘများထံအပ်နှံခဲ့သည်။
“အဲ့တိုက်ကလွတ်တာက ၂၄ဒီဇင်ဘာ၊ ၂၅ ရက်နေ့ပန်ဆန်းမှာ အဖေတို့ကလာခေါ်တယ် ၊စစချင်းအဖမ်းခံရတုန်းကအဖေတို့နဲ့အဆက်အသွယ်ရလိုက်တယ်၊ကျွန်တော်တို့ကိုကိုသပ်သပ်ချုပ်လိုက်ပေမဲ့တခြားသူတွေကအိမ်နဲ့ဆက်သွယ်ပေးကျတယ်၊အဲ့ကျန်ခဲ့တဲ့ထဲကညီမလေးတစ်ယောက်ရဲ့မိသားစုထဲပြည်သူ့စစ်အသိုင်းအဝိုင်းကဆိုတော့ သူတို့က ဆက်သွယ်ပြီးကြိုးစားတာပေါ့၊ မြန်မာရဲကိုတော့၃သိန်း၊ဝဘက်ကိုတော့ တစ်ယောက် ယွမ်၂၀၀၀ ပေးလိုက်ရတယ် ပြန်လွတ်ဖို့”ဟု ပြန်လွတ်မြောက်လာပုံကို ဇော်ဇော်မှပြောပြခဲ့သည်။
၎င်းတို့၏ဇာတိရပ်ရွာကိုပြန်ရောက်ပြီးနောက် ဇော်ဇော်မှာ နှိပ်စက်ခဲခဲ့ရသော ဒဏ်ရာများကြောင့်ကျောက်မဲမြို့ရှိ ပုဂ္ဂလိကဆေးခနိးတစ်ခုတွင် တစ်ပတ်ကြာ တက်ရောက်ကုသခဲ့ရသည်။
နွယ်နွယ်
“ကျွန်မကစစ်အာဏာရှင်ရဲ့ ငရဲကိုကြောက်လို့ပြေးတာ၊နောက်ထပ်ငရဲတစ်ခုကိုရောက်သွားတယ်”
ထိုသို့ပြောလာသူမှာ အသက် ၂၉ နှစ်အရွယ် ရန်ကုန်မြို့သူ မနွယ်နွယ်ဖြစ်သည်။ မနွယ်နွယ်သည် ၂၀၂၁ ခုနစ် စစ်ကောင်စီတပ် အာဏာမသိမ်းခင်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုက်နယ်ဆေးရုံတစ်ခုမှ သူနာပြုဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စစ်ကောင်စီမှအာဏာသိမ်းလိုက်သောအခါ အများနည်းတူ ရဲရဲဝံ့ဝံ့ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။
၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ တစ်လလုံး၌လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ထို့နောက် ရန်ကုန်မြို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် မိသားစုမှ နေ့စဉ်ဆန္ဒထွက်ပြနေသော မနွယ်နွယ်ကိုစိုးရိမ်လာကာ သူမ၏ အဘွားဖြစ်သူရှိရာ မိခင်၏ဇာတိမြို့ ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့သို့ သွားရောက်နေထိုင်စေခဲ့သည်။
နောင်ချိုမြို့သို့ ရောက်ရှိသောအခါ၌လည်း မနွယ်နွယ်မှာ စစ်အာဏာရှင်ဆန္ဒပြလှုပ်ရှားမှုများတွင် ဆက်လက်မပါဝင်ဘဲ မနေနိုင်ပါ။ မြို့ခံ CDM ဝန်ထမ်းများအတွက် အလှူခံခြင်း၊ ထိုအချိန်က စတင်စပြုနေသည့် လက်နက်ကိုင်တော်လှန်ရေးအတွက် လူငယ်များကိုကူညီခြင်းများကို ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ၂၀၂၁ ခုနစ်မေလတွင်သူမအား ရဲတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်သားများက နောင်ချိုမြို့ရှိ သူမ၏အဖွားအိမ်တွင် လာရောက်ရှာဖွေဖမ်းဆီးခြင်းကိုကြုံတွေ့ခဲ့ရသည်။ သို့သော်လည်းသူမမှာ ကြိုတင်သတင်းရကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု၏ ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။
“၂၀၂၁မေကနေ ၂၀၂၁ အောက်တိုဘာထိပေါ့ EAOs တစ်ဖွဲ့ရဲ့ နယ်မြေမှာ ကျမ ၆လနေခဲ့တယ်၊အဲ့ကနေအဲ့နယ်မြေကရှူပ်ထွေးလာတော့ ကျမတခြားသူငယ်ချင်းတွေရှိတဲ့ ရှမ်းတောင် ဟိုပုံးကရွာတွေမှာနေခဲ့တယ်”ဟု မနွယ်နွယ်က သူမထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်ခရီးလမ်းကို ပြောပြသည်။
ထွက်ပြေးတိမ်းရှောင်ရသည့်ကာလမှာ ကြာရှည်လာသည့်အခါ မနွယ်နွယ်မှာ စားဝတ်နေရေး အခက်အခဲဖြစ်လာခဲ့သည်။မူလကမိသားစုနှင့် ချစ်သူဖြစ်သူမှ သူမကိုထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ချစ်သူဖြစ်သူမှာ ၂၀၂၂ဇန်နဝါရီလ၌ လက်နက်ကိုင်တော်လှန်ရေးထဲသို့ ခြေစုံပစ်ဝင်သွားခဲ့ရာ မနွယ်နွယ်မှာ သူမဘဝရှေ့ဆက် ရပ်တည်နေထိုင်ရေးအတွက်စဉ်းစားလာခဲ့ရသည်။
၂၀၂၂ ခုနစ် စက်တင်ဘာလတွင် နောင်ချိုမြို့၌ သူမနှင့်ရင်းနှီးခဲ့သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်နေသူ နန်းလောဝ်နှင့် အဆက်အသွယ်ရရှိခဲသည်။နန်းလောဝ်က သူမသည်ယခု ဝဒေသ ပန်ဆန်းတွင် အလုပ်လုပ်နေကြောင်း၊ ပန်ဆန်းဒေသရှိ ကုမ္ပဏီများက သူနာပြုနေရာအတွက် အလုပ်များစွာခေါ်နေပြီး လစာတစ်လလျှင် ယွမ်နှစ်ထောင်ရကြောင်း၊ လာရောက်အလုပ်လုပ်ကိုင်လိုပါက ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အကြိမ်ကြိမ်တွေးတောပြီး နောက်ဆုံးတွင်သူမက နန်းလောဝ်နှင့်ဆက်သွယ်ကာ အလုပ်သွားလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ နန်းလောဝ်က သူမကို ကျိုင်းတုံမြို့သို့ ရောက်အောင်လာရန်နှင့် ထိုရောက်လျှင် သူမလာခေါ်မည်ဟုပြောသဖြင့် ၂၀၂၂ ခုနစ် အောက်တိုဘာလ ၉
ရက်တွင် နမ့်စန်၊ ခိုလမ်နှင့် မိုင်းပျဉ်းမြို့တို့ကိုဖြတ်ကာ ကျိုင်းတုံသို့ သူမထွက်ခွာခဲ့သည်။ ထို့နောက် ကျိုင်းတုံတွင် နန်းလောဝ်နှင့်တွေ့ဆုံကာ သူမတို့ ပန်ဆန်းကိုခရီးဆက်ခဲ့ကြသည်။
၂၀၂၂ အောက်တိုဘာလ နောက်ဆုံးပတ်တွင် သူမပန်ဆန်းသို့ရောက်ရှိခဲ့ပြီး ပန်ဆန်းရှိ
တည်းခိုခန်းတစ်ခုတွင် နန်းလောဝ်မှ တင်အေးဟု အမည်ရသည့် မြန်မာပြည်ဖွားတရုတ်အမျိုးသားတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ တင်အေးမှ သူမကို ပန်ဆန်းတွင်ကုမ္ပဏီဖွင့်ကာ အလုပ်လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအတွက် ပင်တိုင်သူနာပြုလုပ်ပေးရမည်ဖြစ်ပြီး တစ်လလျှင် တရုတ်ယွမ်ငွေ ၂၅၀၀ ရမည်ဖြစ်ကာဘာသာစကားမတတ်လဲ စကားပြန်ရှိထားကြောင်းပြောကာ စာချုပ်ချုပ်ရန်ကမ်းလှမ်းခဲ့သည်။
နွယ်နွယ်လည်း သဘောတူခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပန်ဆန်းမြို့ဈေးအနီးရှိ အဆောက်အအုံတစ်ခုသို့ သူမအားပို့ဆောင်ခဲ့သည်။ ထိုနောက် တင်အေးက တရုတ်လူမျိုးမြန်မာနိုင်ငံသား စကားပြန် အားဝေဆိုသူနှင့်မိတ်ဆက်ပေးပြီး ပြန်သွားခဲ့သည်။မန်နေဂျာမှသူမကို အခန်းတခုတွင် နေရာချပေးခဲ့သည်။ထိုအချိန်အထိ နွယ်နွယ်မှာ သူမကို နန်းလောဝ်မှ တင်အေးထံ တရုတ်ယွမ်ငွေ ၂၀၀၀ဖြင့်လည်းကောင်း၊ တင်အေးမှ အဆိုပါ တရုတ်အမျိူးသားများထံသို့ တရုတ်ယွမ်ငွေ ၄၀၀၀ ဖြင့်လည်းကောင်း ရောင်းစားသွားသည်ကိုမသိရှိခဲ့ရပါ။
သူမရောက်ရှိနေသော နေရာမှာ ပန်ဆန်းမြို့ရှိ တရုတ်နိုင်ငံသားပိုင် Online ငွေလိမ်လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါငွေလိမ်သည့်လုပ်ငန်းအတွက် နည်းပညာဆိုင်ရာအထောက်အပံ့ပေးနေသည့် တရုတ်နိုင်ငံသားများအား လိင်ဖျော်ဖြေရန် သူမကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။၎င်းအကြောင်းအရာကို ထိုနေ့ညသူမအခန်းထဲသို့ စကားပြန်အားဝေနှင့် အခြားတရုတ်အမျိုးသားတစ်ဦးတို့ ရောက်ရှိလာမှ သူမ သိရှိခဲ့ရခြင်းဖြစ်သည်။
အားဝေမှသူမအား အိမ်ပြန်ချင်လျှင် တရုတ်ယွမ်ငွေ တစ်သောင်းပေးရမည်ဖြစ်ပြီး ယခုတွင်မူ သူမကို သူတို့ကုမ္ပဏီမှ ဝယ်ထားပြီးဖြစ်သောကြောင့် သူတို့စိတ်တိုင်းကျအတူတူနေရန် ပြောဆိုခဲ့သည်။ ထို့နောက်သူမကို အတင်းအကျပ်ဆွဲကာ တရုတ်အမျိုးသားနှင့် တစ်လှည့်စီအဓမ္မကျင့်ခဲ့သည်။
“ကျွန်မဘာမှလုပ်မရဘူး၊သူတို့အားနဲ့မတန်ဘူး၊အခန်းထဲမှာရှိတာနဲ့ပေါက်တယ်၊ရုန်းတယ်၊သူတို့ကနှစ်ယောက်ဆိုတော့ ကျမနောက်ဆုံးသူတို့လက်ထဲမှာအမိခံသွားရတယ်၊အဲ့ညကစပြီးကျွန်မအတွက်ညတိုင်းကငရဲဘဲ၊ အခန်းတံခါးကိုအပြင်ကနေသော့ခတ်ထားတယ်၊ တရက်နှစ်ခါထမင်းလာပို့တယ်၊ပြီးတော့ညဆိုရင်တော့ သူတို့တွေ တညကို နှစ်ယောက်ကနေ လေးယောက်အထိညတိုင်း အဓမ္မလာကျင့်တယ်” ဟုသူမငရဲခန်းများ၏အကြောင်းကို နွယ်နွယ်ကပြန်လည်ပြောပြခဲ့သည်။
ထို့နေရာသို့ရောက်ရှိပြီး နောက်တစ်ပတ်အကြာတွင် သူမထွက်ပြေးရန် အခွင့်အရေး ရခဲ့သည်။ ထိုနေ့က ထမင်းလာပို့သည့်သူ ရောက်လာသည့်အချိန်တွင် ထိုသူကိုတွန်းထိုးကာ သူမတိုက်အောက်သို့ ဆင်းပြေးခဲ့သည်။ သို့သော်လည်း တိုက်ဝင်းအပြင်ဘက်သို့ အရောက်တွင် တရုတ်စကားပြော လုံခြုံရေးအစောင့်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ထို့နောက်သူမကိုအခန်းထဲပြန်ခေါ်သွားကာ ဝိုင်ယာကြိုးများ၊ခါးပတ်များဖြင့် ရိုက်နှက်ခဲ့ ကြသည်။
နွယ်နွယ်လည်း ထိုဖြစ်စဉ်အပြီးတွင် စကားပြန် အားဝေကို နေ့စဉ် ထိုကုမ္ပဏီမှ သိမ်းသွားသော သူမ၏ဖုန်းကိုပြန်ပေးရန်၊သူမ၏မိသားစုနှင့်ဆက်သွယ်ခွင့်ပေးရန် တောင်းပန်ချော့မော့ခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် သူမဖုန်းပြန်လည်ရရှိခဲ့ပြီး သူမ၏မိသားစုကို ဆက်သွယ်နိုင်ခဲ့သည်။ နွယ်နွယ်က သူမ၏အစ်ကိုအကြီးဆုံး ဖြစ်သူကိုဆက်သွယ်ခဲ့ပြီး သူမ၏ဖြစ်စဉ်ကိုပြောပြအကူအညီတောင်းခံခဲ့သည်။
နွယ်နွယ်၏အစ်ကိုက သူမထိုကဲ့သို့ လူကုန်ကူးခံရသည့်ဖြစ်စဉ်ကို လူမှုကွန်ယက်စာမျက်နှာများပေါ်သို့တင်ကာ အကူအညီတောင်းခံခဲ့သည်။ထို့နောက်သူငယ်ချင်းတစ်ယောက်၏ အကူအညီဖြင့် လားရှိုးမြို့သို့လိုက်လာကာ UWSA ဝတပ်ဖွဲ့၏ ဆက်ဆံရေးရုံးသို့ သွားရောက်အကူအညီတောင်းခံခဲ့သည်။ အဆိုပါဆက်ဆံရေးရုံးမှ ဆောင်ရွက်ပေးမည်ဟုဆိုကာ စောင့်ဆိုင်းရန်ပြောဆိုခဲ့သည်။
ထိုအချိန်တွင် နွယ်နွယ်အား ဖမ်းဆီးထားသောလုပ်ငန်းမှ သူများသည် နွယ်နွယ်အပါအဝင်အခြားအမျိုးသမီး လေးဦးကို အခြားတစ်နေရာသို့ လက်လွဲရောင်းစားရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
၂၀၂၃ဇန်နဝါရီလ ၂ရက်တွင် နွယ်နွယ်အပါအဝင် လိင်ကျွန်အဖြစ်ရောင်းစားခံရသော အခြားအမျိုးသမီးငယ်လေးဦးကို ကားနှစ်စီးဖြင့် မိုင်းပေါက်သို့ ခေါ်သွားကြသည်။ နွယ်နွယ်နှင့် ထိုအမျိုးသမီးသုံးယောက်တို့ကို ထိုသူတို့က မိုင်းပေါက်မြို့ရှိ ပြည့်တန်ဆာလုပ်ငန်းတွင်ရောင်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။မိုင်းပေါက်သို့ မသွားမှီ သူမထပ်မံထွက်ပြေးရန် ကြံစည်ပြန်သဖြင့် ဓားဖြင့် ရင်သားကိုအခြစ်ခံခဲ့ရသည်ဟု နွယ်နွယ်က ပြောသည်။
“ကျမတို့ကိုဓားနဲ့ထောက်ပြီး ကားပေါ်တက်ခိုင်းတယ်၊သတင်းတွေထွက်လာလို့ မိုင်းပေါက်ကိုပို့မယ်ပေါ့၊အဲ့မှာကားပေါ်တက်ခါနီး ကျမထပ်ပြေးတယ်၊အဲ့လိုပြေးရကောင်းလားဆိုပြီးတော့ ကျမရင်သားကိုဓားနဲ့ခြစ်တယ်၊ကားနှစ်စီးနဲ့ကျွန်မတို့ပန်ဆန်းကနေ မိုင်းပေါက်ကိုထွက်လာတယ်၊ အဲ့ကားပေါ်မှာကျွန်မနဲ့အတူပါလာတာကနမ့်ဆန်ကညီမလေးတစ်ယောက်၊သူလဲရှမ်းလိုတတ်တယ်၊ကျွန်မလဲရှမ်းလိုတတ်တော့ သူကထွက်ပြေးရအောင်လို့တိုင်ပင်တယ်”ဟုပြောသည်။
မိုင်းပေါက်မရောက်မှီ စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားနားကြရာ သူမတို့နှစ်ဦးကအိမ်သာသွားမည်ဟုဆိုကာ ထွက်ပြေးခဲ့ကြသည်။ယခုတစ်ကြိမ်တွင် လူစည်ကားသောနေရာလဲဖြစ်၊ ထိုသူများဘက်မှ လူသုံးဦးသာပါကာ ရုတ်တရက်အငိုက်မိသွားသဖြင့် သူမတို့ထွက်ပြေးနိုင်ခဲ့သည်။
“အတူတူပါလာတဲ့တယောက်က တရုတ်စကားလဲတတ်တယ်၊ပြီးတော့သူက တရုတ်ငွေနဲနဲပါလာတယ် ၊အကြွေးမပေးနိုင်လို့ အရင်အလုပ်ရှင်ကသူ့ကိုလာရောင်းတာဆိုတော့ အဆက်အသွယ်လဲများတယ်၊အဲ့ဆိုင်ကနေပြေးပြီးတော့ တခြားစားသောက်ဆိုင်တစ်ခုထဲဝင်ပုန်းတယ်၊ သူက ကားသမားတစ်ယောက်နဲ့ချက်ခြင်းချိတ်ပြီးလာခေါ်ခိုင်းတယ်၊ကျွန်မကိုလဲ အိမ်ကိုဖုနိးဆက်ပြီးငွေလွဲပေးဖို့ပြောတယ်၊ကျွန်မလဲအစ်ကို့ကို ဖုန်းဆက်ပြီးအကျိုးအကြောင်းပြောတယ်”ဟု သူမ၏ထွက်ပြေးလွတ်မြောက်လာသည့်အတွေ့အကြုံကိုနွယ်နွယ်ကပြောပြသည်။
ထိုနေ့ နေ့လည် ၂နာရီတွင် မိုင်းပေါက်မှ သူမတို့ ထွက်ခဲ့ကြသည်။ထိုနေ့ည ၇နာရီတွင် သူမတို့ ကျိုင်းတုံသို့ ရောက်ရှိခဲ့သည်။ကျိုင်းတုံရှိ တည်းခိုခန်းတခုတွင် ညအိပ်ပြီးနောက် သူမ၏ အစ်ကိုမှ နောက်တစ်ရက်တွင် လေယာဉ်ဖြင့် ရောက်လာခဲ့သည်။ သူမ၏မိသားစုမှ သူမကို စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးပြီး အိမ်ပြန်လာရန် တိုက်တွန်းခဲ့သည်။ သို့သော် နွယ်နွယ် မှာထိုသို့လုပ်လိုသောဆန္ဒမရှိသဖြင့် တာချီလိတ်မှသူငယ်ချင်းတစ်ယောက်၏ အကူအညီဖြင့် ထိုင်းနိုင်ငံသို့ ခိုးလမ်းမှတဆင့် ဝင်ရောက်ခဲ့သည်။
“ဇန်နဝါရီနောက်ဆုံးပတ်မှာ အစ်ကိုနဲ့ကျွန်မ ဟိုဘက်ကမ်းကိုကူးတယ်၊အစ်ကိုက ကျွန်မကိုမယ်ဆိုင်မှာအိမ်ငှားပေးပြီးတော့အစ်ကိုကတော့ပြန်သွားတယ်၊ ကျွန်မလွတ်လာပေမဲ့ ဟိုလူတွေနဲ့ကျန်ခဲ့တဲ့တခြားမိန်းကလေးနှစ်ယောက်အကြောင်းတွေးရင်စိတ်မကောင်းဘူး၊ဒါပေမဲ့ကိုယ်တောင်မနည်းလွတ်အောင်ပြေးလာရတာ၊ ကျွန်မလဲ လူသာလွတ်လာတာ၊စိတ်ကတော့ အဲ့ငရဲကနေမလွတ်နိုင်သေးဘူး၊ counseling အပတ်တိုင်းယူနေရတယ်၊ဒါပေမဲ့ ကိုယ့်ဘဝကိုယ်တော့စိတ်မပျက်ဘူး ကိုယ့်လိုမျိုးတခြားမိန်းကလေးတွေ မကြုံရအောင် တတ်နိုင်သလောက်တားမယ်၊ပြီးတော့ကျမတို့ကိုဒီလမ်းကိုတွနိးပို့ခဲ့တဲ့ စစ်အာဏာရှင်ကို နိုင်သလောက်ဆက်တိုက်မယ်”ဟု သူမ၏အဓိဌာန်ကိုနွယ်နွယ်ကပြောပါသည်။
နွယ်နွယ်ကလက်ရှိတွင် သူမအသိမိတ်ဆွေအချို့၏ကူညီမှုဖြင့် ထိုင်းနိုင်ငံမြို့ကြီးတစ်ခု၌သက်ကြီးပြုစုရသည့် အလုပ်ကိုရရှိလုပ်ကိုင်နေပြီး သူမ၏ရရှိလာသော စိတ်ဒဏ်ရာများအတွက် နှစ်သိမ့်ဆွေးနွေးမှုများပြုလုပ်ပြီး ကုသနေရဆဲဖြစ်သည်။
နုနု၊စိန်စိန်
လစာကောင်းပြီး သူမတို့မိသားစုကို ကောင်းကောင်း ထောက်ပံ့နိုင်သည့် အလုပ်တစ်ခုဟု သူမမှတ်ယူကာချစ်မြတ်နိုးခဲ့သော အလုပ်သည် သူမ၏အချစ်ရဆုံးညီမ၏ အသက်ကိုနုတ်ယူသွားမည်ဟုစိန်စိန်တခါမှမတွေးခဲ့ဖူးပါ။
စိန်စိန်နှင့်နုနုတို့ညီအစ်မနှစ်ယောက်သည် လား ရှိုးမြို့ ရပ်ကွက် ၄ မှ မြန်မာပြည်ဖွား တရုတ်လူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသူများဖြစ်သည်။ ၂၀၁၉ ခုနစ် စိန်စိန် အသက် ၁၈ နှစ်အရွယ်တရုတ်ကျောင်းအထက်တန်းပြီးပြီးနောက်တွင် သူငယ်ချင်းတစ်ဦး၏ အဆက်အသွယ်ဖြင့် လောက်ကိုင်မြို့ရှိ တယိင် အမည်ရှိ လောင်းကစားဝိုင်းတစ်ခုတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။
ထိုလောင်းကစားဝိုင်းတွင် သူမကမူလက ဖဲရှိူ(လောင်းကစားလာရောက်ပြုလုပ်သူများကိုကူညီရသည့်အလုပ်) တစ်ဦးအဖြစ် စတင်အလုပ်လုပ်ခဲ့ပြီး၂၀၂၀ ခုနစ်နှစ်ကုန်ပိုင်း သူမငွေကိုင်အဖြစ်သို့ ရာထူးတက်သွားချိန်တွင် သူမ၏ညီမဖြစ်သူ နုနုကိုအတူတူလာရောက်အလုပ်လုပ်ကိုင်ရန် လား ရှိုးမြို့သို့ပြန်ကာခေါ်ယူခဲ့သည်ဟု စိန်စိန်ကပြောပြသည်။
“၂၀၂၀ ဒီဇင်ဘာဖြစ်မယ် အိမ်ပြန်ပြီးညီမလေးကိုခေါ်တာ၊ အိမ်ကအမေနဲ့အဖေကလဲ တလ သိန်း ၂၀လောက်လစာရမယ်ဆိုတော့ ကျမတို့ကိုကြည်ကြည်ဖြူဖြူဘဲ၊ လောက်ကိုင်မှာအမျိုးလဲရှိတာကိုး”ဟုပြောပြသည်။
နုနုမှာ စိန်စိန်အလုပ်လုပ်သည့် လောင်းကစားရုံ၌ပင် ကွန်ပျူတာကိုင် ငွေစာရင်းကိုင်ရာထူးဖြင့် အလုပ်ရခဲ့သည်။ ကုမ္ပဏီမှပေးသည့် အဆောင်တွင် ညီအစ်မနှစ်ယောက် အတူတူနေကြသည်။၂၀၂၁ခုနစ်လုံး မြန်မာပြည်တွင်းတွင် နိုင်ငံရေးအပြောင်းအလဲများရှိနေပြီး ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်နေသော်လည်း စိန်စိန်တို့ညီအစ်မအလုပ်မှာ ပုံမှန်အတိုင်းပြောင်းလဲမှုမရှိခဲ့ပါ။
ကိုဗစ်ကြောင့် တရုတ်နိုင်ငံဘက်မှ အသွားအလာကန့်သတ်လိုက်သည့်အချိန်တွင် သူမတို့ကုမ္ပဏီမှာ အွန်လိုင်း လောင်းကစားကို ပြောင်းလဲလုပ်ကိုင်ခဲ့သည်။ ညီမဖြစ်သူနုနုမှာ စာရင်းကိုင်သင်တန်းတက်ခဲ့ဖူးသူဖြစ်ရာ ငွေစာရင်းကိုင်ရာထူးတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။စိန်စိန်မှာမူ လောင်းကစားလုပ်ငန်းများကို ကြော်ငြာ ရန်ရည်ရွယ်ချက်ဖြင့် တရုတ်ဇာတ်လမ်းတိုများကို ဘာသာပြန်ကာ လူမှုကွန်ယက်များတွင် မျှဝေရသော လုပ်ငန်းပိုင်းတွင် လုပ်ကိုင်ခဲ့ရသည်။
၂၀၂၁ ခုနစ် နိုဝင်ဘာလ ပထမပတ်တွင် စိနိစိန်နှင့်နုနုတို့၏ဘဝမှာ အပြောင်းအလဲကြီးစတင်ခဲ့တော့သည်။ နိုဝင်ဘာလ ၅ ရက်နေ့ ညနေအလုပ်ဆင်းချိန်တွင် တရုတ်နိုင်ငံသားကုမ္ပဏီတာဝန်ခံမှ နုနုကိုခေါ်ယူကာ ငွေစာရင်း ယွမ်၆သောင်းကွာနေကြောင်းပြောကာသူမအနေဖြင့် ထိုငွေများကိုခိုးယူထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
နုနုက ငွေစာရင်းမှာ သူမတစ်ဦးတည်း လုပ်ရသောအလုပ်မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုခဲ့သော်လည်း မန်နေဂျာနှင့် ငွေစာရင်းဌာနမှတာဝန်ခံတို့က နုနု၏မှားယွင်းမှုဟု အဆိုပါသူဌေးကို ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။
ထို့နောက် နုနုကို အဆိုပါယွမ် ၆သောင်းကိုပြန်လျော်ရန်နှင့် မလျော်လျှင်ကိုးကန့်ဒေသလက်နက်ကိုင်တပ်ထံသို့ အပ်လိုက်မည်ဟု ပြောဆိုခဲ့သည်ဟု စိန်စိန်ကပြန်ပြောပြသည်။
“ငွေစာရင်းကတကယ်ကွာသလား၊သူတို့ဘဲလုပ်ကြံတာလားကျွနိမတို့မပြောတတ်ဘူးလေ၊တကယ်ဆိုညီမလေးကခိုးလို့မှမရတာကို၊တရုတ်ဘဏ်အကောင့်တွေနဲ့ဘဲအလုပ်လုပ်တာလေ၊အဲ့ဒီမှာ မန်နေဂျာကော ငွေစာရင်းကလူကြီးကောက သူ့ဘက်မှာမနေဘူး၊ခိုးတယ်ပြန်လျော် ပေါ့၊ဝိုင်းပြောကြတယ်”ဟုပြောသည်။
ထိုနေ့ညနေတွင် စိန်စိန်နှင့်နုနုကို ငွေလိမ်ပြီးထွက်ပြေးမည် စိုးသဖြင့်ဟုဆိုကာ မူလနေထိုင်ရာ တုံချိန်ရှိ ကုမ္ပဏီအဆောင်မှ တရုတ်ပြည်နယ်စပ် နန်ဆန်မြို့အနီးတနေရာ၊ လောက်ကိုင်မြို့ အရှေ့မြောက်ဖက် ၁၀မိုင်ခန့်ကွာဝေးသော နေရာရှိ ၅ထပ်တိုက်တစ်လုံးသို့ ပို့ဆောင်ခဲ့သည်။ထိုတိုက်တွင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားသော ကိုးကန့်လက်နက်ကိုင်များက တင်းကြပ်စွာစောင့်ကြပ်နေပြီး onlineမှ ငွေလိမ်သည့်ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသော နေရာဟုသိရသည်။
ကုမ္ပဏီဘက်မှ နုနုကို တစ်ပတ်အတွင်း ငွေပြန်လျော်ပေးရန် ပြောပြီး ထိုတိုက်ရှိအခန်းတွင် ညီမနှစ်ယောက်လုံးကို ပိတ်ထားခဲ့သည်။ ၅ ရက်မြောက်နေ့တွင် သူဌေးမှနုနုကိုဖုန်းဆက်ကာ Fully light hotel သို့ လာခေါ်မည့်သူနှင့်လိုက်သွားရန် ပြောဆိုခဲ့သည်။အဆိုပါဟော်တယ်သို့ နုနုသည် အကောင်းပကတိ လိုက်သွားခဲ့သော်လည်း ပြန်ရောက်သည့်အချိန်တွင် ဒဏ်ရာများဖြင့် ငိုကြွေးလျက်ပြန်လာခဲ့ရသည်ဟု ပြောသည်။
“အဲ့နေ့က ညီမလေးပြန်ရောက်လာတော့ဒဏ်ရာတွေနဲ့ တစ်ချိန်လုံးလဲငိုနေတယ်၊ဘာဖြစ်တာလဲပေါ့၊ ကျွန်မကချော့မေးတော့မှ ဟော်တယ်ခန်းမှာ သူဌေးက အခြားသူ့အပေါင်းအပါယောကျာ်းသုံးယောက်နဲ့အတူ အဓမ္မကျင့်တယ်၊ ငွေမလျော်နိုင်ဘူးဆိုရင် ဝပြည်ထဲကပြည့်တန်ဆာခန်းမှာ သွားရောင်းမယ်လို့လဲ ပြောခဲ့တယ်တဲ့၊ဒဏ်ရာတွေကတော့ညီမလေး ရုန်းလို့ရခဲ့တဲ့ဒဏ်ရာတွေပေါ့”ဟု နုနုကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကိုပြန်ပြောသည်။
စိန်စိန်မှာထိုအချိန်တွင်မိသားစုနှင့် ဦးလေးဖြစ်သူကို ဆက်သွယ်အကူအညီတောင်းခဲ့ပြီး ဦးလေးဖြစ်သူက သူမတို့ ရောက်ရှိနေသောနေရာမှာ ကိုးကန့်ပြည်သူ့စစ်များ စိုးမိုးရာနယ်မြေဖြစ်သည့်အတွက် သက်ဆိုင်ရာကို တိုင်ကြားရန်လည်း မလွယ်ကူကြောင်း ပြောကြား ခဲ့သည်။မိဘနှစ်ပါးနှင့်လားရှိုးမှဆွေမျိုးများမှ တောင်းပန်ပြီး ငွေကိုတစ်ဝက်ပေးရန် ညှိနှိုင်းစေခဲ့ပြီး ထိုငွေအတွက် လားရှိုးမြို့ရှိသူမတို့မိသားစုပိုင်နေအိမ်ကို ရောင်းပေးမည်ဟု ပြောဆိုခဲ့သည်။
သူဌေး၏အဓမ္မကျင့်ခံရပြီးနောက် ပြန်လာသောနုနုမှာ နေ့စဉ်ငိုယိုနေပြီး အစားစားသောက်ခြင်းလည်း မရှိဘဲ မိသားစုကိုဒုက္ခမပေးချင်ဟုသာ တချိန်လုံးပြောဆိုနေခဲ့သည်။ ထိုအချိန်နုနုတစ်စုံတစ်ခု ဖြစ်သွားလိမ့်မည်ဟု စိန်စိန်မမျှော်လင့်ခဲ့ပါ။
သူမတို့ အချုပ်ခံရပြီး ၈ရက်မြောက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်တွင် စိန်စိန်ရေချိုးခန်းထဲ ရောက်နေခိုက် အခန်းပြတင်းပေါက်မှ ဝုန်းခနဲအသံကြားသဖြင့်ထွက်ကြည့်ရာ နုနုမှာ သူမတို့အခန်းရှိရာ တိုက်၏လေးလွှာမှ အောက်သို့ခုန်ချသွားခဲ့ပြီဖြစ်သည်။ သူမအော်ဟစ်ပြီး လုံခြုံရေးများကို တံခါးဖွင့်ပေးရန် တောင်းဆိုကာ အောက်သို့ဆင်းသွားခဲ့သည်။ သို့သော် နုနုမှာ ကွန်ကရစ်လမ်းပေါ်တွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနှင့်ပြီးဖြစ်သည်။
ထိုနေ့ညတွင်းခြင်းပင် ကုမ္ပဏီမှအလောင်းကို လာရောက်ယူဆောင်သွားပြီး မီးသင်္ဂြိုလ်ခဲ့သည်။စိန်စိန်ကိုလည်းလက်နက်ကိုင်များဖြင့်ခြိမ်းခြောက်ကာ ခုန်ချသည့်သတင်းကို လုံးဝထုတ်မပြောရန်နှင့် နောက်တစ်ရက်တွင် ချက်ခြင်း လားရှိုးပြန်ရန် ပြောဆိုခဲ့သည်။
“ကျမအဲ့အချိန်လူကရူးမလိုဖြစ်သွားတယ်၊ကိုယ်အကြာကြီးအတူတူ အလုပ်လုပ်ခဲ့တဲ့သူဌေးကြောင့် ကိုယ့်ညီမ သေတယ်၊အရိုးတောင်ပြန်မရဘူး၊ပြီးတော့သတင်းထွက်ရင် နက်ဖန်ချက်ခြင်းမပြန်ရင် ကျွန်မကိုသတ်မယ်လို့ ပြောတယ်၊အဲ့ဒါအပြင်ကိုမြို့ထဲကဦးလေးကိုလဲဖမ်းမယ်လို့ပြောတယ်၊ကျွန်မလဲနောက်တစ်ရက် အထုပ်ပိုက် ပြီးတော့ အိမ်ပြန်ပြေးခဲ့ရတယ်” ဟုစိန်စိန်ကသူမကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြခဲ့သည်။
လားရှိုးမြို့သို့ ပြန်ရောက်ပြီး မိဘများကိုကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြောပြပြီးသောအခါ ဖခင်ဖြစ်သူမှာ အိပ်ရာထဲဘုန်းဘုန်းလဲသွားခဲ့သည်။ သူမအနေဖြင့် ရဲစခန်းသို့တိုင်ကြား၍ တရားမျှတမှုကိုလိုလားသော်လည်း ထိုစဉ်ကနိုင်ငံရေးရှုပ်ထွေးမှုကြောင့်သော်လည်းကောင်း၊ တရားရင်ဆိုင်ရန် လိုအပ်သောငွေကြေးများအတွက် မိသားစုစီးပွားရေးအခြေအနေက အဆင်မပြေသည့် အတွက်ကြောင့် သော်လည်ကောင်း၊သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြစရာမရှိသည့်အပြင် ကိုးကန့်လက်နက်ကိုင်တပ်များနှင့် ထိုလုပ်ငန်းမှ အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်နေသည်ကို သူမသိသည့်အတွက် ကြောင့် သော်လည်းကောင်း သူမမှာဘာမှမလုပ်နိုင်ခဲ့ဟု စိန်စိန်ကပြန်ပြောပြသည်။
“ဟိုမှာကျနိခဲ့တဲ့ဦးလေးကိုစိတ်ပူတယ်၊ပြီးတော့အဖေကလဲနေမကောင်း၊ကျမမှာသက်သေကလဲမရှိတော့ဘာမှမလုပ်နိုင်ခဲ့ဘူး၊ပြောလဲတချို့အဲ့ဘက်အလုပ်သွားလုပ်တဲ့သူတွေကကျမလိမ်တယ်ဘဲပြောကြတယ်၊ ဘာမှမလုပ်နိုင်ခဲ့ဘူး၊ဘယ်သူ့ကိုမှမပြောရဲဘူး”ဟုပြောပြသည်။
သူမညီမကဲ့သို့အခြားသူများကိုမကြုံတွေ့စေချင်ဘဲ ငွေ၏နောက်မှာ အန္တရာယ်ရှိသည် နယ်စပ်ဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူလူငယ်များကို သတိပေး လိုကြောင်း စိန်စိန်ကဆိုသည်။
နိဂုံး
ဤဆိုးရွားလွန်းသော သက်သေခံချက်များသည် ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသရှိ ရာဇဝတ်ဂိုဏ်းသားများကြောင့် မြန်မာပြည်နှင့် ကမ္ဘာတဝှမ်းမှ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေရသော မရေမတွက်နိုင်သည့် လူများစွာတို့၏ ဘဝများကို အနည်းငယ်သာ ဖော်ပြနိုင်သည်။
ဤအတွေ့အကြုံများကို ပြန်လည်မျှဝေခြင်းဖြင့် ထိုဒေသများသို့ လာရောက်အလုပ်လုပ်ကိုင်ရန် စဉ်းစားနေသည့် မြန်မာပြည်မှလူငယ်များကို ထိုကဲ့သို့လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသည့် အဖြစ်မျိုးနှင့် မကြုံရအောင် သတိပေးကာကွယ်နိုင်မည်ဟု မိမိတို့ မျှော်လင့်ပါသည်။
ထို့အပြင် သက်ဆိုင်ရာအာဏာပိုင်များအနေနှင့် ၎င်းတို့ထိန်းချုပ်ရာဒေသရှိ ရာဇဝတ်ဂိုဏ်းသားများကို ထိထိရောက်ရောက်နှိမ်နှင်းပြီး ရာဇဝတ်သားကောင်ဖြစ်ခဲ့ရသောသူများအတွက် ထိုရာဇဝတ်ဂိုဏ်းသား များကို အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်သည်။
ထို့ကြောင့် SHRF အနေဖြင့် အောက်ပါအချက်များကို တိုက်တွန်းလိုက်ရပါသည်။
- ရှမ်းပြည်နည်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် UWSA ထိန်းချုပ်ရာဒေသ များရှိ အာဏာပိုင်များအနေဖြင့် ရာဇဝတ်ဂိုဏ်းသားများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့အား အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန် ကျွန်ုပ်တို့တိုက်တွန်းသည်။
- တရုတ်အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံသားများ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသများတွင် ရာဇဝတ်မှုများကျူးလွန်နေသည်ကို ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းရန် ကျွန်ုပ်တို့တိုက်တွန်းသည်။
- Mytel ဆက်သွယ်ရေးကွန်ယက်နှင့် ဖက်စက်စီးပွားလုပ်ကိုင်နေသော Viettel ကုမ္ပဏီကို ပိုင်ဆိုင်သော ဗီယက်နမ်အစိုးရအနေဖြင့် Mytel ဆက်သွယ်ရေးကွန်ယက်အား အသုံးပြုပြီး ရာဇဝတ်မှုများကျူးလွန်နေသည်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျွန်ုပ်တို့တိုက်တွန်းသည်။