ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကာလအတွင်း  ပြည်သူ ၆ ဦး နှိပ်စက်ခံရပြီး ၂ ဦးသတ်ဖြတ်ခံရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကာလအတွင်း  ပြည်သူ ၆ ဦး နှိပ်စက်ခံရပြီး ၂ ဦးသတ်ဖြတ်ခံရ

၂၀၂၃ ခုနစ် ဖေဖော်၀ါရီ ၁၀ ရက်မှစတင်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလတွင် ပြည်သူ ၆ ဦးနှိပ်စက်ခံခဲ့ရပြီး တစ်ဦးပစ်သတ်ခံရကာ လေကြောင်းတိုက်ခိုက်မှု ကြောင့် တစ်ဦးသေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စကခ ၁ လက်အောက်ခံ ခမရ ၅၀၂ နှင့် ခမရ ၅၀၅ မှ စစ်ကောင်စီတပ်သားတစ်ရာခန့်သည် တောင်ဘက်မှနေ၍ ပြင်ဦးလွင်-မိုးကုတ်လမ်းအတိုင်း လုံခံ ကျေးရွာသို့ ချဥ်း ကပ်လာခဲ့သည်။ ရွာ၏ အရှေ့ဘက်သို့အရောက်တွင် အဆိုပါဒေသ၌ လှုပ်ရှားနေသော မန္တလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသောဘုန်းကြီးကျောင်းအဆောက်အအုံ

နေ့တစ်ဝက်ခန့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် တိုက်လေယာဥ်သုံးစီးရောက်ရှိလာခဲ့ပြီး ရွာအတွင်းနှင့် ရွာအရှေ့ဘက် တောအတွင်းသို့ ဗုံးများကြဲချခဲ့ရာ ဗုံးတစ်လုံးသည် ရွာ၏ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး ကျောင်းဆောင်နှင့် စေတီတို့ထိ ခိုက် ပျက်စီးခဲ့သည်။

မွန်းလွဲပိုင်း တိုက်ပွဲများငြိမ်သက် သွားသည့်အချိန် တွင် ဒေသခံရွာသားများသည် ကားများ၊ ထော်လာဂျီများဖြင့် တောင်ဘက်ရှိဟိုခိုကျေးရွာသို့ ထွက်ပြေးခိုလှုံခဲ့​ကြသည်။ သို့သော်လည်း အမျိုးသားအချို့မှာ ၎င်း တို့၏နေအိမ်များကို စောင့်ကြည့်ရန်ကျေးရွာအ တွင်းနေရစ်ခဲ့ကြသည်။

ထိုနေ့ညနေတွင် စစ်ကောင်စီတပ်သားများသည် လုံခန်ကျေးရွာအတွင်းသို့ရောက်ရှိလာပြီး နေအိမ်များကို စတင်ရှာဖွေခဲ့ကြသည်။၎င်းတို့သည် အမျိုးသား ၇ ဦးအား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီး ချည်နှောင်ကာ ၎င်းတို့စခန်းချရာ ရွာအရှေ့ဘက်ရှိတောထဲသို့ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါအမျိူးသား ၇ ဦးမှာ လယ်ယာစိုက်ပျိုးရေလုပ်ကိုင်သူ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ကြားတို့ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၁ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသား ၇ ဦးကို ခွဲ၍စစ် ဆေးမေးမြန်ရန် အုပ်စုများခွဲခဲ့သည်။ ၎င်းတို့သည် ပထမဦးဆုံး အမျိုးသားနှစ်ဦးကိုခေါ်ဆောင်ကာ ၎င်း တို့ ကိုရိုက်နှက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်များ အကြောင်းကို မေးမြန်းခဲ့သည်။ အဆိုပါ နှစ်ဦး ကိုပြန်လည်ခေါ်ဆောင်ခဲ့ပြီးနောက် အခြားသုံးဦးကိုထပ်မံခေါ်ဆောင်ကာ အလားတူ စစ်ဆေးမေး မြန်းခဲ့ သည်။ ထိုသူတို့ကိုလည်းပြန်လည်ခေါ်လာပြီးနောက် ကျန်ရှိနေသော ရွာသားတစ်ဦးကို ခေါ်ဆောင်ကာ မူလအတိုင်း စစ်ဆေးမေးမြန်းပြန်သည်။ ၎င်းကိုပြန်လည်ခေါ်ဆောင်လာပြီးနောက် နောက်ဆုံးတွင် ၎င်း တို့သည်အသက် ၂၄ နှစ်အရွယ်ရှိ အိုက်စိုင်းကို ခေါ်ဆောင်သွားခဲ့သည်။အချိန်အတန်ကြာပြီးနောက် အိုက် စိုင်း ပြန်ရောက်မလာသဖြင့် အခြားရွာသား များသည် စစ်ကောင်စီတပ်သားများအားမေးမြန်းရာ ၎င်းတို့က အိုက်စိုင်းသည် PDF တပ်ဖွဲ့ဝင် ဖြစ်သဖြင့် ပစ်သတ်လိုက်ပြီဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုနေ့ညနေ ၇ နာရီဝန်းကျင်၌ပင် စစ်ကောင်စီ တိုက်လေယာဥ်များသည် လုံခံကျေးရွာသို့ရောက်လာကာ ဗုံးလာကြဲပြန်ရာ ဗုံးတစ်လုံးသည် နေအိမ်တစ်လုံးကိုထိမှန်ပြီး ဒေသခံရွာသား စိုင်းအောင်သိန်း အသက်၂၃ နှစ် သေဆုံးခဲ့ရသည်။

ထိုအချိန်၌ပင်စစ်ကောင်စီတပ်သားများသည်ကျေးရွာအတွင်းတွင်ပြည်သူတို့၏နေအိမ်များကို ဝင်ရောက် မွေနှောက်ကာ ပစ္စည်းများကို အဓမ္မယူဆောင်ခဲ့ရာ ကျေးရွာအတွင်းရှိ ကုန်စုံဆိုင် ၃ ခု မှကာ လ တန်ဖိုး သိန်း၂၀၀ ဝန်းကျင်ခန့်ရှိသော ပစ္စည်းများခိုးယူခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်  စစ်ကောင်စီတပ်သားများသည် ရွာသား၆ဦးအား ပြန်မလွတ်မှီ PDF တပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ ထပ်မံမေးမြန်းပြီး နေအိမ်များသို့ပြန်လွတ်ခဲ့သည်။ ၎င်းတို့က အကယ်၍ ကျေး ရွာအတွင်းမှတစ်စုံတစ်ဦးက PDF နှင့်ပတ်သက်သည်ကိုတွေ့ပါက ရွာကိုမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဟိုခိုကျေးရွာတွင်ထွက်ပြေးတိမ်ရှောင်နေသော ရွာသားများကို ပြန်မလာပါကလည်း တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု မှာကြားစေခဲ့သည်။ ထို့ကြောင့် ရွာသားများအားလုံးသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြန်လာခဲ့ရသည်။

ဟိုခိုကျေးရွာသို့ထွက်ပြေးတိမ်းရှောင်လာသောဒေသခံများ

လုံခံကျေးရွာတွင် အိမ်ခြေ ၈၀ ခန့်ရှိပြီး လူဦးရေ၂၀၀ ခန့်ရှိကာ အများစုမှာ ရှမ်း နှင့် ဓနု လူ မျိုး များဖြစ်သည်။

လုံခံကျေးရွာတင်မဟုတ်ဘဲ အနီးရှိကျေးရွာများ ဖြစ်သော နားခါး၊ခေးနင်း၊ပိန်းညို၊ကြံခင်းနှင့် ကုလားကွဲ ကျေးရွာမှဒေသခံ ၅၂၅ ဦးတို့သည် ဖေ ဖော်ဝါရီ ၁၀ ရက်နေ့တွင် ဟိုခိုကျေး ရွာသို့ထွက် ပြေးတိမ်းရှောင်ခဲ့ ရပြီးပြန် မလာလျှင် တစ်ရွာလုံးကို မီး ရှို့ပစ်မည်ဟုစစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ဖေဖော် ဝါရီ ၁၄ ရက်တွင်ပြန်ခဲ့ရသည်။

စစ်ကောင်စီတပ်သားများသည် လုံခံကျေးရွာအနီးရှိ တောထဲတွင် လှုပ်ရှားနေဆဲဖြစ်ပြီး လမ်းသွားလမ်းလာများကိုစစ်ဆေးခြင်း ရံဖန်ရံခါရွာအတွင်းကင်းလှည့်ခြင်းများကိုပြုလုပ်နေသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်    +66 94-728-6696                (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန် +66 62 569 5220                (မြန်မာ)

Download PDF files: Shan Burmese English

ထုတ်ပြန်ချက်