ဓနုတို့၏အချက်အချာနယ်မြေတွင် စစ်ကောင်စီက ပြင်းထန်စွာပိုမိုပြုလုပ်လာသည့် အစုအပြုံလိုက် ညှဥ်းပန်းနှိပ်စက်မှုများ

ဧပြီလ ၂၀၂၅

Download report: English Burmese Shan

မာတိကာ

၁။ အနှစ်ချုပ်

၂။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်မှစ၍ ရွာငံနှင့် ပတ်ဝန်းကျင်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တော်လှန်ရေးလှုပ်ရှားမှုများ

၃။ ရွာငံနှင့် ပတ်ဝန်းကျင်ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများ

၄။ စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုများ၊ မီးရှို့မှုများနှင့် ဖောက်ထွင်းလုယူမှုများ

၅။ မတရားဖမ်းဆီးမှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများ

၆။ စစ်ကောင်စီတပ်သားများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ

၇။ ရွာငံမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ

၈။ လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များ

 

၁။ အနှစ်ချုပ်

ယခုအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံနှင့် ထိစပ်လျက်ရှိသော မြို့နယ်များနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ဒေသခံပျူစောထီးများက ဒေသခံရွာသားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပို၍ပြင်းထန်စွာ လုပ်ဆောင်လျက်ရှိသည့် အကြောင်းများကို မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ အစုအပြုံလိုက် ညှင်းပန်းနှိပ်စက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းသည် အဆိုပါဒေသများ၌ ဓနုကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ဩဇာလွှမ်းမိုးလာမှုများကို တိုက်ရိုက်တုန့်ပြန်ရန်ဖြစ်ကြောင်း ထင်ရှားသည်။

SHRF သည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်မှစ၍ ရွာငံမြို့နယ်ရှိ ကျေးရွာငါးရွာတွင် စစ်ကောင်စီတပ်သားများ၏ တရားလက်လွတ်သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ ဖောက်ထွင်းလုယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။  ယခုနောက်ဆုံးအစီရင်ခံစာတွင် ၂၀၂၂ခုနှစ် မေလမှစ၍ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုများကို ခံရသော ဒေသများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာ ၁၄ရွာအပါအဝင် မန္တလေးတိုင်း သာစည်မြို့နယ်တို့တွင် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောလများအတွင်း ထိုနေရာတိုင်းတွင် မီးရှို့ဖျက်ဆီးနှုန်းမှာ သိသိသာသာမြင့်တက်လျက်ရှိသည်။ အစောပိုင်းကာလများက တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု သံသယဝင်ခံရသော သူများ၏ အိမ်များသာ မီးရှို့ဖျက်ဆီးခံရသော်လည်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရွာငံမြို့ အနောက်တောင်ဘက်ရှိ မင်းပလောင်ကျေးရွာတစ်ခုလုံးရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် စုစုပေါင်း ၁၇၀လုံး ကို စစ်ကောင်စီတပ်မ ၅၅ တပ်သားများက ဓနုတော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကို အစုအပြုံလိုက်အပြစ်ပေးသည့်အနေဖြင့် မီးရှို့ပြာချခဲ့သည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီသည် ဓနုတော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၁၈ရက်နေ့မှ ဇန်နဝါရီလ ၁၆ရက်နေ့အတွင်း ရပ်စောက်မြို့နယ်မြောက်ဖက်ရှိ ကျောက်ဂူကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၃ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ရွာငံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဤအစီရင်ခံစာတွင် စစ်ကောင်စီတပ်သားများ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း မီးမောင်းထိုးပြထားပြီး ထိုအထဲတွင် ၂၀၂၃ခုနှစ် မေလက တပ်မ၅၅ တပ်သားများ၏ အုပ်စုဖွဲ့မုဒိန်းပြုကျင့်ခြင်းခံရသော အမျိုးသမီးသုံးဦးအကြောင်းနှင့် ရွာငံမြို့တွင် ဖမ်းဆီးခံရကာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံခဲ့ရသော ၂၃နှစ်အရွယ်အမျိုးသမီးတစ်ဦး အကြောင်းတို့ပါဝင်သည်။

စစ်ကောင်စီတပ်၏ ပိုမိုပြင်းထန်လာသော ညှင်းပန်းနှိပ်စက်မှုများ၊ အထူးသဖြင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ယခုအချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ၎င်းတို့သည် ရွာငံရှိ တောတောင်များတွင် သွားရောက်ခိုလှုံနေကြရသည်။ စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် အချို့မှာ ကြိမ်ဖန်များစွာ ထွက်ပြေးကြရသည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့နေရသော်လည်း ထိုနေရပ်စွန့်ခွာထွက်ပြေးသူများသည် လူသားချင်းစာနာမှုအကူအညီများ လုံးဝမရသလောက်နီးပါး ဖြစ်နေသည်။

၂။ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်မှစ၍ ရွာငံနှင့် ပတ်ဝန်းကျင်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တော်လှန်ရေးလှုပ်ရှားမှုများ

ရွာငံသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်၂ခုမှ တစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ ပင်းတယဖြစ်သည်။ ရွာငံမြို့နယ်သည် ရှမ်းကုန်းပြင်မြင့် အနောက်စွန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းအစပ်တွင် တည်ရှိသည်။ ရွာငံ-ဟန်မြင့်မို လမ်းမှတဆင့် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ကို အလွယ်တကူသွားနိုင်သကဲ့သို့ ရွာငံ-အောင်ဗန်း-ဟဲဟိုးလမ်းမှတဆင့် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်အခြေစိုက်ရာ တောင်ကြီးမြို့သို့ အလွယ်တကူသွားနိုင်သည်။ ရွာငံ-ပင်းတယ-ရပ်စောက် လမ်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းကိုလည်း ဆက်သွယ်ထားသည်။

ရွာငံသည် ယခင်က ပဋိပက္ခဖြစ်ပွားရာဒေသမဟုတ်သော်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် တစ်တိုင်းပြည်လုံးရှိပြည်သူများကဲ့သို့ ရွာငံရှိပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည်။ စစ်ကောင်စီက မတရားဖမ်းဆီးမှုများနှင့် ရက်စက်စွာနှိမ်နင်းမှုများပြုလုပ်လာသောအခါ ရွာငံမှ လူငယ်လူရွယ်များသည် အနီးနားရှိ လူမျိုးစုလက်နက်ကိုင်တပ်များထိန်းချုပ်ရာနေရာများသို့ သွားရောက်ခိုလှုံခဲ့ရပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်နည်းဖြင့် တော်လှန်ရန် ထိုတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရောက်ခဲ့ကြသည်။

၂၀၂၁ခုနှစ်၊ နှစ်လယ်ပိုင်းတွင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များထံ စစ်ပညာသင်ယူခဲ့သော လူငယ်အချို့သည် ရွာငံဒေသသို့ပြန်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ အကုန်တွင် ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရွာငံဒေသရှိ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များကို ပျောက်ကြားတိုက်ခိုက်လာခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အရှိန်တိုးမြှင့်တိုက်ခိုက်မှုများကို ကြုံတွေ့လာရသောအခါ စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုများဖြင့် တုန့်ပြန်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မေလအတွင်း ပဲရင်းတောင်ရွာနှင့် နွားဘန်းကြီးရွာတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၏ အရပ်သားများအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် မူလကရှိခဲ့သော တော်လှန်ရေးတပ်ဖွဲ့များသည် တောတောင်ထူထပ်သောနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်။ အချို့အဖွဲ့များသည် အခြားသောလူမျိုးစုလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသများသို့ ခေတ္တသွားရောက် ခိုလှုံခဲ့ကြရသည်။

ထိုကဲ့သို့ အစောပိုင်းတွင် ဆုတ်ခွာမှုများပြုလုပ်ခဲ့ရသော်လည်း လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း ရွာငံဒေသတွင် တော်လှန်ရေးလှုပ်ရှားမှုများ ပြန်လည်စုစည်းမိလာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အရေအတွက်နှင့် အင်အားများ တိုးပွားလာသည်။

လက်ရှိအချိန်တွင် အောက်ပါဒေသခံတော်လှန်ရေးတပ်ဖွဲ့များသည် ရွာငံမြို့နယ်အပါအဝင် ထိစပ်လျက်ရှိသော မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသည်။

  • ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်(DPLA)
  • ဓနုပြည်နယ်ကာကွယ်ရေးတပ်တော် (DSNDA)
  • ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ဖွဲ့
  • ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
  • ဂျိုးဖြူမြို့ပြပျောက်ကြားတပ်ဖွဲ့

အခြားဒေသမှ တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ရွာငံတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ လှုပ်ရှားနေသည်များလည်း ရှိသည်။ ၎င်းတို့မှာ

  • အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု(CRC-PLA)
  • မှော်ဘုရင်စစ်ကြောင်း

၃။ ရွာငံနှင့် ပတ်ဝန်းကျင်ဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူများ

ရွာငံဒေသတွင် အဓိကစစ်ရေးလှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်မှာ ကလောအခြေစိုက် ခြေမြန်တပ်မ ၅၅ဖြစ်ပြီး ထိုတပ်မသည် ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အဓိကတာဝန်ရှိသူ ဖြစ်သည်။ ထို့အပြင် မိတ္ထီလာအခြေစိုက် တပ်မ ၉၉ သည်လည်း ရွာငံဒေသအတွင်းရှိ စစ်ဆင်ရေးများတွင် တခါတရံ ပူးပေါင်းပါဝင်လျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ ရွာငံဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသော အခြားသူများမှာ စစ်ကောင်စီက လေ့ကျင့်ပေးထားသည့် ဒေသခံပျူစောထီးတပ်ဖွဲ့ဝင်များဖြစ်သည်။

၂၀၂၂ခုနှစ် မတိုင်မီက ရွာငံတွင်အခြေစိုက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိခဲ့ပါ။ သို့ရာတွင် ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ ရာနှင့်ချီသော တပ်မ ၅၅ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့တောင်ဖက်စွန်းရှိ ပဲရင်းတောင်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲလာခဲ့သည်။ ထို့နောက် ၂၀၂၂ခုနှစ် မေလတွင် တပ်မ ၅၅ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့မြောက်ဖက် နွားဘန်းကြီးကျေးရွာရှိ အထက်တန်းကျောင်းတွင် နောက်ထပ် အခြေစိုက်စခန်းဖွင့်ပြီး တပ်စွဲခဲ့သည်။

ရပ်စောက်မြို့နယ်မြောက်ပိုင်း၊ ကျောက်ဂူမြို့တွင် ကျောက်ဂူအခြေစိုက် အမြောက်တပ် အမတ ၃၄၉ နှင့် ကျောက်ဂူနှင့် နမ်လန်ကြား ဆက်သွယ်ထားသော လမ်းပေါ်ရှိ နောင်ဝိုကျေးရွာတွင် အခြေစိုက်သည့် ခလရ ၂၉၂ တို့သည် အဆင်အခြင်မဲ့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

၄။ စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုများ၊ မီးရှို့မှုများနှင့် ဖောက်ထွင်းလုယူမှုများ

စစ်ကောင်စီတပ်သည် ၂၀၂၂ မေလမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း ရွာငံမြို့နယ်နှင့် ကပ်လျက်ရှိသော သာစည်မြို့နယ်တစ်လျှောက်ရှိ ကျေးရွာ/ရပ်ကွက် ၁၀ခုမှ အနည်းဆုံး နေအိမ် ၂၀၅လုံးနှင့် တဲ ၇လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့ စနစ်တကျပြင်ဆင်ပြီး ကျေးရွာသားများ၏ နေအိမ်များကို ဖျက်ဆီးပစ်ရန် အဓိကပစ်မှတ်ထားသော လုပ်ဆောင်ချက်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခြင်း၊ ထိုကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အမျိုးများဖြစ်ခြင်း၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြသော အစိုးရဝန်ထမ်းများနှင့် ပြည်သူများ ဖြစ်ခြင်း စသော အကြောင်းပြချက်များကြောင့် ဖြစ်သည်။

၂၀၂၂ခုနှစ် မေလမတိုင်မီက စစ်ကောင်စီသည် နွားဘန်းကြီးကျေးရွာရှိ အကြမ်းမဖက်ဆန္ဒပြခြင်းကိုဦးဆောင်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိသည်ဟု ၎င်းတို့ယူဆသောသူများ၏ နေအိမ်များကို အဓိကပစ်မှတ်ထား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၁၁လုံး ပြာကျပျက်စီးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရသော နေအိမ်၅လုံးမှ ပိုင်ရှင်များသည် ဖမ်းဆီးခြင်းခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင် ၆နှစ် ချခံရသည်။

၂၀၂၂ခုနှစ်၊ နှစ်လယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုများသည် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် ကျေးရွာများနှင့် ပတ်လည်ရှိ ဒေသများအထိ ပျံ့နှံ့လာသည်။

စစ်ကောင်စီတပ်သားများသည် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုမီတွင် နေအိမ်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေနှင့် အခြားပိုင်ဆိုင်မှုများကို စနစ်တကျ ဖောက်ထွင်းလုယူပြီး နေအိမ်ရှိအသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးပစ်ကာ အိမ်ကိုမီးရှို့ကြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များသို့ပြန်လာပြီး ပြာကျပျက်စီးခြင်း ရှိမရှိကို သေချာအောင်စစ်ဆေး၍ လိုအပ်ပါက နောက်တစ်ဖန်မီးရှို့ကြသည်ကို ကြည့်ခြင်းအားဖြင့် ထိုလုပ်ရပ်များသည် တမင်ရည်ရွယ်တွက်ချက်ထားသော အရာများဖြစ်သည်မှာ ထင်ရှာလျက်ရှိသည်။

၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့နှင့် ၄ရက်နေ့တွင် ရွာငံမြို့နယ် ရွာငံ-သာစည် စပ်ကြားအနီးရှိ တောတွင် စစ်ကောင်စီတပ်သားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနောက်ပိုင်း ၂၀၂၃ခုနှစ်၊ မေလ ၆ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် မျက်ခါးအင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ထိုကျေးရွာတွင် ရွာသားများသည် ဘုရားတည်ရန် ပြင်ဆင်နေကြသည်။ စစ်ကောင်စီတပ်သားများသည် ဘာသာရေးပွဲတော်အတွက် လှူဒါန်းထားသော ငွေများကို သိမ်းယူခဲ့ပြီး အမျိုးသမီး တစ်ဦးကိုဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ် ၁၅လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာများရှိ နေအိမ်များကို ဖျက်ဆီးနေသည့် ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိသည့်အပြင် တောတောင်များရှိ စစ်ဘေးရှောင်များ၏ ယာယီအဆောက်အဦးနှင့် တဲများကိုပါ ဖျက်ဆီးပစ်သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့တွင် တပ်မ ၅၅ တပ်သားများ ဒေသခံပြည်သူ့စစ်များနှင့်အတူ ပန်းလောင်မြစ်အနီးရှိ ပက်ချောင်းကျေးရွာပြန်လည်နေရာချသည့် နေရာတွင် စစ်ဆင်ရေးပြုလုပ်ခဲ့သည်။ ထိုအတောအတွင်း ၎င်းတို့သည် စစ်ဘေးရှောင် ယာယီအဆောက်အဦးနှစ်ခုကို မီးရှို့ခဲ့သည်။ ထို့ပြင် ၎င်းတို့သည် ဒေသခံတစ်ဦးပိုင်ဆိုင်သော နွားတစ်ကောင်ကိုလည်း သတ်ဖြတ်စားသောက်ခဲ့ကြသည်။

၂၀၂၄ခုနှစ် မတ်လ ၁၇ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် တပ်သားသစ်စုဆောင်းရန်အတွက် ကျောက်တောကျေးရွာနှင့် ညောင်ပင်သာကျေးရွာသို့ ဦးတည်လာခဲ့သည်။ သို့ရာတွင် ညောင်ပင်သာကျေးရွာသို့မရောက်မီ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ နောက်တစ်နေ့ မတ်လ ၁၈ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ညောင်ပင်သာကျေးရွာနှင့် ကျောက်တောကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံကျေးရွာသားများ၏ မွေးမြူရေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်းများပြုလုပ်ပြီး ကျောက်တောဘုန်းကြီးကျောင်းတွင် လှူဒါန်းထားသော အလှူငွေများကို လုယူခဲ့သည်။ အကျိုးဆက်အနေဖြင့် ဒေသခံကျေးရွာသားများသည် အနီးနားရှိ တောတောင်များနှင့် ရွာငံ-သာစည် နယ်စပ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဝမ်းနည်းစွာပင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တောတွင် မီးဖွားနေစဉ် သေဆုံးခဲ့သည်။

မိမိတို့နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသခံများသည် ၎င်းတို့၏ မူလနေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ခြင်း မပြုရဲကြတော့ပေ။ ၎င်းတို့သည် အနီးနားရှိ တောများနှင့် တောင်များသို့ ထွက်ပြေးခိုလှုံကြရပြီး ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသည်။

မင်းပလောင်ကျေးရွာမီးရှို့ဖျက်ဆီးခံရခြင်း

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် စစ်ကောင်စီတပ်မ ၅၅မှ ရာနှင့်ချီသော တပ်သားများသည် ရွာငံမြို့တောင်ပိုင်း တောင်ကုန်းများပေါ်ရှိ မင်းပလောင်ကျေးရွာသို့ ဦးတည်လာခဲ့သည်။ လာရာလမ်းတွင် စစ်ကောင်စီသည် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဓနုပြည်နယ်ကာကွယ်ရေးတပ်မတော် DSNDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် မင်းပလောင်ကျေးရွာသို့ ဆက်လက်ဦးတည်ခဲ့ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ နံနက် ၁၀နာရီဝန်းကျင်တွင် ကျေးရွာတစ်ခုလုံးကို မီးရှို့ခဲ့သဖြင့် ခန့်မှန်းခြေ နေအိမ် ၁၇၀လုံး ပျက်စီးခဲ့သည်။ ထိုနေ့တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်များနှင့် ရဟတ်ယာဉ်များက ရွာပတ်ပတ်လည်ရှိ တောတောင်များကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုများ ပိုမိုဖြစ်ပွားခဲ့သည်။

၈၀၀ဦးခန့်ရှိသော မင်းပလောင်ဒေသခံကျေးရွာသားအားလုံးသည် အနီးနားရှိ တောများနှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုကျေးရွာသားများသည် ယနေ့အချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ပြီး ၎င်းတို့၏ကျေးရွာဖြစ်သည့် မင်းပလောင်တွင် စစ်ကောင်စီက တပ်စွဲထားသဖြင့် နေရပ်မပြန်နိုင်ကြပေ။

၅။ မတရားဖမ်းဆီးမှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများ (၂၀၂၃ခုနှစ် မတ်လ – ၂၀၂၄ခုနှစ် နိုဝင်ဘာလ)

SHRF စုဆောင်းထားသော အချက်အလက်များအရ ၂၀၂၁ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရသော ရွာငံဒေသခံ ကျေးရွာသား ၃၀၀ဦးအနက် ၁၀၀ကျော်မှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံရဆဲဖြစ်ပြီး အချို့ကိုတရားစီရင်ပြီးဖြစ်၍ အချို့မှာ အမှုရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲများသည် မကြာခဏဆိုသလို ရက်စက်ကြမ်းကြုတ်သော စစ်ဆေးနည်းများကိုအသုံးပြု၍ ဖမ်းဆီးခံရသူများထံမှ PDF များ၏ သတင်းအချက်အလက်များကို စစ်ဆေးလေ့ရှိသည်။ ဖမ်းဆီးခံရစဉ်အတွင်း သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ပျောက်ဆုံးသွားမှုများနှင့်ပက်သက်သော ဖြစ်စဉ်ငါးခုကို မိမိတို့မှ မှတ်တမ်းပြုစုထားသည်။

၂၀၂၃ခုနှစ် မတ်လ ၂၃ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ကျောက်ဂူပြင်ကျေးရွာမှ ကျေးရွာသား ၉ဦးကို PDF များနှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ရွာငံရဲစခန်းတွင် စစ်ဆေးခဲ့သည်။ ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် အသက် ၃၆နှစ်အရွယ် ကိုသိန်းထွန်း ရွာငံပြည်သူ့ဆေးရုံတွင် မတ်လ ၂၈ရက်နေ့ညက သေဆုံးကြောင်းကို ၎င်း၏မိသားစုသည် သတင်းရရှိခဲ့သည်။ သူ၏မျက်နှာ၊ လည်ပင်းနှင့် ခြေလက်တို့တွင် ပြင်းထန်စွာရိုက်နှက်ထားသော ဒဏ်ရာများကို မိသားစုက တွေ့ရှိခဲ့ရသည်။

၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် စစ်ကောင်စီတပ်သားများက လွှစင် ကျေးရွာမှ အသက် ၅၂နှစ်အရွယ် ဦးဝင်းမောင်ကို PDF များအားထောက်ပံ့သည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး စစ်ဆေးရန်အတွက် ခေါ်ဆောင်သွားသည်။ စစ်ကောင်စီက သူသည် ဇူလိုင်လ ၂ရက်နေ့က စစ်ကြောရေးအတွင်း သေဆုံးခဲ့သည်ဟု အကြောင်းကြားသော်လည်း သူ၏ရုပ်အလောင်းကို ပြန်မပေးခဲ့ပါ။

၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၂၉ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ပဲရင်းတောင်ကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်သည့် မပိုးကို ဖမ်းဆီးခဲ့ပြီး ရွာငံရဲစခန်းတွင် သူမအားစစ်ဆေးခဲ့သဖြင့် သူမ၏ကိုယ်ဝန်ပျက်ကျခဲ့ရသည်။ နောက်နေ့တွင် စစ်ကောင်စီတပ်သားများသည် သူများအားပြန်လွှတ်ပေးခဲ့သည်။

၂၀၂၄ခုနှစ် မေလ ၂၉ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ရနဲ ကျေးရွာမှ ရွာသူကြီး ဦးအောင်ဝင်းနှင့် ဒေသခံ ကိုအောင်ကျော်ဝင်းကို PDF များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးဖမ်းဆီးခံရသည့်အချိန်မှစ၍ စစ်ကောင်စီတပ်သားများသည် ဥပဒေအရ တရားစွဲခြင်းသော်လည်းကောင်း၊ ထောင်ချခြင်းသော်လည်းကောင်း မပြုလုပ်ပဲ သူတို့၏အကြောင်းကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်ထားသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် မြတ်ခါအင်းကျေးရွာအနီးရှိ တောတွင်ရှိသော သစ်ခွဲစက်သို့ ဆိုက်ကယ်များဖြင့် ရောက်ရှိလာသည်။ ၎င်းတို့သည် ရွာငံမြို့နယ်ရှိ ထိုသစ်ခွဲစက်မှ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သံတော်ကျေးရွာသူ ဒေါ်သင်းသင်းနှင့်အတူ အလုပ်လုပ်နေသော အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် မိတ္ထီလာမြို့နယ်ရှိ တပ်မ ၉၉ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့၌ ဒေါ်သင်းသင်းသည် စစ်ကြောရေးအတွင်း သေဆုံးခဲ့သည်။

၆။ စစ်ကောင်စီတပ်သားများ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ

SHRF သည် ၂၀၂၃ခုနှစ်တွင် ရွာငံမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သော ဖြစ်စဉ်နှစ်ခုကို မှတ်တမ်းပြုစုထားသည်။

၂၀၂၃ ခုနစ် မေလ ၃ ရက်နေ့နှင့် ၄ရက်နေ့တွင် ရွာငံမြို့နယ်ဘက်မှ ရွာငံ-သာစည်နယ်စပ် တောအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် မေလ ၆ ရက်နေ့တွင် မျက်ခါးအင်းကျေးရွာသို့ ရောက်ရှိလာခဲ့သည်။ မျက်ခါးအင်းကျေးရွာသို့မရောက်မီ မနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများသည် တောထဲတွင် စစ်ဘေး ရှောင်နေရသော ရွာခံအမျိုးသမီးငယ် ၃ ဦးကို စစ်ကောင်စီတပ်သားများမှ အုပ်စုလိုက်အဓမ္မကျင့်ခဲ့ကြသည်။

ထို့နောက်စစ်ကောင်စီတပ်သားများသည် တောထဲမှထွက်ခွာသွားခဲ့ကြပြီး တောထဲတွင်ငိုယိုနေသော အမျိုးသမီးငယ်တို့ကို ရွာသားများကတွေ့ရှိခဲ့ကြသည်။အဆိုပါနေရောအနီးတွင် အမျိုးသမီးအတွင်းခံများကို လည်းတွေ့ရှိခဲ့ကြပြီး အမျိုးသမီးငယ်တစ်ဦးမှ သူမ၏ မိသားစုကိုပြန်လည်ပြောကြားချက်အရ စစ်ကောင်စီတပ် သား ၆ဦးမှ ၄င်းတို့ကိုအဓမ္မကျင့်ခဲ့ကြကြောင်းသိရသည်။

မမိုးမိုးသည် အသက် ၂၃ နှစ်အရွယ် ရွာငံဒေသခံစစ်ရှောင်ကူညီသူတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနစ်တွင် စစ်ကောင်စီ တပ်တပ်မ ၅၅ မှနေအိမ်သို့လာရောက်ဖမ်းဆီးသွားခြင်းကိုခံခဲ့ရသည်။ထို့နောက်ရွာငံရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင် သွားခြင်းကိုခံခဲ့ရပြီး စစ်ကောင်စီတပ်သားများမှ သူမအားနည်းမျိုးစုံဖြင့်ရိုက်နှက်နှိပ်စက်ခဲ့သည်။ ထို့အပြင်ထိုစဥ် က သူမနှင့်အတူဖမ်းဆီးခဲ့ရပြီးပြန်လည်လွတ်မြောက်လာသူ အမျိုးသမီး၏ပြောကြားချက်အရ စစ်ကောင်စီ တပ်သားများသည် မမိုးမိုး၏ အမျိုးသမီးအင်္ဂါအတွင်းတို့ ပြင်ပပစ္စည်းများဖြင့်ထိုးသွင်းမှုများ၊ရင်သားအား ရိုက်နှက်မှုများကိုပါပြုလုပ်ခဲ့သည်ဟုသိရသည်။

ရွာငံရဲစခန်းသည် အချို့သောအကျဉ်းသူများက ၄င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါက အမျိုးသမီးလစဥ်သုံးပစ္စည်းများ ဝယ်ယူခွင့်ကို ပိတ်ပင်တတ်ကြောင်း သိရသည်။

 

၇။ ရွာငံမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ

၂၀၂၄ခုနှစ် နိုဝင်ဘာလတွင် ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာနှင့် အင်တောကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ DPLA သည် နောင်ချိုမြို့နယ်တောင်ပိုင်း၊ တောင်းခမ်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မန္တလေးPDF တို့နှင့်အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး ရပ်စောက်မြို့နယ်မြောက်ပိုင်း၊ တောင်ခမ်းနှင့်ဆက်သွယ်ထားသော လမ်းမကြီးတလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့ မွန်းတည့်ချိန်တွင် စစ်ကောင်စီသည် ကျောက်ဖြူကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် တောင်းခမ်းနှင့်နောင်ချိုဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ကျောက်ဂူတံတား ပျက်စီးခဲ့သည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျောက်ဂူကျေးရွာတောင်ပိုင်းရှိ တောင်ထိပ်ကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီအမြောက်တပ် အမတ ၃၄၉ စခန်းမှ တပ်သားများသည် အင်တောကျေးရွာကို လက်နက်ကြီးများဖြင့် တရားလက်လွတ်ပစ်ခတ်ခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့မှ ၁၆ရက်နေ့အတွင်း ကျောက်ဂူကျေးရွာနှင့်ခဲကြား ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် DPLA အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်က လက်လွတ်စပယ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်ဂူကျေးရွာမှ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၁၆ရက်နေ့ နေ့လည် ၁၂:၃၇ နာရီ မှ ၁:၂၀ နာရီအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃၁လုံးကြဲချခဲ့ပြီး ညနေ ၄နာရီတွင် နောက်ထပ် ဗုံး၂၅လုံး ကြဲချခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဂူကျေးရွာမှ ကျေးရွာသား ၃ဦးသေဆုံးခဲ့ရပြီး ၁၃ ဒဏ်ရာရရှိကာ နေအိမ် ၈လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၃၁ရက်နေ့တွင် ရွာငံအနောက်ဘက်တောင်များရှိ ပတ်ချောင်းကျေးရွာသစ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးတစ်လုံး ကြဲချခဲ့ပြီး တပ်မ ၉၉မှ ဒရုန်းများဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သဖြင့် နေအိမ်သုံးလုံး ပျက်စီးခဲ့သည်။ ပတ်ချောင်းရွာသစ်သည် ၁၉၈၅ ခုနှစ်က အကောင်အထည်ဖော်ခဲ့သော ကင်းတားရေအားလျှပ်စစ်စီမံကိန်းကြောင့် နစ်မြုပ်သွားသော ဒေသများမှ ပြန်လည်ရွေ့ပြောင်းနေထိုင်လာကြသောရွာဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် မျက်မြင်သက်သေတို့၏ ထွက်ဆိုချက်များ

၁။ မီးရှို့မှု

ကျူးလွန်ခံရသူ၏ ထွက်ဆိုချက်: အမျိုးသား၊ အသက် ၃၄နှစ်

မီးရှို့ခံသည့်နေရာ:  လွှစင် ကျေးရွာ၊ နမ့်ခုံးကျေးရွာအုပ်စု၊ ရွာငံမြို့နယ်

မီးရှို့သည့်ရက်စွဲ: ၂၀၂၃ခုနှစ် ဩဂုတ်လ

ဖြစ်စဥ်က အဓိကကသတင်းပေါက်သွားတာ။ ကျနော်PDFထဲဝင်တယ်ဆိုပြီး။ ၂ဝ၂၃ခုနှစ်ထဲမှာပဲ ။ ၈လပိုင်းပေါ့။ အေးနေ့က ည ၉နာရီလောက်ကြီး ။ တပ်မ ၅၅ရယ် ပျူစောထီးရယ် ပူးပေါင်းအဖွဲ့ဗျ။ အင်အားက ၆ဝလောက်ရှိမယ်။ ရွာထိပ်မှာ ၅ဝလောက်ကကျန်ခဲ့ပြီး ကျန်တဲ့၁ဝယောက်လောက်က ကျနော့်အိမ်လာပြီး မီးရှို့သွားတာ။ မဝင်ခင် ခြံထဲမှာ သေနက်၁ချက်ဖောက်သေးတယ်။ ပြီးမှ မီးရှို့တာ။ ကျနော်တို့မရှိလို့ပေါ့။ ရှိရင် ဆရာနဲ့ဘယ်စကားပြောဖြစ်မလဲဆရာရယ် သေပြီပေါ့ ၊ ကျနော့်အိမ်က ၂ထပ်အိမ်ပါ။

၂။ မီးရှို့မှု

ကျူးလွန်ခံရသူ၏ ထွက်ဆိုချက်: အမျိုးသား၊ အသက် ၃၄နှစ်

မီးရှို့ခံသည့်နေရာ:  လွှစင် ကျေးရွာ၊ နမ့်ခုံးကျေးရွာအုပ်စု၊ ရွာငံမြို့နယ်

မီးရှို့သည့်ရက်စွဲ: ၂၀၂၃ခုနှစ် စက်တင်ဘာလ

အိမ်မီးရှို့ခံရတာ။ အိမ်က ၂ထပ်အိမ်ပါ။ သတင်းပေါက်တာ ။ ကျနော်က PDFထဲဝင်တယ်ဆိုပြီး တယောက်ယောက်က တိုင်လို့ထင်တယ်။ ၂ဝ၂၃ထဲမှာ။ စက်တင်ဘာလထဲပဲ ရက်ကကျနော်မမှတ်မိလို့။ နေ့ခင်းဘက် ၁၁နာရီအချိန်လောက်ပေါ့။ မီးရှို့တဲ့အဖွဲ့က ကလောတပ်ဗျ တပ်မ၅၅။ ပျူလည်းပါတယ်။ သူတို့ပူးပေါင်းအဖွဲ့က အဲ့နေ့ ၁၁နာရီလောက်မှာ ကျနော်တို့ရွာလာပြီး ကျနော့်အိမ်မီးရှို့သွားတာ။ ခဏခဏလာတယ်ဆရာ။ အဲ့ရှေ့လကလည်း ရွာထဲကအိမ်တွေမီးရှို့သေးတယ်။

၃။ မီးရှို့မှုနှင့် အိမ်မွေးတိရိစ္ဆာန်များခိုးမှု

ကျူးလွန်ခံရသူ၏ ထွက်ဆိုချက်: အမျိုးသား၊ ကျေးရွာသား

မီးရှို့ခံသည့်နေရာ:  ပတ်ချောင်းရွာသစ်၊ ပန်းလောင်မြစ်အနီး၊ ရွာငံမြို့အနောက်ဖက်

မီးရှို့သည့်ရက်စွဲ: ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၇ရက်

၂၀၂၄ ခုနှစ် ၁လပိုင်း ၇ရက်နေ့က ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးပါတယ်။ ထိုးရတဲ့အကြောင်းက အရင်တခေါက်စစ်ကြောင်းမှာသူတို့က ကျနော်တို့လှေတွေဖမ်းသွားလို့ဆိုပြီး ဒီဘက်က တော်လှန်ရေးအဖွဲ့တွေက သူတို့ရုံးတွေကိုပြန်ပြီးမီးရှို့ လှေတွေပြန်ယူလုပ်ပေးခဲ့လို့ပါ။ အဲ့စစ်ကြောင်းမှာ တပ်မ၅၅ရယ် သဲဖြူချောင်းတပ်ရယ် ပျူတွေရယ်ပေါင်းပြီးလာတာပါ။ ဒီဘက်ကတော်လှန်ရေးသမားတွေနဲ့တိုက်ပွဲမဖြစ်လိုက်ပါဘူး။ အဲ့တုန်းက ခြင်ကိုက်ကုန်းက ပြည်သူနေတဲ့တဲတွေကို မီးရှို့သွားတာပါ။ အကြောင်းပြချက်မရှိပါဘူး။ အဲ့တဲပိုင်ရှင်တွေ​ကလည်း သူတို့ဟာသူတို့ တံငါလုပ်စားနေကြတဲ့သူတွေပါ။ တဲ ၂လုံးပါ။ မီးရှို့သွား​တာ။ နောက်နေ့ ၈ရက်နေ့ကျတော့ ငသီတီကျွန်း​က ပိုင်ရှင်ဦးကျော်ရဲ့ နွား၂ကောင်ကို သတ်စားသွားပါတယ်။ ၁ကောင်က ဇီးနဲ့ပါ။ ၃ကောင်ပေါ့ ဇီးနဲ့ဆိုတော့။ နွားမကြီးဝမ်းထဲက ၁ကောင်၊ နွားမကြီး ၂ကောင်။ ခန်းမှန်းချေ ဦးကျော်က ၁၅သိန်းခန့် ဆုံးရှုံးပါတယ်။ ဦးကျော်ကော စောနကမီးရှို့ခံရတဲ့တဲပိုင်ရှင်ကောက သူတို့ဟာသူတို့ တံငါလုပ်လိုက် မီးသွေးဖုတ်လိုက်နဲ့ပဲ အေးအေးဆေးဆေးနေကြတာပါ။ တော်လှန်ရေးအဖွဲ့ထဲကလည်းမဟုတ်ပါဘူး။ ထောက်ပံ့ရအောင်လည်း သူတို့တောင်ဆင်းရဲနေတာ။ သာမန်ပြည်သူပါ။ ပြောရရင် သက်သက်အနိုင်ကျင့်တာပေါ့ဗျာ။

၄။ ပိုင်ဆိုင်မှုများ ဖျက်ဆီးခြင်းနှင့် ဖောက်ထွင်းလုယူခြင်း

ကျူးလွန်ခံရသူ၏ ထွက်ဆိုချက်: အမျိုးသား၊ ကျေးရွာသား၊ အသက် ၃၇နှစ်

ကျူးလွန်ခံရသည့်နေရာ:  ကျောက်တော်နှင့်ညောင်ပင်သာကျေးရွာ

မီးရှို့သည့်ရက်စွဲ: ၂၀၂၄ခုနှစ် မတ်လ ၁၇ရက်

ကျနော်တို့ရွာကို 17.3.2024ရက်မှာ စစ်မှုထမ်းစုဆောင်းရေးကိစ္စနဲ့ပက်သက်ပြီး စစ်ကြောင်းထိုးလာပါတယ် ။ တပ်မ ၅၅နဲ့ တပ်မ၉၉လက်အောက်ခံ ခမရ ၄၂၀တပ်ကပါ။ ​ပျူစောထီးကောပါပါတယ်။ ကျောက်တောနဲ့ညောင်ပင်သာရွာ၂ရွာမှာ ၁ရွာကို လူအယောက်၂၀တောင်းတာပါ။ ရွာငံမြို့နယ်၊ ရနဲအုပ်စု၊ ညောင်ပင်သာရွာအရှေ့ဘက်ရောက်တော့ ဒေသခံတော်လှန်​ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ကျနော်တို့ ကျောက်တောကျေးရွာနဲ့ညောင်ပင်သာရွာ ၂ရွာလုံးပြေးရပါတယ်။ တစ်ချို့က သာစည်မြို့နယ်၊ဖိုးသာနိုင်းကျေးရွာကို စစ်ဘေးရှောင်ပြီး ၊ တစ်ချို့က သာစည်မြို့နယ် သက္ကယ်ဒိတ်ကျေးရွာအနီးက စားကျက်မဘုန်းကြီးကျောင်းကိုစစ်ဘေးရှောင်ရပါတယ်။ ညောင်ပင်သာရွာကအဲ့ဒီ၂နေရာကို ရှောင်တာများပါတယ်။ ကျနော်အပါအဝင် ဖိုးသာနိုင်းရွာကိုရှောင်တာက ၁၂၀လောက်ရှိပါတယ်။ ကျောက်တော ရွာသားတွေကတော့  တောထဲတွေမှာ ပုန်းနေရပါတယ်။ စစ်ခွေးတွေ ရွာပေါ်ရောက်တော့ ညောင်ပင်သာရွာထဲကဆန်တွေ၊ဆီတွေ၊အစရှိသဖြင့် အကုန်မွှေနှောက်ပြီးယူသွားပါတယ်။ ကြက်၊ ဘဲနဲ့ ဝက်တွေကိုသတ်စားသွားပါတယ်။ ကျောက်တောကိုရောက်တော့လည်း အကုန်မွှေသွားပါတယ်။ ကျောက်တောဘုန်းကြီးကျောင်းထဲက ဘုရားအလှူငွေတွေကိုယူသွားပါတယ်။ ဘုန်းကြီးကျောင်းပေါ်မှာလည်း စစ်ဖိနပ်ရာတွေတွေ့ပါတယ်။ ဖိနပ်မချွတ်ပဲ ကျောင်းပေါ်တက်တာပါ။ ရွာလယ်ဈေးဆိုင်က ဈေးကုန်တွေလည်း အကုန်ဖျက်စီးသွားပါတယ်။ ဈေးဆိုင်က ၂၅သိန်းခန့်ဆုံးရှုံးသွားပါတယ်။ ကျောက်တောရွာက ကိုယ်ဝန်သည်၁ဦး တောထဲမှာပုန်းရင်း မီးမဖွားနိုင်လို့ မိခင်ကော ကလေးပါ အသက်ဆုံးရှုံးသွားပါတယ်။ ခုချိန်ထိ ကျနော်တို့ရွာသားတွေ ဘယ်နေ့စစ်ခွေးတွေထပ်လာမလဲစိုးရိမ်နေရပြီး ညဆိုအိပ်မပျော်ပါဘူး။ တစ်ချို့ရွာသားတွေဆိုရင် ခုထိရွာပြန်မအိပ်ရဲကြသေးပါဘူး။

၅။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု

ကျူးလွန်ခံရသူ၏ ထွက်ဆိုချက်: ဖမ်းဆီးခံရသူအမျိုးသမီး အသက် ၄၂နှစ်

ကျူးလွန်ခံရသည့်နေရာ:  ရွာငံရဲစခန်း

ကျူးလွန်သည့်ရက်စွဲ: ၂၀၂၃ခုနှစ်

ကျမက မမိုးမိုးထက်အရင်အဖမ်းခံရပြီးအချုပ်ထဲရောက်နေတာ။ကျမတို့က နိုင်ငံရေးမှုဆိုတော့ ခွဲထားတယ်သူများတွေနဲ့။ သူ့ကိုဖမ်းခေါ်လာတဲ့နေ့ကဆို စုတ်ပြတ်နေတာဘဲ။ လမ်းမှာဖမ်းရင်းနဲ့ရိုက်လာတာတဲ့။သူ့အပေါ်ထပ်အင်္ကျီဆိုပြဲပါပြဲတယ်။ နောက်ရက် ကျတော့ ညနေပိုင်းတိုင်းစစ်ကြောရေးဆိုပြီးတော့ သူ့ကိုလာခေါ်ထုတ်သွားတယ်။ ရဲချည်းဘဲမဟုတ်ဘူး။ စစ်၀တ်စစ်စားနဲ့လဲပါတယ်။စစချင်း ၃ရက်ကတော့ သူအချုပ်ထဲပြန်ရောက်လာရင်ပုံမှန်ဘဲ။လေးရက် မြောက်ရက်ကျတော့ ညတော်တော်နက်ပြီသူ့ကိုပြန်လာပို့တာ။ သူငိုပြီးပြန်လာတယ်။ကျမကမေး တော့မှ သူ့ရင်ဘတ်ကိုပြတယ်။ရင်သားတွေကနီရဲပြီးအစင်းကြောင်းတွေနဲ့။ သူတို့မေးတာမဖြလို့ အင်္ကျီချွတ်ပြီး ခါးပတ်နဲ့ရင်သားတွေကို ရိုက်တာတဲ့။ပါးတွေလဲရိုက်တယ်ပြောတယ်။နောက်ရက်တွေ မဖြေရင် သူ့ကိုတပ်ထဲကစစ်ကြောရေးပို့မယ်ပြောလာတယ်။ နောက်တနေ့ည ၅ ရက်မြောက်ကျတော့ နေ့ခင်းတည်းကလာခေါ်သွားတယ်။ညဘက်ကျတော့ ပြန်လာပို့တော့ သူကပျော့ခွေပြီးရောက်လာပြီ။ မနက်ကိုသူ့ကိုနေရာပြောင်းမယ်တဲ့။ကျမငိုပြီးသူဖြစ်တာတွေပြောပြခဲ့တယ် အဲ့တညလုံး။ သူ့ကိုလက်သီးနဲ့ ထိုးကျတယ်။ပြီးတော့ ချုပ်ပြီး အမျိုးသမီးပစ္စည်းထဲကို နံပါတ်တုတ်နဲ့ထိုးတယ်။ သူတို့မေးတာတွေထပ်မဖြေရင် နောက်ရက်တွေကျ မုဒိမ်းကျင့်မယ်လို့လဲပြောတယ်တဲ့။ အဲ့ညကသူ့ အင်္ဂါက သွေးတွေထွက်လို့ လုံချည်မှာလဲသွေးတွေစွန်းတာတွေ့တယ်။နောက်ရက်မနက်ကျ သူ့ကို တခြားနေရာခေါ်ထုတ်သွားကြလို့ ကျမလဲဘာဆက်ဖြစ်လဲသေချာမသိဘူး။ကျမတော့ တစ်နှစ်ခွဲဘဲကျတာမို့ စောလွတ်ပြီးဒိဘက်ရောက်လာတာ။