တရုတ်နိုင်ငံမှဖောက်လုပ်ရန်စီစဥ် မူဆယ်-မန္တလေးမီးရထားလမ်းကြောင်းတလျောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့

တရုတ်နိုင်ငံမှဖောက်လုပ်ရန်စီစဥ် မူဆယ်-မန္တလေးမီးရထားလမ်းကြောင်းတလျောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ ခုနှင့် မန္တလေးတိုင်း‌ဒေသကြီး မိုးကုတ်မြို့ တို့တွင် အရပ်သား ၆၈ ဦးသေဆုံးပြီး ၁၃၆ ဦး ထိခိုက်မှုများရှိခဲ့ကာ ထိုတိုက်ခိုက်ခံရမှုများတွင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ စျေးဆိုင်များနှင့် စက်ရုံအလုပ်ရုံများလည်းပါဝင်ခဲ့သည်။  ထို့သို့တိုက်ခိုက်ခံရသော ‌မြို့နယ်အများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားသောမြို့နယ်များဖြစ်ပြီး လက်ရှိတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများဖြစ်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများသည် တရုတ်နိုင်ငံမှ စီမံလျက်ရှိသည့် မူဆယ်-ကျောက်ဖြူ အမြန်ရထားလမ်း၏ မြောက်ပိုင်းတစ်လျှောက်တွင် တည်ရှိသောမြို့များကို အဓိကပစ်မှတ်ထားခဲ့ပြီး ထိုဒေသများသည် မင်းအောင်လှိုင်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့၌ တရုတ်ဝန်ကြီးချုပ် Li Qiang နှင့်တွေ့ဆုံပြီးနောက် ၎င်းတို့စတင်အကောင်အထည်ဖော်လုပ်ဆောင်နိုင်သည့်ဒေသများအဖြစ် ကြေညာထားသောနေရာများ ဖြစ်သည်။

မူဆယ်မြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်နိုင်မည့် ၄၀၉.၉၆ ကီလိုမီတာရှည်လျားသော မီးရထားလမ်းပိုင်းသည် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံကုန်ကျမည်ဖြစ်ပြီး တံတား ၁၂၄စင်း၊ လှိုဏ်ခေါင်း ၆၀ခုနှင့် ဓာတ်အားပေးစက်ရုံခွဲ ၁၁ခုပါဝင်မည်ဖြစ်ကာ ထိုစက်ရုံခွဲများသည် တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချပြီးဆောက်လုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ်နှင့် သံလွင်မြစ်ပေါ်ရှိ တာတမံများမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်ကို အသုံးပြုမည်ဖြစ်သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောက်မဲမြို့ရှိအင်ကြင်းတောင်ဘုန်းကြီးကျောင်း

သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs) သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ ၂၃ အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် အောက်တိုဘာလ ၁၃ရက်မတိုင်မီ ၄ရက်အလို၊ အောက်တိုဘာလ ၉ရက်နေ့တွင် စစ်ကောင်စီက သီပေါမြို့တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုနေ့ ညနေ ၃နာရီတွင် သီပေါမြို့အနောက်မြောက်ဘက်ရှိ နမ့်ငုံး ကျေးရွာကို စစ်ကောင်စီက Y-12 အမျိုးအစားတိုက်လေယာဉ်ဖြင့် ဗုံးအလုံးရေ ၆၀ကျော်ကြဲခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင်၂ပါး သေဆုံးခဲ့ပြီး အခြားသီလရှင်တစ်ပါး ဒဏ်ရာရကာ နမ့်ငုံးဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့ အောက်တိုဘာလ ၉ရက်နေ့တွင် စစ်ကောင်စီ၏သည် Y-12 တိုက်လေယာဉ်ဖြင့် သီပေါမြို့ရှိ  ပုသိမ်တောင်ရပ်ကွက်၊ ရွှေကျောင်းရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်တို့ကို ဗုံးကြဲခဲ့သဖြင့် နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများက နမ့်လန်မြို့အနီးရှိ ပန်ဟိုင်းကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရကာ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၂၃ရက် နေ့လည်ပိုင်းတွင် နားမခေါ်ကျေးရွာမှ ၁.၅ ကီလိုမီတာကွာဝေးသော ကောင်းဟတ် ကျေးရွာအနီး အခြေစိုက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် နမ့်လန်မြို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကောင်းဟတ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ အရပ်သား ၁ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရပြီး နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သည်။

 

မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

မိုင်းရယ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိသော်လည်း အောက်တိုဘာလ ၉ရက်နေ့ မွန်းလွဲ ၂:၃၀ နာရီခန့်တွင် မိုင်းရယ်မြို့နယ်၊ ခိုဆိုင်းကျေးရွာအုပ်စု၊ သျှန်တော်ကျေးရွာရှိ သံတောင်ဦးသကြားစက်ရုံမှ အလုပ်သမားအိမ်ရာကို စစ်ကောင်စီက လေယာဉ်၂စင်းဖြင့် ဗုံးကြဲခဲ့သဖြင့် အမျိုးသမီးစားဖိုမှူး ၁ဦးသေဆုံးကာ စက်ရုံအလုပ်သမား ၉ဦးဒဏ်ရာရရှိပြီး နေအိမ် ၅လုံးနှင့် ကား ၂စီး ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ သံတောင်ဦး စက်ရုံမှာ ဗမာ့တပ်မတော်နှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသော ငွေရည်ပုလဲကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီခွဲ ဖြစ်သည်။

 

သိန္နီ မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

သိန္နီမြို့နယ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက တော်လှန်ရေးတပ်ဖွဲများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း အောက်တိုဘာလအတွင်း မြို့တွင်းနှင့် မြို့ပတ်ပတ်လည်တဝိုက်ကို စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။

အောက်တိုဘာ ၁၀ရက်နေ့၊ မွန်းလွဲ ၂:၃၀ နာရီတွင် မတ်ချပ် ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံး၂လုံး ကြဲခဲ့သဖြင့် အရပ်သား၅ဦးသေဆုံးကာ နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၅ရက်၊ ညနေ ၈:၃၀ နာရီတွင် ကောင်းဟော် ကချင်ရွာနှင့် ကောင်းလောက်စောက်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သား ၉ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရကာ နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၇ရက်နေ့၊ ည ၉:၅၀ နာရီခန့်တွင် ရပ်ကွက် ၃ ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင်၃၀၀ ဗုံးများ ကြဲခဲ့သဖြင့် အရပ်သား ၁၀ဦး ဒဏ်ရာရကာ နေအိမ် ၂လုံး ထိခိုက်ပျက်စီးပြီး ဘုရားကျောင်း ၁ကျောင်းနှင့် ထွေအုပ်ရုံးအဆောက်အဦး ထိခိုက်ပျက်စီးခဲ့သည်။

 

လားရှိုး မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၃ရက်နေ့ကတည်းက MNDAA ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လားရှိုးမြို့ကို အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း စစ်ကောင်စီက မြို့တဝိုက် လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်ပြုလုပ်လျက်ရှိသည်။

အောက်တိုဘာလ ၁၂ရက်နေ့၊ ညအချိန်တွင် နမ့်ပေါင်မြို့အနီး မိုင်းတိန်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် စာသင်ကျောင်း ၁ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၁၄ရက်နေ့၊ နံနက် ၁၂:၃၀နာရီတွင် အီနိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား၂ဦးသေဆုံးကာ အခြား ၃ဦး ဒဏ်ရာရပြီး နေအိမ် ၅လုံးနှင့် ဘုရားကျောင်း ၁က ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၂ရက်နေ့၊ ညသန်းခေါင်တွင် ရပ်ကွက်(၁၂)၊ နားဖကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် နေအိမ် အချို့ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက် ၈:၃၀နာရီတွင် လားရှိုးမြို့အနောက်တောင်ဖက် ၂ကီလိုမီတာအကွာတွင်ရှိသော မယ်ဟန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရက်ချက်စက်ရုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ နံနက် ၁၀:၀၅နာရီတွင်  ရပ်ကွက်(၁၂)၊ နားဖကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် နေအိမ် အချို့ထိခိုက်ပျက်စီးခဲ့သည်။ နေ့လည်ပိုင်းတွင် ရပ်ကွက်(၂)ရှိ အမှတ်(၁) ရဲစခန်းနှင့် ရပ်ကွက် (၁၂)ရှိ လားရှိုးအကျဉ်းထောင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ရဲစခန်းထိခိုက်ပျက်စီးကာ အကျဉ်းထောင်အဆောက်အဦးများနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၅ရက်နေ့တွင် မယ်ဟန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ဓာတ်ခဲစက်ရုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၉ရက်နေ့၊ နေ့လည် ၁၁:၅၀နာရီမှ မွန်းလွဲ ၂:၃၀နာရီအတွင်း ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၁)ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင်၅၀၀ဗုံး ၄လုံးကြဲခဲ့သဖြင့် နေအိမ် ၅လုံးနှင့် သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၅ရက်နေ့၊ နေ့လည် ၁နာရီခန့်တွင် မယ်ဟန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် နေအိမ် ၂လုံးနှင့် ဆေးခန်း ၁ခန်း ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၂၄ရက်နေ့၊ ည ၇:၃၀နာရီတွင် ၂၀၂၄ခုနှစ်၊ ဂျူလိုင်လ ၄ရက်နေ့ကတည်းက MNDAA ၏ ထိမ်းချုပ်မှုအောက်ရှိသော နမ့်ပေါင်မြို့၊ သံလွင်ကျေးရွာအုပ်စုကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင်၅၀၀ ဗုံး၄လုံး ကြဲခဲ့သဖြင့် နေအိမ် ၅လုံး၊ တရုတ်ကျောင်း ၁ကျောင်း၊ အစိုးရအလယ်တန်းကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး ဖခင်၊ မိခင်နှင့် ၆နှစ်အရွယ်သမီးတို့ရှိသော မိသားစု ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

 

ကွမ်းလုံမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

MNDAA ၏ထိန်းချုပ်မှုအောက်ရောက်ရှိခဲ့ချိန် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ကွမ်းလုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။ သို့သော် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီက ကွမ်းလုံမြို့နယ်ရှိ အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၁၉ရက်နေ့၊ နံနက် ၁နာရီတွင် ကွမ်းလုံ-ချင်းရွှေဟော်အမြန်လမ်းမရှိ နမ့်ဟူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ် ၁၀လုံးနှင့် ဘုန်းကြီးကျောင်း ၁ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁ရက်နေ့၊ နံနက်စောစောတွင် ကွမ်းလုံမြို့အနောက်တောင်ဖက် ၁၅ကီလိုမီတာခန့်အကွာတွင် တည်ရှိသော လောက်ကိုင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံး ၂လုံးကြဲခဲ့သဖြင့် အမျိုးသမီး ၁ဦးသေဆုံးကာ နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့သည်။

 

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

နောင်ချိုမြို့ အနောက်ဖက်နှင့် တောင်ဖက်တွင် စစ်ကောင်စီတပ်နှင့် TNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်ထန်လျက်ရှိသည်။ စစ်ကောင်စီသည် ထိုဒေသများကို လေကြောင်းတိုက်ခွဲမှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး ဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သဖြင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာလ ၁၉ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးတစ်လုံး ကြဲခဲ့သဖြင့် အရပ်သားနေအိမ် ၁၇လုံးထိခိုက်ပျက်စီးကာ အရပ်သားသုံးဦး (အသက်၄၀ကျော် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အသက်၇နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး) သေဆုံးကာ အမျိုးသမီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဘူတာ ရပ်ကွက်တွင် ဗုံးတစ်လုံးကြဲခံရသဖြင့် နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့ နံနက် ၅နာရီတွင် ကံကော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၁ရက်နေ့၊ နံနက် ၁နာရီတွင် နောင်ချိုမြို့၊ သပြေရေ ရပ်ကွက်နှင့် ပါဟပ်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၃၀၀ဗုံး ၂လုံးအပါအဝင် ဗုံး ၆လုံးကြဲခဲ့သဖြင့် နေအိမ် ၅လုံး ထိခိုက်ပျက်စီးခဲ့သည်။ အောက်တိုဘာလ ၂၂ရက်နေ့တွင် ကံ့ကော်ကျေးရွာနှင့် ဘန့်ဘွေး ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၂၃ရက်နေ့၊ ညနေ ၅နာရီတွင် စစ်ကောင်စီက ထိုနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလ ၂၇ရက်နေ့တွင် ကံ့ကော်ကျေးရွာရှိ TNLA တပ်သားများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့နောက် သပြေရေရပ်ကွက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သား ၁ဦးသေဆုံးပြီး အခြား ၁ဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာလ ၂၈ရက်နေ့တွင် အုမ္မသီး ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ် ၂လုံးနှင့် စားသောက်ဆိုင် ၁ဆိုင် ထိခိုက်ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၂၉ရက်နှင့် ၃၀ရက်နေ့များတွင် TNLAတပ်ဖွဲ့က စစ်ကောင်စီတပ်သားသုံ့ပန်းများနှင့် အကျဉ်းသားများကို ထိန်းသိမ်းထားရာ ဟိုခို ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအကျဉ်းသား ၆ဦးအပါအဝင် အကျဉ်းသား ၁၆ဦး သေဆုံးပြီး အကျဉ်းသား ၆၆ဦး ဒဏ်ရာရခဲ့သည်။ (အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများကို မသိရပေ)

နိုဝင်ဘာလ ၁ရက်နေ့တွင် ဆမ္မဆယ် ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်တပ်နှင့်ဖက်စပ်လုပ်ကိုင်နေသည့် ငွေရည်ပုလဲကုမ္ပဏီပိုင် အမှတ်(၁) ဆင်းရွှေလီ သကြားစက်ရုံ ထိခိုက်ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၂ရက်နေ့တွင် ဘူတာရပ်ကွက် (ရပ်ကွက် ၅) ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံး ၂လုံးဖြင့် ဗုံးကြဲခဲ့သဖြင့် ကတ္တီပင် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၇လုံး ထိခိုက်ပျက်စီးခဲ့သည်။ နိုဝင်ဘာလ ၃ရက်နေ့တွင် စစ်ကောင်စီက ဘန့်ဘွေးကျေးရွာမှ လက်နက်ကြီးပစ်ခတ်ရာ ဆမ္မဆယ် ကျေးရွာသို့ကျရောက်ပေါက်ကွဲပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၄ရက်နေ့တွင် မြောင်ဇီးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ ထို့နောက် နံနက် ၁၀နာရီနှင့် ၁၁:၃၀နာရီအတွင်းတွင် စစ်ကောင်စီက ဘန့်ဘွေး ကျေးရွာပေါ်သို့ ဒရုန်းများဖြင့် ဗုံးအလုံးရေ ၂၀ကျော် ပစ်ချခဲ့သဖြင့် နေအိမ် ၄လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၀ရက်နေ့၊ နံနက် ၅နာရီမှ ၆နာရီကြားတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင်၃၀၀ဗုံး ၂လုံး ကြဲခဲ့သဖြင့် ဆေးရပ်ကွက်မှ နေအိမ် ၄လုံးနှင့် သောင်းရပ်ကွက်မှ နေအိမ် ၃လုံး ထိုခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၁ရက်နေ့တွင် ကုန်းဖြူရပ်ကွက်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး၁၀လုံး ကြဲချခဲ့သဖြင့် အရပ်သား ၄ဦး ဒဏ်ရာရရှိကာ နေအိမ်၁၀လုံးနှင့် စားသောက်ဆိုင် ၁ဆိုင် ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၂ရက်နေ့၊ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက ဆေးရပ်ကွက်ရှိ ဧည်သည်များစွာနှင့်စည်ကားနေသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ထိုဗုံးကြဲမှုကြောင့် လက်ဖက်ရည်ဆိုင်ရှိ အရပ်သား ၁၁ဦး သေဆုံးပြီး ၁၁ဒဏ်ရာရရှိကာ နေအိမ် ၁၄လုံး၊ ကုန်စုံဆိုင် ၁၃ဆိုင်နှင့် ကား ၁၀စီး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၃ရက်နေ့၊ ၆:၃၀နာရီတွင် စစ်ကောင်စီက နောင်ချိုမြို့ရှိ ရဲစခန်းနှင့် တရားရုံးကို လေကြောင်းမှ ပေါင်၃၀၀ဗုံး ၂လုံးဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သား ၁ဦး သေးဆုံးကာ အခြား ၁ဦးဒဏ်ရာရရှိပြီး ရဲစခန်း၊ တရားရုံးနှင့် နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၆ရက်နေ့၊ ည ၈:၀၄ နာရီတွင် လုံစံ ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၃လုံးထိခိုက်ပျက်စီးပြီး အသက်၁၂နှစ်အရွယ် ကောင်လေး ၁ဦးသေဆုံးပြီး အခြား ၂ဦး (အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တောင်းခမ်းတွင် TNLA တပ်နှင့် စစ်ကောင်စီ အမြှောက်တပ် ၃၅၄နှင့် ၉၀၂ တပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက်နေ့၊ နံနက် ၁၁နာရီတွင် ကုန်းကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အမျိုးသမီး ၁ဦးသေဆုံးပြီး အခြားအရပ်သား ၂ဦးဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၁ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၂၁ရက်နေ့ ည ၈:၀၄နာရီတွင် ကံကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သား ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၂၂ရက်နေ့ နေ့လည် ၁၁:၅၄ နာရီတွင် နောင်ချိုမြို့၊ စျေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံး ၂လုံးကြဲခဲ့သဖြင့် အရပ်သား ၆ဦး ဒဏ်ရာရရှိကာ နေအိမ် ၆လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၂၄ရက်နေ့တွင် အင်းဝိုင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘုန်းကြီး ၁ပါး ပျံလွန်ကာ အခြားဘုန်းကြီး ၃ပါး ဒဏ်ရာရရှိပြီး အရပ်သား ၁ဦးသေဆုံး၍ နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၂၇ရက်နေ့၊ နံနက်စောစောတွင် TNLA တပ်က အုမ္မတီးကျေးရွာရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက လက်နက်ကြီးများနှင့် ဒရုန်းများကို အသုံးပြု၍ ဆမ္မဆယ်ကျေးရွာကို တိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့သည်။ အုမ္မတီး ကျေးရွာတွင် နံနက် ၉:၃၀ နာရီအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် ဆမ္မဆယ် ကျေးရွာပေါ်သို့ လက်နက်ကြီး၂လုံးပစ်ခတ်ခဲ့ပြီး ဒရုန်းများဖြင့် ဗုံး၁၀လုံးထက်မနည်း ကြဲချခဲ့သဖြင့် နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဒီဇင်ဘာလ ၉ရက်နေ့၊ နေ့လည် ၁၂:၃၀ နာရီတွင် စစ်ကောင်စီက ဆမ္မဆယ် ကျေးရွာကို လက်နက်ကြီးကျည် ၃လုံးဖြင့် ပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးကျည်များသည် အမှတ်(၁) ဆင်းရွှေလီသကြားစက်ရုံပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စက်ရုံအဆောက်အဦး ၁လုံးနှင့် ကား ၂စီးထိခိုက်ပျက်စီးကာ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာလ ၁၀ရက်နေ့၊ နံနက် ၁၁ နာရီတွင် ဘန့်ဘွေးတွင်အခြေစိုက်သော စစ်ကောင်စီတပ်သည် နောင်ချိုမြို့ ရပ်ကွက် (၁) ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ် ၁လုံးထိခိုက်ပျက်စီးပြီး ဦးချိုပေါက်ဟုခေါ်သော အသက် ၅၂နှစ် အရွယ်အမျိုးသား ၁ဦး သေဆုံးခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

အောက်တိုဘာ ၂၂ရက်‌နေ့ နံနက် ၁:၃၀ နာရီတွင် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦးသေဆုံးပြီး နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့သည်။ နမ့်ဆန်မြို့သည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ကတည်းက TNLA ၏ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ပြီး ထိုဒေသတွင် မကြာသေးမီအချိန်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပါ။

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

အောက်တိုဘာလ ၂၈ရက်နေ့တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့နယ်၊ နမ့်မော်ကျေးရွာအုပ်စု၊ ပင်လုံကျေးရွာကို လေကြောင်းမှ ဗုံး၆လုံး ကြဲခဲ့သည်။

နိုဝင်ဘာလ ၁ရက်နေ့၊ နံနက် ၃:၃၀နာရီမှ ၃:၃၈နာရီအတွင်း ရပ်ကွက်(၃)ပေါ်သို့ စစ်ကောင်စီက MiG-29 အမျိုးအစား လေယာဉ်ဖြင့် ပေါင်၅၀၀ဗုံး ၃လုံးအပါအဝင် ဗုံး၁၀လုံး ကြဲချခဲ့သဖြင့် အစိုးရဆေးရုံ၊ မီးသတ်ဌာနရုံး၊ ရဲစခန်း၊ တိုးဂိတ်နှင့် နေအိမ် ၁၀လုံးထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက် ည ၁၁:၄၇ နာရီတွင် ရပ်ကွက်(၄)ပေါ်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ပေါင်၅၀၀ဗုံး ၁လုံးကြဲခဲ့သဖြင့် KK ဧည့်ရိပ်သာ၊ ကွတ်ခိုင်တရုတ်နှစ်ခြင်းဘုရားကျောင်းနှင့် နေအိမ် ၁၀လုံး ထိခိုက်ပျက်စီးပြီး အရပ်သား ၃ဦးသေဆုံးကာ ၁၃ဦး(အမျိုးသား၇ဦးနှင့် အမျိုးသမီး၆ဦး) ဒဏ်ရာရရှိခဲ့သည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

နိုဝင်ဘာလ ၁၁ရက်နေ့ ညသန်းခေါင်းအချိန်  ဒေသခံများ အိပ်စက်နေသည့်အချိန်တွင် စစ်ကောင်စီက မိုးကုတ်မြို့၊ အထက်လမ်းဦးနှင့် မြို့ဦးလွင်ရပ်ကွက်တို့ကို လေကြောင်းမှ ဗုံး၅လုံးကြဲခဲ့သဖြင့် နေအိမ် အလုံး၅၀ထပ်မနည်း ထိခိုက်ပျက်စီးပြီး အရပ်သား ၉ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများ

TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ကျောက်မဲ၏ မြို့နယ်ခွဲတစ်ခုဖြစ်သည့်မိုင်းငေါ့ မြို့ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၄ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် ကျောက်မဲမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

နိုဝင်ဘာလ ၁၇ရက်နေ့တွငမိုင်းငေါ့မြို့၊ ဝမ်လုံရပ်ကွက်ကို စစ်ကောင်စီက ပေါင်၃၀၀ ဗုံး ၂လုံးဖြင့် ကြဲချခဲ့သဖြင့် နေအိမ် ၁၇လုံး ထိခိုက်ပျက်စီးပြီး အမျိုးသမီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရှမ်းနှစ်သစ်ကူးနေ့ဖြစ်သော နိုဝင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီ ခန့်တွင် စစ်ကောင်စီက ရပ်ကွက်(၈)ရှိ အင်ကြင်းတောင်ပေါ်သို့ လေကြောင်းမှ ပေါင်၅၀၀ ဗုံး ၂လုံး ကြဲချခဲ့ရာ ဘုန်းကြီးတစ်ပါးနှင့် သီလရှင်နှစ်ပါးအပါအဝင် အရပ်သား ၁၁ဦးသေဆုံးပြီး ၂၀ဦးကျော် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ကျောင်းနှင့် ကား၁၀စီးအပါအဝင် နေအိမ်အလုံး ၄၀ကျော် ထိခိုက်ပျက်စီးခဲ့သည်။ သေဆုံးသူများအနက် အမည်သိရသောသူများမှာ နိုင်ကျား(မ)၊ ‌ဒေါ်အေးမွန်း (မ)၊ နမ်းခမ်းအေး(မ)၊ နိုင်မဲ့မူး(မ) လုံးထူး(ကျား) ဦးလှဌေး (ကျား)နှင့် စဝ်ပညာသာမိ တို့ဖြစ်ကြသည်။

 

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                   66 94 728 6696      Signal  (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်                1 825 425 4099         Signal (မြန်မာ)

 

Download PDF files >>> Shan Burmese English

ထုတ်ပြန်ချက်