ကျောက်မဲ နှင့် မိုင်းကိုင် မြို့နယ်များတွင် အရပ်သား ပြည်သူအချို့တို့ အစိုးရစစ်တပ်၏ ညှဉ်းပမ်း နှိပ်စက်မှု နှင့် သတ်ဖြတ်မှု ခံရခြင်း

ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် မှ ပြုစုခဲ့သည့် နောက်ဆုံးပေါ် သတင်းထုတ်ပြန်ကြေညာချက်

၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့

ကျောက်မဲ နှင့် မိုင်းကိုင် မြို့နယ်များတွင် အရပ်သား ပြည်သူအချို့တို့ အစိုးရစစ်တပ်၏ ညှဉ်းပမ်း နှိပ်စက်မှု နှင့် သတ်ဖြတ်မှု ခံရခြင်း

( ၁ ) ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာ တည်ဆောက်နေရာ ဆိုဒ်အနီးတွင် ရွာသား ၂ ဦး တို့ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၃ မှ စစ်သားများ၏ ပစ်ခတ် သတ်ဖြတ်မှု ခံရခြင်း

၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေကာတာ တည်ဆောက်ရာနေရာမှ ၅ မိုင်ခန့် ကွာဝေးသော ရွှေကျောင်းရွာ အနီး လမ်းပေါ်၌ မော်တော်ဆိုင်ကယ် စီးနင်း ခရီးသွားနေကြသော ရွာသား ၂ ဦး တို့အား အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ၂၃ မှ စစ်သားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု ပြုခဲ့ကြပါသည်။

ဝမ်ရွှေကျောင်း ရွာသားများဖြစ်ကြသော စိုင်းဘ၊ အသက် ၄၃ နှစ် နှင့် စိုင်းဒေါန၊ အသက် ၂၉ နှစ် တို့သည် ဝမ်ရွှေကျောင်းရွာမှ နောင်ပင်ရွာ ဖက်သို့ ဦးတည်၍ မော်တော်ဆိုင်ကယ် စီးနင်း ခရီးသွားနေစဉ် ဖြစ်ပွါးခဲ့ ခြင်း ဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်အား မောင်းနှင်သူမှာ စိုင်းဘ ဖြစ်၍ စိုင်းဒေါန က ဆိုင်ကယ်နောက် ထိုင်ခုံ မှ စီးနင်းလိုက်ပါသူ ဖြစ်ပါသည်။ သူတို့၏ သူငယ်ချင်း ၂ ဦးတို့သည်လည်း ၄င်းတို့၏ ဆိုင်ကယ် နောက်မှ ကပ်၍ အခြား မော်တော်ဆိုင်ကယ် တစီးဖြင့် အတူတကွ စီးနင်းခရီးသွားနေခဲ့ကြသည် ဟု သိရှိခဲ့ရ ပါသည်။

ထိုနေ့ နံနက်စောစော ၅ နာရီ ခွဲ အချိန်ခန့်တွင် ဝမ်ရွှေကျောင်းရွာမှ တမိုင်ခွဲခန့် ကွာဝေးသော နေရာ၌ လမ်းဘေး တနေရာတွင် ရပ်ထားသော စစ်ကားတစ်စီး အနီး ၀ိုင်းထိုင်နေကြသော အစိုးရစစ်တပ် စစ်သား ၅ ဦး တို့က သူတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

အစိုးရစစ်တပ် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ ထိမှန် ခံခဲ့ကြရသော စိုင်းဘ နှင့် စိုင်းဒေါန ၂ ဦး စလုံးတို့သည် မော်တော်ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ ထိုနေရာတွင်ပင် လဲကျ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြ ပါသည်။ သူတို့ ၂ ဦး၏ ဆိုင်ကယ်နောက်မှ ကပ်လျက် အခြားဆိုင်ကယ်တစီး ဖြင့် စီးနင်းလိုက်ပါလာသည့် သူငယ်ချင်း ၂ ဦးတို့ သည်လည်း ထိုအဖြစ်အပျက်ကို တွေ့မြင်လိုက်ရသည်နှင့် ၄င်းတို့၏ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ ဝေးရာသို့ အမြန်ဆုံး ထွက်ပြေး လွှတ်မြောက်သွားနိုင်ခဲ့ကြပါသည်။

လမ်းဘေး တနေရာတွင် ရှိနေကြသူ ရွာသား လယ်သမား ၂ ဦးတို့က ထို ပစ်ခတ် သတ်ဖြတ်မှု ဖြစ်စဉ်ကို မျက်မြင် တွေ့ရှိခဲ့ကြ ရပြီး ထိုရွာသား ၂ ဦးတို့က ထိုစစ်သားများ၏ စစ်ကားသည် အထက်ရဲရွာ ရေကာတာ တည်ဆောက်နေရာ ဆိုဒ် အနီးရှိ စစ်စခန်းတခုမှ စစ်ကားများ ဖြစ်ကြောင်း ကောင်းစွာ မှတ်မိ သိရှိကြသည် ဟု ပြန်လည် ပြောပြခဲ့ကြပါသည်။

ရွာသား ၂ ဦးတို့အား ထိုသို့ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် အစိုးရစစ်တပ် စစ်သား ၂ ဦးတို့က ထိုရွာသား ၂ ဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်အား သွားရောက် ကောက်ယူကာ သူတို့စစ်စခန်းချ ထားရာဖက်ဆီသို့ မောင်းနှင် ယူဆောင်သွားခဲ့ကြကြောင်း၊ သေဆုံးသွားသော ရွာသား ၂ ဦးတို့၏ ရုပ် အလောင်းကိုမူ အခင်းဖြစ်ပွါးခဲ့သည့် လမ်းပေါ်မှာပင် ချန်ထားရစ်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

အစိုးရစစ်တပ်မှ စစ်သားများအားလုံး ထိုနေရာမှ ထွက်ခွါသွားခဲ့ပြီးဖြစ်သော်လည်း ထိုရွာသား လယ်သမား ၂ ဦးတို့သည် ပစ်သတ် ခံထားရသည့် ရွာသား ရုပ်အလောင်းများအား သွားရောက်ကြည့်ရှုရန် မဝန့်ရဲကြ သည့်အလျောက် ဝမ်ရွှေကျောင်းရွာသို့သာ သွားရောက်ကာ ရွာသူကြီးဖြစ်သူအား အဖြစ်အပျက်ကို တိုင် ကြားပြောပြခဲ့ကြပါသည်။

ဝမ်ရွှေကျောင်းရွာ ရွာသူကြီး နှင့် ရွာသား ၁၅ ဦးတို့သည် အခင်းဖြစ်ပွါးခဲ့ရာ နေရာသို့ လိုက်သွား၍ သေဆုံး သွားသော သူတို့ရွာသား ရုပ်အလောင်း ၂ လောင်းအား ထိုနေ့ခင်း ၂ နာရီ ခွဲ အချိန်ခန့်တွင် မြုတ်နှံ သင်္ဂြိုလ်မှု အပြီးအစီး ပြုလုပ်ခဲ့ကြပါသည်။ သို့သော်လည်း ထိုကဲ့သို့ အစိုးရစစ်တပ် စစ်သားများက သူတို့ရွာသား ၂ ဦးအား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ပြုခဲ့သည့် အကြောင်းကို အစိုးရစစ်တပ်သို့ တိုင်ကြားပြောဆိုရန် မည်သူကမျှ မဝန့်ရဲသောကြောင့် မည်သည့် တိုင်ကြားမှုမှ မပြုလုပ်ခဲ့ကြ ဟု သိရှိရပါ သည်။

အစိုးရစစ်တပ် စစ်သားများ၏ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု ခံခဲ့ကြရသူ ရွာသား ၂ ဦးတို့၏ ကိုယ်ရေး အကြောင်းအရာ အချက်အလက် တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

( ၁ ) စိုင်းဘ၊ အသက် ၄၃ နှစ်၊ အဘ အမည် လုင်းဆောပေတ၊ အမိ အမည် ပါပုံ၊ ဇနီး အမည် နန်းအေးခင်၊ သမီး ၂ ယောက် ဖခင်။

( ၂ ) စိုင်းဒေါန၊ အသက် ၂၉ နှစ်။ အဘ အမည် လုင်းနန်တိယ၊ အမိ အမည် ပါရွေး၊ ဇနီး အမည် နန်းမြဦးဆာ။

 

အထက်ရဲရွာ ရေကာတာသည် နမ္မတူ ခေါ် မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက်မည့် ဆည်ကြီးတခုဖြစ်၍ ဆွစ်ဇာလန်၊ ဂျာမဏီ၊ ဂျပန် နှင့် တရုတ် နိုင်ငံတို့မှ ကုမ္ဗဏီကြီးတချို့ ပါဝင် ပတ်သက်နေလျက်ရှိသော ရေကာတာ တည်ဆောက်ရေးစီမံကိန်း တခု ဖြစ်ပါသည်။ ထိုရေကာတာတည်ဆောက်ရေးစီမံကိန်းကြီး သည် ဒေသခံ ပြည်သူလူထုတို့က အပြင်းအထန် ဆန့်ကျင် ကန့်ကွက်မှု ပြုခြင်းကို ခံနေရပါသည်။ ၂၀၁၆ ခုနှစ် မေလ အတွင်းက ထိုရေကာတာတည်ဆောက်မည့် နယ်မြေဒေသ တဝိုက်တွင် အခြေစိုက် လှုပ်ရှား နေကြသော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် ကို ၂ ဖက်တပ်ဖွဲ့ အကြား ပြည်ထောင်စု အဆင့်နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားပြီး ဖြစ်သော်ငြားလည်း အစိုးရစစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ကြပါသေးသည်။ ထိုကဲ့သို့ အစိုးရစစ်တပ်က ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည်တပ်မတော် အား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့စဉ် ကာလအတွင်းကလည်း အစိုးရစစ်တပ်က အပြစ်မဲ့ ရှမ်းပြည်သူလူထု ရွာသားများတို့အပေါ် ဖိနှိပ် အနိုင်ကျင့် ဖမ်းဆီး အကြမ်းဖက်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ သက်ရှိ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း များတို့ ကို အတောမသတ် ကျူးလွန် ပြုလုပ်ခဲ့ကြသည် ဟု သိရှိခဲ့ရပါသည်။

ရေကာတာ တည်ဆောက်ရေး အလုပ်သမားများအား အကာအကွယ်ပေးရန် အတွက် အစိုးရ စစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၃ မှ တပ်သားအင်အား ၃၀ ကျော်တို့သည် ရေကာတာ တည်ဆောက်နေရာ လုပ်ငန်းခွင် ဆိုဒ် အနီးတွင် စခန်းချ တပ်စွဲထားကာ လုံခြုံရေးယူပေးလျက် ရှိသည် ဟု သိရှိရပါသည်။

( ၂ ) ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မ တော် အတွက် ထောက်လှမ်းရေး သူလျှို စပိုင် သတင်းပေးအဖြစ် လုပ်ကိုင်နေကြသူများဟု သံသယဖြစ် ကာ စွပ်စွဲ အပြစ်ရှာပြီး ရွာသား လယ်သမားအချို့တို့ကို အစိုးရစစ်တပ် ခြေမြန်တပ်ရင်း အမှတ် ၅၇၈ မှ စစ်သားများက မတရား ညှဉ်းပမ်း နှိပ်စက်မှု ပြုခြင်း

၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်မိန်းရွာအနီး၌ အစိုးရစစ် တပ် ခြေမြန်တပ်ရင်းအမှတ် ၅၇၈ မှ စစ်ကြောင်း နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် တို့အကြား ဖြစ်ပွါးခဲ့သော ထိတွေ့ တိုက်ခိုက်မှု နောက်ပိုင်းကာလတွင် အစိုးရစစ်တပ် စစ်သား များက ရွာသား လယ်သမားတဦးအား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် အတွက် ထောက်လှမ်းရေး သူလျှို စပိုင် သတင်းပေးအဖြစ် လုပ်ကိုင်သူ ဟူသော သံသယဖြင့် စွပ်စွဲကာ ဖမ်းဆီး ကြိုးတုပ် ချုပ်နှောင်၍ အပြင်းအထန် ညှဉ်းပမ်း နှိပ်စက်မှု ပြုလုပ် ကျူးလွန်ခဲ့ပါသည်။

ထို ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မိုင်းကိုင်မြို့နယ် နယ်မြေဒေသ အတွင်းသို့ ချီတက် ထိုးဖေါက် ဝင်ရောက်လာသော လင်းခေးမြို့ အခြေစိုက် အစိုးရစစ်တပ် ခြေမြန်တပ်ရင်း အမှတ် ၅၇၈ မှ တပ်သား အင်အား ၉၅ ယောက်ပါ စစ်ကြောင်းတခုသည် ထိုနယ်မြေတွင် လှုပ်ရှားလျက်ရှိသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် နှင့် ထိတွေ့ တိုက်ပွဲ တရပ် ဖြစ်ပွါးခဲ့ပါ သည်။ လူနေအိမ်ခြေ ၁၀၀ ခန့်ရှိသော ဝမ်မိန်းရွာနှင့် အလွန် နီးကပ်သောနေရာတွင် တိုက်ပွဲဖြစ်ပွါးခဲ့ သဖြင့် ဝမ့်မိန်းရွာသားများတို့ကို ထိတ်လန့် ကြောက်ရွံ့မှု ကြီးစွာပေါ်ပေါက်စေခဲ့ပြီး ကျေးရွာ ရှမ်းစာသင် ကျောင်း၌ တက်ရောက်စာသင်ကြားမှု ပြုနေကြသော ကျောင်းသား ကျောင်းသူ ကလေးသူငယ်ပေါင်း ၈၀ ခန့်တို့မှာ အော်ဟစ်ငိုယိုကာ ၄င်းတို့၏အိမ်အသီးသီးသို့ ပြန်ပြေးခဲ့ကြစေပါတော့သည်။ ထို တိုက်ပွဲသည် အချိန် တနာရီကြာကြာခန့် ဆက်လက်ဖြစ်ပွါးခဲ့ကြောင်းသိရှိရပါသည်။

ထိုနေ့ ညနေ ၄ နာရီ ခွဲ အချိန်ခန့်တွင် ဝမ်မိန်းရွာနေ လုင်းစောရွှေ နှင့် ပါဆိုင်ထွန်းတို့၏သား စိုင်းမြင့်၊ အသက် ၃၅ နှစ်သည် ဝမ်မိန်းရွာ မြောက်ဖက် ၂ မိုင်ခန့် အကွာအဝေးတွင်ရှိသော ၄င်း၏တောင်ယာခင်းရှိ မိမိ ခိုင်းနွားများကို ကောက်ရိုး အစာကျွေးရန် ရွာမှ ထွက်ခွါလာခဲ့ရာ လမ်းခရီး တဝက်၌ အစိုးရစစ်တပ် စစ်ကြောင်းနှင့် တိုးမိပြီး စစ်သားများက ၄င်းအား ခေါ်ယူ စစ်ဆေး မေးမြန်းမှု ပြုခဲ့ကြပါသည်။ အစိုးရစစ်တပ် စစ်သားများက စိုင်းမြင့်အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် အတွက် စပိုင် လုပ် သတင်း ထောက်လှမ်းပေးရန် လာသူ ဟု စွပ်စွဲပြီး “ မင်းဒီကို လာတာဟာ တို့ အစိုးရစစ်တပ် စစ်ကြောင်းသတင်းကို စုံစမ်းဖို့ မဟုတ်လား ? … ငါတို့ စစ်ကြောင်း ဘယ်မှာရှိနေတယ် ဘယ်ဖက်ကို ထွက်ခွါသွားတယ် ဆိုတာကို လိုက်ကြည့်ပြီး ရှမ်းပြည်တပ်မတော်ကို ပြန်သတင်းပေးပို့ဖို့ မဟုတ်လား ? “ မှန်မှန်ပြော တို့ကို မလိမ်နဲ့ ဟု ကြိမ်းမောင်း ခြိမ်းခြောက်ကာ အမျိုးမျိုး စစ်ဆေး မေးမြန်းခဲ့ကြသည် ဟု ဆိုပါသည်။

စိုင်းမြင့်က သူဒီဖက်ကိုထွက်လာခြင်းသည် တောင်ယာခင်းရှိ မိမိခိုင်းနွားများကို အစာ သွားရောက်ကျွေးမွေး ရန် သာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ဖြေကြား ပြောပြခဲ့သည်ကို အစိုးရ စစ်တပ် စစ်သားများက လက်ခံ ယုံကြည်ခြင်းမရှိကြဘဲ စိုင်းမြင့်၏ ခြေလက်တို့ကို ကြိုးဖြင့် တုပ်နှောင်ကာ တကိုယ်လုံးကို ထိုးကြိတ်ခြင်း တုတ်ဖြင့်ရိုက်နှက်ခြင်း၊ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ဆောင့်ခြင်း၊ မျက်နှာကိုစစ်ဖိနပ်စီးထားသော ခြေ ထောက်ဖြင့် ကန်ကျောက်ခြင်း စသဖြင့် နည်းမျိုး စုံအောင် ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ၀ိုင်းဝန်း ညှဉ်းပမ်း နှိပ်စက် ရိုက်နှက်မှု ပြုခဲ့ကြသဖြင့် စိုင်းမြင့်၏ မျက်နှာ ဦးခေါင်း ခြေလက် နှင့် တကိုယ်လုံး သွေးချင်းချင်းနီအောင်ထွက်ကာ ဒဏ်ရာ အနာတရ ကြီးစွာ ရစေခဲ့သည် ဟု ဆိုပါသည်။

အစိုးရစစ်တပ် စစ်သားများက စိုင်းမြင့်အား ထိုသို့ အားရအောင် ၀ိုင်းဝန်း ညှဉ်းပမ်း နှိပ်စက်မှု ပြုခဲ့ကြပြီး သည့်နောက် ည ၆ နာရီ အချိန်တွင်မှ ပြန်လည် လွှတ်ပေးလိုက်ကြကာ ရရှိခဲ့သော အနာ ဒဏ်ရာများကို ဆေးထည့် ကုသရန်အတွက် စိုင်းမြင့်အား ကျပ်ငွေ တသောင်းကျပ် (အမေရိကန် ဒေါ်လာ ၇.၅၀ ခန့်) ပေး လိုက်သည်ဟု ဆိုပါသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် အဲန်စီအေကို လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တခု ဖြစ်ပါသည်။

 

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66: 62- 941-9600   (English, Shan)

စိုင်းရွက်လွင်                +66: 97- 143-1530   (Burmese, Shan)

စိုင်းရှဲန်တိုင်း                 +66: 81- 474-5604   (Burmese, Shan)

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်