အစိုးရစစ်တပ်မှ ပစ်သတ်ခဲ့သည့် လယ်သမားကြီး လုံးဆမ်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဒီဇင် ဘာလ ၇ ရက် ယမန်နေ့က ကျင်းပရာ ရှမ်းပြည်နယ် တဝှမ်းရှိ လယ်သမား ၃၀၀ ခန့် တက်ရောက် ခဲ့သည်။ လယ်သမားကြီး လုံးဆမ်အား ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင််းလင်း ရွှေတွင်းစီမံကိန်း လုပ် ငန်းဂွင်မှ လုံခြုံရေးစောင့် မြန်မာအစိုးရစစ်တပ်က လွန်ခဲ့သည့် နှစ်လက ပစ်သတ်ခဲ့သည်။
လုံးဆမ်အား ဂုဏ်ပြုသည့် အခမ်းအနားကို ရှမ်းပြည်တောင်သူ လယ်သမား များကွန်ယက်က နားဟိုင်းလုံရွာတွင် ကျင်း ပ ခဲ့သည်။
လွယ်ခမ်း တောင်တန်းမှ ရွှေတူးဖော်မှုစီမံကိန်းကြောင့် နားဟိုင်းလုံရွာသည် လွန်ခဲ့သည့် သုံးလေး နှစ်ကတည်းက ပျက်စီးလာခဲ့သည်။ မြစ်ချောင်းအင်းအိုင်များ ဓါတုအဆိပ်သင့်ကာ လယ်ကွင်း နှင့်ခြံမြေတို့မှာလည်း စွန့်ပစ်အဆိပ်ရည်များအောက်ရောက်ရှိကုန်သဖြင့် ရွာသူရွာသားတို့၏ ကျန်းမာရေး နှင့် ရှင်သန်ရေးကို ဖျက်ဆီးခဲ့ပါသည်။
ဒေသခံများ၏ အကြိမ်ကြိမ် တောင်းဆိုမှုကြောင့် ရှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးသည် လွယ်ခမ်း တောင်ကုန်းရှိ ရွှေတူးဖော်လုပ်ငန်းကို ရပ်ဆိုင်းရန်နှင့်မြစ်ချောင်းအင်းအိုင်များ၊ လယ်ယာခြံမြေများ အား ပကတိအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးရန်ညွှန်ကြားခဲ့သည်။ သို့သော်ကုမၸဏီများက အလေးထားခြင်းမရှိဘဲ နေပြည်တော်မှ တူးဖော်ခွင့်ပြုမိန့်ရရှိသည် ဟုဆိုကာ ဆက်လက် တူးဖော်ခဲ့သည်။
အောက်တိုဘာလ ၁၃ ရက်နေ့က အသက် ၅၄ နှစ်ရှိ လုံးဆမ်နှင့် ရွာသား ၁၄ ယောက်တို့သည် ရွှေတူးဖော်မှုကြောင့် လယ်ယာလုပ်ငန်း မလုပ်နိုင်သဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ ထိုစဉ် ရွှေတူးဖော်ရေး လုပ် ငန်း ခွင်မှ လုံခြုံရေးယူပေးသည့် မြန်မာအစိုးရ စစ်တပ်က ပစ်ခတ်သဖြင့် ခြေထောက် တွင် ထိမှန်ပြီး သွေးလွန်၍ လုံးဆမ်သေဆုံးခဲ့ရသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာအရေးယူပေးရန် ဒေသခံရွာသားများက တာဝန်ရှိသူများအား တောင်းဆိုကြသည်။
ရွာသားများအား ပစ်ခတ်သည့် မိုင်းဖြတ် ခလရ ၃၃၀ ကလည်း မိမိကိုယ်ကို ကာကွယ်သည့် အနေနှင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော်ရွားသားများမှာ လက်နက်များမပါသကဲ့သို့ လုပ်ငန်းခွင်မှ လေ့လာပြီးစီးပြီး ရွာပြန်ရန် ထိုနေရာမှ ထွက်ခွါစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် သေဆုံးသွားသူ ဦးလုံးဆမ်အလောင်းကို ကြည့်ရှုရန်သွားသည့် ဆွေမျိုးတို့ကိုပါစစ်ဖက်အာဏာပိုင်တို့ကပိတ်ပင်ခဲ့သည်။
နောက်တရက်မှသာကြည့်ရှုခွင့်ပြုခဲ့သည်။ ဖြစ်ပွါးမှုနှင့်ပတ်သက်သည့်သတင်း မဖြန့်ရန်အတွက်ပါ ရွာသားများအား အမိန့်ပေးခြိမ်းခြောက်ခဲ့သည်။
ဆက်လက်တူးဖော်နေသေးသည့် ရွှေတူးဖေါ်ရေးလုပ်ငန်းနှင့် လုံးဆမ်အသတ်ခံရသည့် အကြောင်း အသေးစိတ်ကို မှတ်တမ်းတင်ထားသည့် “မိုင်းလင်းရှိ ကြောက်မက်ဖွယ်် ရွှေဆက်တူးနေမှုသည် ကတိကိုဖေါက်ဖျက်ခြင်း ” စာအုပ်ငယ်ကို ရှမ်းပြည်တောင်သူလယ်သမားများ ကွန်ယက်မှဖြန့် ချီခဲ့သည်။
ရွှေတူးဖော်မှုစီမံကိန်းကို ချက်ခြင်းရပ်ရန်၊ ပျက်စီးသွားသောလယ်ယာများအတွက် လျော်ကြေးပေးရန်၊ ရေစီးရေလာ ပြန်လည် ထိန်းသိမ်းပေးရန်ကုမၸဏီများအား ရွာသားများက ထပ်မံတောင်းဆိုကြသည်။ ထို့အပြင် တနိုင်ငံလုံးရှိ သတ္တုတူးဖေါ်ရေး လုပ်ငန်းတွင် ကုမၸဏီမှ ဆိုက်အာနိုက်(cyanide) အဆိပ် နှင့် အခြား အန္တရာယ်ရှိသည့် ဓါတုပစ္စည်းများ သုံးစွဲနေမှုကို ပိတ်ပင်ပေးရန်လည်း တောင်းဆိုနေသည်။
၎င်းနှင့်ပတ်သက်ပြီး www.shanhumanrights.org တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန် –
နန်းလှ- + 95 (0)9-492-571-94 (ရှမ်း/ (ဗမာ)
စိုင်းထမ်အိုင် – +95 (0)9-731-910-62 (ရှမ်း/ (ဗမာ)
For English + 66 (0)93-297-7754 (အင်္ဂလိပ်)
Press release PDF files: