ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်သည့်ရွာသားများကို နှုတ်ပိတ်ထားရန် ကုမ္ပဏီမှ ငွေပေး

ရှမ်းပြည်နယ် တောင်သူလယ်သများကွန်ယက် နှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ချက်

မတ်လ ၃ ရက် ၂၀၁၆ ခုနှစ်

ရွာသားများတောင်းဆိုသည့် ရွှေတူးသည့်လုပ်ငန်းကို ရပ်ဆိုင်းခြင်း၊ မြေဆီလွှာ ထိန်းသိမ်းခြင်းကို မလုပ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းများကြောင့် အဆိပ်သင့်သည့်ရွာသားများကို နှုတ်ပိတ် ထားရန် ကုမ္ပဏီများကငွေပေး၍ ထပ်မံကြိုးစားသည့်လုပ်ရပ်အား ရှမ်းပြည်နယ်တောင်သူလယ် သမားများကွန်ယက်နှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် မှရှုတ်ချလိုက်သည်။

တာချီလိတ်မြို့နယ် နားဟိုင်းလုံကျေးရွာရှိရွာသားများသည် ရွာအနီးရှိ လွယ်ခမ်းတောင်ကုန်းပေါ်တွင် ရွှေတူးသည့်လုပ်ငန်းများကြောင့် ထိခိုက်နစ်နာနေသည်မှာ ဆယ်စုနှစ် ခန့်ရှိပေသည်။ ရွာသားများ အဓိက အသုံးပြုသည့်ရေအရင်းအမြစ်မှာတားဆီးခံရခါ ဆိုင်းနိုက်(cyanide) အဆိပ်များဖြင့် ညစ်ညမ်းနေသည်။ လယ်မြေဧက ၃၀၀ လောက်မှာလည်း သုံးမရဖြစ်ကုန်သည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရွာသားများ၏ အသနားခံမှုကို တုန့်ပြန်သည့် အနေဖြင့် ရှမ်းပြည်နယ် သတ္တုတွင်းနှင့် သစ်တော်ဝန်ကြီး စိုင်းအိုက်ပေါင်းက ရွှေတူးခြင်း ကိုရပ်တန့်ရန် အမိန့်ပေးခဲ့သည်။သို့သော်နေပြည်တော်မှ ပယ်လှန်သဖြင့် ရွှေတူးခြင်းသည် ယနေ့တိုင် ဆက်လက် လုပ်နေကြသည်။

၂၀၁၆ ခုနှစ် ဖေဖဝါရီ ၂၈ ရက်နေ့တွင် စိုင်းစိုက်ပျိုးရေး၊ ရွှေတောင်၊ လွယ်ခမ်းလုံ ကုမ္ပဏီသုံးခုမှ ထရပ်ကား ၄ စီးသည် ရွာသား ၃၀ ကို တာချီလိတ်မြို့သို့ ခေါ်ကာ ပျက်စီးသွားသည့် အဆိပ်သင့်လယ်များအတွက် လျှော် ကြေးပေးသည်။ ကုမ္ပဏီများက ၇ ဧကအတွက် တစ်ဧကလျှင် ၁၂၀၀၀ ဘတ်နှုန်းဖြင့်ပေးသည်။ တစ်ရွာလုံး အတွက် ဘတ် ၃ သန်းအထိပေးမည်ဟု ကတိပေးသည်။

လျှော်ကြေးငွေလက်ခံခြင်းအတွက် ရွာလူကြီးနှင့် တခြားရွာသားများက မည်သည့် ကြိုတင်သဘောတူညီချက် မျှ မရှိကြပေ။ ထိုသို့ငွေပေးခြင်းသည် ရွာသားများကို နှုတ်ပိတ်စေရန်ရည်ရွယ်ကြောင်း ထင်ရှားသည်။

“ ကုမ္ပဏီတွေက အခုဆို လယ်ထဲကို သူတို့စွန့်ပစ်ပစ္စည်းတွေ အရင်ကထက် ပိုသွန်ချနေတယ်၊ ကျွန်တော်တို့ လယ်ကို ဖျက်ဖို့ သူတို့ ဆီက ဘယ်လိုလုပ်ငွေယူလို့ရမှာလဲ။” လို့ နားဟိုင်းလုံရွာသားတဦးကပြောသည်။

လွယ်ခမ်းကုန်းရှိ ရွှေတွင်းမှာ ၂၀၁၅ မှစ၍ တိုးချဲ့နေသည်၊ နောက်ကုမ္ပဏီတခုဖြစ်သည့် ရှမ်းရွှေလီကလည်း စတူးနေသည်။ရွှေတွင်းများကို မြန်မာ အစိုးရစစ်တပ်မှ စောင့်ပေးသည်။ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၁၃ တွင် ရွှေတူးနေသည့် လုပ်ငန်းကို စောင့်ကြည့်ရန် နားဟိုင်းလုံရွာသား အသက် ၅၄ နှစ်ရှိ လုံးဆမ်သည် တခြားရွာသားများနှင့်အတူ ကုန်းပေါ်သို့ တက်သွားစဉ် ပစ်သတ်ခံရသည်။

လုံးဆမ်၏မိသားစုက စစ်တပ်ကိုတရားစွဲရန်ကြိုးစားသည်။ ၂၀၁၆ ဇန္နဝါရီ ၁၄ ရက် တာချီလိတ်တွင် တရားရုံးချိန်းစခေါ်သည်။ စစ်သား ၃ ယောက်တို့မှာ လုံးဆမ်ကို ပစ်သတ်ကြောင်းဝန်ခံသည်။ သို့သော်သူ့ကို ရွာသားများက စတိုက်ခိုက်သည်ဟုဆိုသည်။ ထိုစဉ်က လုံးဆမ်နှင့် တခြားရွာသားတို့မှာ မည်သည့်လက်နက်မျှ မပါချေ၊ သူတို့သည် အိမ်သို့လှည့်ပြန်ရန် ကုန်းပေါ်မှ ဆင်းလာချိန် ပစ်သတ်ခံရခြင်း ဖြစ်သည်။ နောက်ထက်ရုံးချိန်းကို ရက်စွဲမသိရပေ။

နေပြည်တော်က တဖက်သတ်အာဏာကျင့်သုံးခြင်းကိုရပ်တန့်ပြီး ဖက်ဒရယ်စံနစ်ကျင့်သုံးခါ တိုင်းရင်းသားနယ် မြေများ တွင် သတ္တုတွင်းထိန်းချုပ်နိုင်ခွင့်ကို ပေးရန် နောက်တက်လာမည့် အန်အယ်ဒီ(NLD) အစိုုးရ ကို ရှမ်းပြည်နယ်တောင်သူလယ်သမားများ ကွန်ယက်နှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တိုက်တွန်းလိုက်သည်။

ဆက်သွယ်ရန်
နန်းလှ-               + ၉၅ (၀) ၉-၄၉၂-၅၇၁-၉၄/ +၉၅ (၀)၉၂၆-၄၂၁-၃၇၀၃ (ရှမ်း/ (ဗမာ)
စိုင်းခွန်းမိုင်         + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ| အင်္ဂလိပ်)
စိုင်းဟော်ရှဲန်       + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)

PDF file >>>  Shan Burmese Burmese English

ထုတ်ပြန်ချက်