ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တရုတ်နှင့်မြန်မာသွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ အစိုးရကင်းစောင့်တပ်က မော်တော်ဆိုင်ကယ် မောင်းနှင်နေသည့် လယ်သမားကို ပစ်သတ်ခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်

၁၆ ရက် အောက်တိုဘာလ ၂၀၁၈ ခုနှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တရုတ်နှင့်မြန်မာသွယ်တန်းထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ အစိုးရကင်းစောင့်တပ်က မော်တော်ဆိုင်ကယ် မောင်းနှင်နေသည့် လယ်သမားကို ပစ်သတ်ခဲ့

၁.၁၀.၂၀၁၈ ညနေ၆:ဝဝနာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ တရုတ်ပြည်သို့သွယ်ဆက်ထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် အစိုးရတပ် ခမရ (၅၀၄) တပ်မှ အသက် ၃၄ နှစ်အရွယ်ရှိ ဆိုင်ကယ်စီးနင်းလာသော လယ်သမားတဦးကို သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့နယ် နောင်အန်းရွာတွင် နေထိုင်သောလယ်သမားစိုင်းအိုက်ထွန်းသည် ကျောက်မဲမြို့နှင့် (၁၀) မိုင်ခန့်ဝေးသော သူ၏တောင်ယာခင်သို့ ဆိုင်ကယ်ဖြင့်စီးသွားရာ အင်အား(၁၅)ယောက်ရှိသော အစိုးရတပ် ခမရ(၅၀၄)ကို လှမ်းမြင်သဖြင့် စိုင်းအိုက်ထွန်းသည် ဆိုင်ကယ်ကိုပြန်လှည့်ပြီးမောင်းရာ၄င်း အစိုးရ တပ်မှ တပ်သားများက ဆိုင်ကယ်ကိုရပ်တန့်ဖို့ လှမ်းအော်ငေါက်လိုက်ရာ စိုင်းအိုက်ထွန်း ကြောက်အားလန့်အား နှင့်ဆက်မောင်းပြေးသဖြင့် ၄င်းခမရ(၅၀၄)တပ်သားများက သေနတ်ဖြင့်နောက်မှလိုက်ပစ်ခတ်လိုက်သောကြောင့် စိုင်းအိုက်ထွန်း၏ကျောပြင်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

အစိုးရတပ် ခမရ(၅၀၄)သည် သီပေါမြို့တွင် အခြေစိုက်ထားသော တပ်ဖြစ်သည်။ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင် သွားလာလှုပ်ရှားစဉ်သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ည ၇:ဝဝနာရီအချိန်တွင် ခမရ(၅၀၄)အင်အား(၁၅)ယောက်မှ အဖွဲ့ခေါင်းဆောင်သည် ဟောင်ဟိုင့်တိုက်နယ်ဥက္ကဋ္ဌ ဦးစိုင်းကျော်လှနှင့် နောင်အန်းရွာမှ ရာအိမ်မှူး၂ယောက်တို့အား သူတို့ရှိရာသို့ လာရောက်ခဲ့ကြရန် ဖုန်းဖြင့်ခေါ်ဆိုခဲ့ကြောင်း သိရသည်။

သူတို့သည် ရွာသားတဦးကို မှားပြီးပစ်ခဲ့မိသဖြင့် ဘယ်ရွာသားမှန်းမသိသဖြင့် လာရောက်စစ်ဆေးကြည့် ကြရန် ခေါ်ခဲ့ခြင်းဖြစ်သည်။

၇:၃၀ နာရီအချိန် တိုက်နယ်ဥက္ကဋ္ဌတို့အဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့ကြရာ သေဆုံးသူမှာ နောင်အန်းရွာနေ အသက်(၃၄)နှစ်ရှိ စိုင်းအိုက်ထွန်းပင်ဖြစ်ကြောင်း သိရသည်။ ၄င်းတပ်မှ အဖွဲ့ခေါင်းဆောင်က ရွာဥက္ကဋ္ဌကြီးကို “ကျွန်တော်တို့ တကယ်စိတ်မကောင်းဖြစ်မိတယ် ကျွန်တော်တို့မှားတာပါသည့်အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်” ဟု တောင်းပန်စကားသာဆိုခဲ့ ကြောင်းသိရသည်။

မြန်မာစစ်သားနှင့် စိုင်းအိုက်ထွန်း၏အလောင်း

ည၈:ဝဝနာရီအချိန်တွင် ရွာသားတဦးမှ နမ့်ခုံးလူမှုကူညီရေးအသင်းကို အကူအညီလှမ်းတောင်းပြီး သေဆုံးသူ စိုင်းအိုက်ထွန်း၏ အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံးမှ ရင်ခွဲဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ည၉:ဝဝနာရီအချိန်တွင် ရွာဥက္ကဋ္ဌတို့အဖွဲ့က ရွာသို့ပြန်လာကြပြီး စိုင်းအိုက်ထွန်း၏မိခင်အား ဖြစ်စဉ်အားလုံးကို လာရောက်ရှင်းပြခဲ့ပြီး ည(၁၁)နာရီကျော်အချိန်မှာ ရွာဥက္ကဋ္ဌနှင့် စိုင်းအိုက်ထွန်း၏မိခင်တို့သည် စိုင်းအိုက်ထွန်းသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းသို့သွား၍အမှုဖွင့်ခဲ့ကြကြောင်းသိရသည်။

၂.၁၀.၂၀၁၈ မနက်၁၀:နာရီ အစိုးရတပ် ခမရ(၅၀၁)နှင့် ခမရ(၅၀၄) တပ်တို့မှ အရာရှိတို့သည် အင်အား(၁၅)ယောက် ကားသုံးစီးဖြင့် နောင်အန်းရွာမှ ရွာဥက္ကဋ္ဌအိမ်သို့ ရောက်ကြပြီး ရွာဥက္ကဋ္ဌနှင့် စိုင်းအိုက်ထွန်း မိခင်တို့အား ၄င်းသေဆုံးမှုဖြစ်စဉ်ကို လာရောက်အကြောင်းကြားကြောင်း၊ သေဆုံးသူ စိုင်းအိုက် ထွန်းမိခင်ကို ” ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ချင်လဲ့၊ ဘယ်လိုဖြစ်စေချင်လဲ့၊တရားရုံးသွားပြီး တရားဥပဒေ နဲ့ တရားစွဲချင်သလား၊ ကြိုက်တာလုပ်လို့ရတယ် ကျနော်တို့သဘောတူတယ်၊ ဒါပေမယ် ခင်ဗျာ့တို့ တရားရုံးတက်ပြီး တရားဥပဒေအတိုင်းသွားချင်တယ်ရင်တော့ ခင်ဗျာ့တို့နှင့်ကျုပ်တို့အတွက် အချိန်ကုန်မယ် အချိန်ကြာလိမ့်မယ်၊ တရားရုံးကလည်း ခင်ဗျာ့တို့သား အသက်ပြန်ရှင်လာအောင် မလုပ်ပေးနိုင် ပါဘူး” ဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးမှာ ရွာဥက္ကဋ္ဌနှင့် သေဆုံးသူစိုင်းအိုက်ထွန်း၏မိခင်တို့က “ဘယ်တရားဥပဒေနဲ့မှ အမှုမဖွင့်လိုတော့ကြောင်း ဒီအမှုကို ဒီမှာတင်ပြီးပါစေတော့”ဟု ပြောဆိုလိုက်ကြကြောင်း သိရသည်။ ထိုအခါ ၄င်း ခမရ (၅၀၁) ခမရ(၅၀၄)တို့က သေဆုံးသူ စိုင်းအိုက်ထွန်းမိခင်အား ဆန်(၁)အိတ်၊တန်ဖိုးငွေ (၃၅၀၀၀)ကျပ်၊ စားဆီ (၃) ပုလင်း၊ သကြား(၁)ကီလို၊ ကော်ဖီ၁ထုပ်နှင့် ငွေသား(၁၀)သိန်း ပေးအပ်ပြီး နှစ်သိမ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ၄င်းတပ်မှအရာရှိတို့က”ဆန်နဲ့ဆီက ရော်ကြေးပေးတာမဟုတ်ဘူး၊ ခင်ဗျာ့တို့အိမ်သူ အိမ်သား စားဝတ်နေရေးအတွက် သက်သက်ကူညီတာ၊”ဟုပြောခဲ့ကြောင်းသိရသည်။

တိုက်နယ်ဥက္ကဋ္ဌ၊ ရွာဥက္ကဋ္ဌနှင့် သေဆုံးသူ စိုင်းအိုက်ထွန်း၏မိခင်တို့ဘက်က ၄င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ကျေအေးပါကြောင်း ကျေနပ်ပါကြောင်း သဘောတူလိုက်ရတယ် ဟုဆိုသည်။ ထို့အခါ မွန်းလွဲ ၁နာရီ ခန့် အချိန်တွင် စစ်သားများသည် အဆိုပါအိမ်မှ ထွက်ခွာခဲ့ကြသည်။ အဲ့ဒီနောက် ရွာသူကြီး၊ သေဆုံးသူ စိုင်းအိုက်ထွန်း၏ မိခင်နှင့် ဇနီးတို့က ဆေးရုံးသွားသို့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ၄င်း၏ရုပ်အလောင်းကို ကျောက်မဲသင်းချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့သည်။

စိုင်းအိုက်ထွန်းသည် ဝမ်နောင်အန်းက လုံးထွန်းနှင့်ပါဝါတို့၏ သားဖြစ်ပါသည်။ ၄င်း၏ ဇနီးမှာ နန်းရွှေယင်းဖြစ်ပြီး ၆လအရွယ် သမီးငယ်တစ်ဦးထွန်းကားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ကျောက်မဲထိန်းချုပ်မှုအတွက် အခြေစိုက် စကခ အမှတ်(၁)၊ မြန်မာ အစိုးရစစ်တပ် ခမရ(၅၀၄)မှ အခြားအရာရှိတစ်ဦးက စစ်သား(၅)ယောက်ခန့်နှင့်အတူ သေဆုံးသူဘက်က မိသားစု များ၏ အမှုဖွင့်ဆို ခြင်းမရှိ၊ ပြီးဆုံးကြောင်း ကျေအေးကျေနပ်ပါကြောင်း နောက်ဆုံးအဖြစ် သေချာအတည်ပြုနိုင်ရန် နောင်အန်းရွာသူကြီးအိမ်သို့ နောက်တစ်ဖန်ပြန်လာခဲ့ကြသည်။

ပစ်သတ်သည့်နေရာသည် ရခိုင်ပြည်နယ်ကျောက်ဖြူဘက် ဘင်္ဂလားပင်လယ်အော်မှ ရှမ်းပြည်နယ် မြောက်ပိုင်းကိုဖြတ်၍ တရုတ်ပြည်သို့သွယ်ထားသောရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ ၁၅ မီတာ ခန့်တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါပိုက်လိုင်းများသည် ကျောက်မဲနှင့် သီပေါတို့ကြား၊ ဘော်ကြိုဘုရားအနီးတွင် ဖြတ်၍သွယ်တန်းထားပါသည်။ ၂၀၁၂ ခုနှစ် တုန်းက China National Petroleum Corporation ကုမ္ပဏီ ဆောက်လုပ်သည့် ယင်းဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခဲ့ပေမဲ့လည်း အကျိုးသက်ရောက်ခြင်းမရှိပါ။ ဒါ့အပြင် စီမံကိန်းကြောင့် မြေကွက်များ ဆုံးရှုံးခဲ့ရခြင်းနှင့် ဘော်ကြိုသည် ဆားပေါက်သော နေရာဒေသ ဖြစ်သောကြောင့် အချိန်ကြာမြင့် လာခဲ့လျှင် ဆားပေါက်သော မြေဆီလွှာတိုက်စားမှုကြောင့် သံချေးတက် သံပိုက်လိုင်းများပျက်စီးပြီး ဓာတ်ငွေ့များနှင့်ရေနံများယိုစိမ့်ပေါက် ကွဲမှာကို စိုးရိမ်ခဲ့ကြသည်။

၄င်းပိုက်လိုင်းများတည်ဆောက်ခဲ့စဥ်ကလည်း နောင်အန်းရွာမှ လယ်သမား ၁၅ ဦးသည် ပိုက်လိုင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် မြေသိမ်းမှုကြောင့် ခြံမြေ ၂၅ ဧကခန့်ဆုံးရှုံးပေးခဲ့ကြရသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66: 62- 941-9600       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း၊ မြန်မာ)

 

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်