ရှမ်းလူ့အခွင့်အရေး မဏ္ဍိုုင်မှ နောက်ဆုံးရ သတင်း စာအမှတ် (၂/၂၀၁၆)
ဧပြီလ ၂၁ ရက် ၂၀၁၆ ခုနှစ်
မြန်မာအစိုးရစစ်တပ် တိုးချဲ့ပြီး ရွာသားများကို ဖိနှိပ်နေသဖြင့် တရုတ်နှင့်ကိုးကန့်နယ်စပ်တစ်လျှောက်တွင်း ရွာများတွင် လူမနေနိုင်
၂၀၁၆ခု မတ်လအတွင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ တွေ့ဆုံမေးမြန်းချက်အရ တောင်ထူထပ်သော တရုတ်နှင့် ကိုးကန့်နယ်စပ်တွင် မြန်မာအစိုးရစစ်တပ်တို့ တိုးချဲ့ ချထားပြီးရွာသားများကို ဖိနှိပ်နေသဖြင့် သောင်းချိီသည့် ဒုက္ခသည်တို့မှာ နေရပ်မပြန်နိုင် ဖြစ်နေရသည်။
မြန်မာအစိုးရစစ်တပ်နှင့် ကိုးကန့်ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်သောကြောင့် ၂၀၁၅ ဖေဖဝါရီလ တွင် စစ်ဘေး ဒုက္ခသည် ၁၀၀၀၀၀ ခန့်သည် တရုတ်ပြည်သို့ ထွက်ပြေးခဲ့ကြရသည်၊ သူတို့၏ ရွာအနီးတွင် စခန်းချထားသော မြန်မာစစ်တပ်က ဖိနှိပ်နေသဖြင့် ဒုက္ခသည် အများအပြားမှာ နေရပ်မပြန်နိုင် ဖြစ်နေရသည်။
လွန်ခဲ့သည့်နှစ်က တိုက်ပွဲများပြင်းထန်ချိန်တွင် ရွာသားများအသတ်ခံရခြင်း၊ ပျောက်ဆုံးခြင်းများ အခုတိုင် စိုးရိမ်ကြောက်ရွံ့နေစဲဖြစ်သည်၊ မြန်မာစစ်သားများ မည်သို့ ရွာသားတို့အပေါ်မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ပစ္စည်းများလုယူခြင်း အဓမ္မခိုင်းစေခြင်း စသည့် ဖိနှိ်ပ်မှုများကို ရှင်းပြကြသည်၊ မြန်မာစစ်တပ်သည် နယ်စပ်တစ်လျှောက်တွင် မိုင်းများထောင်ထားသောကြောင့် အိမ်ပြန် လာသောဒုက္ခသည်များ မိုင်းထိ ကြရသည်။
လောက်ကိုင်မြောက်ဘက်နှင့် ကုန်းကြမ်းမြို့နယ်၊ ရွာ ပေါင်း၂၀ ကျော်ကို စွန့်ခွါခဲ့သော ဒုက္ခသည်များ ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ စကားပြောဆိုရာတွင် သူတို့ရွာများကို လုံး၀ စွန့်ခွါခဲ့သည်၊ တခိျု့ရွာသား သူတို့၏ လယ်ယာကို ပြန်ကြည့်ရန် ခေတ္တ နေကြကြောင်းပြောပြသည်၊ လောက်ကိုင်တောင်ပိုင်းမှာလည်း ထိုသို့ဖြစ်သည်။ ဤသည်မှာ မြန်မာအစိုးရစစ်တပ်မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နယ်စပ်နှင့်ကပ်နေ သော အရှေ့ပိုင်း နယ်မြေရှိ လူများကို ရည်ရွက်ချက်ရှိရှိ မောင်းထုတ် နေခြင်းဖြစ်သည်။
ယမန်နှစ် တရုတ်အာဏာပိုင်တို့က ပိတ်သိမ်းလိုက်သဖြင့် တရားဝင် ဒုက္ခသည်စခန်းများ မရှိတော့သဖြင့် တရုတ်ပြည်တွင် ပိတ်မိနေပြီး ဒုက္ခသည် ၂၀၀၀၀ ကျော် မှာ ဖြစ်သလို တဲများဖြင့် တရုတ်နယ်စပ်တွင် နေထိုင်နေကြရသည်။ ဒေသအလှူရှင်များမှ ပေးသည့် အလှူငွေနှင့် အနီးရှိတောင်ယာများတွင် အလုပ်လုပ် ခါရသည့် လုပ်ခများပေါ်တွင် မှီခိုရပ်တည်နေကြရသည်။ အများစုမှာ အလုပ်ရှာရန်တရုတ်ပြည်ထဲသို့ ပြန့်နှံ့ဝင် ရောက်သွားကြ သည်။
မြန်မာအစိုးရစစ်တပ်မှ ဆက်လက်လုပ်ဆောင်နေသည့် ကိုးကန့်အရပ်သားများအပေါ် ဖိနှိပ်မှုများနှင့် ဒုက္ခသည် အရေးကို မြန်မာပြည်တွင်းသာမကပြည်ပနိုင်ငံတကာမှ မေ့လျှော့သွားမည်ကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ စိုးရိမ်ပူပန်မိသည်။ ၂၀၁၆ခု ဇန်နာဝါရီလတွင် ထုတ်ပြန်သည့် UNOCHA မှတ်တမ်းတွင် ဤပြဿနာ၏ လေးနက်မှုကို ဖေါ့၍ ဖေါ်ပြထားပြီး တရုတ်ပြည်တွင်နေထိုင်သည့် ကိုးကန့် လူဦးရေ ၄၀၀၀သာကျန် တော့သည်ဟုဆိုသည်။
ကိုးကန့်နှင့် တရုတ်နယ်စပ်တွင် ခိုလှုံနေရသော ဒုက္ခသည် တို့ အတွက် အရေးတကြီးလိုအပ်နေသော လူသားချင်းစာနာမှု အကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို အလှူရှင်များနှင့် အကူအညီပေးသည့် အဖွဲ့တို့ က နည်းလမ်းရှာ၍ ကူညီပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုုင်မှ တိုက်တွန်းပါသည်။
မြန်မာပြည်တွင် အသစ်တက်လာသည့် NLD အစိုးရအနေနှင့် ကိုးကန့် ဒေသ ပဋိပက္ခကိုစစ်ရေးအရမဟုတ်ဘဲ နိုင်ငံရေးအရ ဖြေရှာရန်၊ ကိုးကန့် မပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မဟုတ်ဘဲ အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသစ်ကို ဖေါ်ဆောင်ရန် လည်းရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ တိုက်တွန်းပါသည်။
ကိုးကန့်ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခြင်း
၁ ။ရှောင် ဘန်တန်ရွာမှ ဒုက္ခသည် ( မြန်မာစစ်တပ်၏ နှိပ်စက်ခြင်းခံရသူ) လယ်သမား အသက် ၄၉ နှစ်
အစက ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၅၁ အိမ်ရှိတယ်။အခုတော့ ဘယ်သူမှ မနေရဲတော့ဘူး၊ ဒီဒုက္ခ သည်စခန်းမှာ နေနေတာက အိမ်ထောင်စု ၁၁ စုဘဲရှိတယ်။ဒီမှာ လူ၄၀ လောက်ရှိတယ်။ ကျွန်တော်တော်တို့ အနီးနားက(တရုတ်ပြည်ထဲ) ကြံစိုက်ခင်းတွေမှာ အလုပ်လုပ်ကြရတယ်။
ကျွန်တော်တို့ရွာနားမှာမြန်မာ.တပ်စခန်းရှိတယ်။ ရွာအပေါ်ရဲ. တောင်ကုန်းပေါ်မှာ၊ ခမရ တပ်ရင်း၃၃ စစ်သား တွေ ဒီစခန်းကို စွဲတာ လေးလလောက်က။
မနှစ် (ဖေဖဝါရီလ) မှာတိုက်ပွဲတွေဖြစ်တော့ ရွာသားအများစုက တရုတ်ပြည်ဘက်ကိုပြေးကြတယ်၊ ကျွန်တော်တို.ရွာက နယ်စပ်နဲ့ သိပ်ကပ်နေတော့ တချို့က ပြန်ကူးကြတယ်။ မနှစ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ ရွာသားလေးယောက်နဲ့ အတူ ကျွန်တော်ပြန်တယ်။
ကျွန်တော်တို့ရွာကို ပြန်ဖို. ညနေ ၄ နာရီမှာ ကူးတာ ၊ ကျွန်တော့်အိမ်မှာ တစ်ညအိပ်တယ်။နောက်နေ့ နေ့လည်မှာ မြန်မာစစ်သား အယောက် ၆၀ လောက်ရောက်လာတယ်၊ သူတို့ ကျွန်တော်.အိမ်နားက ကျည်ဆံခွံ တွေ တွေ့တယ်လို့ ဆိုပြီးပြတယ်၊ သူတို့ကျွန်တော့်ကိုဖမ်းတယ်။ ကျွန်တော်နဲ့ ပြန်လာတဲ့ ရွာသားနှစ်ယောက်ကို လည်းဖမ်းတယ်။လက်ကိုကြိုးနဲ့ တုပ်တယ်၊ မျက်နှာကို အဝတ်နဲ့ စည်းတယ်၊ ကားပေါ်တင်ပြီး တာရွှေထန်ရွာက စစ်စခန်းကို မောင်းသွားတယ်။
အခန်းတခုထဲမှာ ထည့်ထားတယ်။ သံခြေချင်းခတ်ထားတယ်၊ နေ ့တိုင်း စစ်သားနှစ်ယောက်က လာစစ်တယ်။ ကိုးကန့်စစ်သားတွေနဲ့ တွေ့သလား၊ ခင်ဗျား သူတို့ အဖွဲ့သားလား၊ စစ်သားတွေဘယ်မှာလဲ၊ မေးတိုင်း ဘာမှ မသိဘူးလို့ကျွန်တော်ဖြေတယ်၊ မေးတိုင်းရိုက်တယ်၊တခါတခါ လက်သီးနဲ့လည်းထိုးတယ်၊တခါတလေ သေနတ်ဒင်နဲ့ ရိုက်တယ်၊ နှာခေါင်းရဲ. သွေးတွေယိုလာတယ်၊ တခါတလေ သတိမေ့သွားတယ်။
ကျွန်တော် ကို်နှစ်ပတ်ထားတယ်၊ နောက်တော့ ရွေဘ ရွာမှာ ကျွန်တော့်ကို လွှတ်တယ်။ နယ်စပ်ကိုပြန်ခဲ့တယ်၊ အားသိပ်နည်းနေလို့ သုံးနာရီလောက်လျှောက်ရတယ်။
ကျန်နှစ်ယောက်ကိုတော့ နောက်ရက်အနည်းငယ်မှာလွှတ်တယ်၊ သူတို့လည်းကျွန်တော့်လိုဘဲ အစစ်ခံ အရိုက်ခံရတယ်။ သူတို့ကိုတော့ မျက်နှာနဲ့ ကိုယ်တွေကို ဒါးနဲ့ လှီးတယ်။
လွတ်လာပြီး တပတ်မှာ ကျွန်တော်တို့ရွာက အသက် ၃၉ နှစ်ရှိတဲ့ လိုဖါကျူ မြန်မာစစ်သားတွေရဲ့ အဖမ်းခံရ တယ်။သူကသူ့လယ်ကွင်းကို ပြန်ကြည့်တော့ အဖမ်းခံရတာ၊ ဆယ်ရက် အဖမ်းခံရတယ်။သူ တရုတ်ပြည် ဘက်ပြန်ရောက်တော့ သူ့မျက်နှာမှာ ဒဏ်ရာတွေ၊ စိတ်တွေလည်းဂယောင်ခြောက်ခြားနဲ့၊ သူသုံးရက်ဘဲနေ တယ် နောက်တော့ပျောက်သွားတယ်။
ကျွန်တော်တို့ရွာနဲ့နီးနီးနေချင်လို့ နယ်စပ်မှာနေနေတာပါ ။တောင်ယာတွေကို ပြန်ကြည့်ချင်လို့။ အဓိကဝင်ငွေက ကြံစိုက်ပျိုးရေးလေ။ အိမ်ထောင်တစ်စုက တစ်နှစ်မှာ ကြံရောင်းရငွေ ယွမ် ၅၀၀၀ လောက်ရတယ်၊ တချို့ဆိုယွမ်၂၀၀၀၀ လောက်အထိရတယ်၊ အခုတော့ နှစ်နှစ်ရှိပြီ ကြံမသိမ်းနိုင်ဘူး၊ ကျန်တဲ့ ကျွဲနွားတွေရောင်းပြီး တရုတ်ပြည်ထဲမှာ အသက်ဆက် နေရတာ၊ အခုတော့ ဘာမှ မကျန်တော့ဘူး။
၂ ။ ဟောင်ရှီထိုရွာသား အသက် ၅၈ နှစ် နဲ့ မေးမြန်းခြင်း၊( စစ်ပြေးတို့ နေရာကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ လုယက်ခြင်းများကို မြန်မာအစိုးရစစ်တပ်ကျူးလွန်ပုံ)
ဟောင်ရှီထိုရွာမှာ အိမ်ထောင်စု ၄၀ ကျော်ရှိခဲ့တယ်၊ အခုတော့ အများစုက ဒုက္ခသည်စခန်းမှာနေတယ်။၂၀၁၅ အောက်တိုဘာလတည်းက ရောက်နေတာ၊အရင်က ချဟီဘ ဆိုတဲ့ ဒုက္ခသည်စခန်းမှာနေတယ်။ မြန်မာပြည် နယ်စပ်အထဲမှာ နေတာ ကျွန်တော်တို့ ရာချီရှိတယ်။ အောက်တိုဘာ၁၅ ရက်နေ့ကျတော့ မြန်မာစစ်သား ၃၀ လောက်လာပြီး ထွက်သွားဖို့ အမိန့်ပေးတယ်၊ သူတို့ လေထဲကို သေနတ်ဖေါက်ပြီး ခြောက်တယ်။ မနှင်ထုတ်ဖို့ ကျွန်တော်တို့က တောင်းပန်တယ်၊ နောက်တော့ သုံးရက်အတွင်းပြောင်းဖို့ပေးတယ်၊ အဲဒါပြီးတော့ သူတို့ ကျွန်တော်တို့တဲတွေကို မီးရှို့တော.တာဘဲ။ ကျွန်တော်တို့လည်း တရုတ်ပြည်ထဲက ဒီမှာရွေ့လာရတယ်။
၂၀၁၅ ဖဖဝေါရီလမှာ ကျွန်တော်တို့ရွာက ပြေးလာကြတယ်၊ မတ်လမှာ ဟောင်ရှီထိုရွာသား သုံယောက် သူတို့ လယ်ကို သွားပြန်ကြည့်တော့ မြန်မာစစ်သားက သူတို့ကို ဖမ်းတယ်၊ နှစ်ယောက်ကို ဓါးနဲ့ ခုတ်သတ်ခံရတယ်၊ သူတို့ ယီလောဘိုနဲ့ လိုစီလူ ဖြစ်တယ်။ သူတို့က အသက် ၅၀ အရွယ်လောက်ပေါ့၊ နောက်တယောက် ယီလောအာ က အသက် ၃၀ လည်း ဓါးနဲ့ အခုတ်ခံရတယ်၊ ဒါပေမဲ့ သူမသေဘူး၊ လွတ်ပြီးနယ်စပ်ကို ပြန်ထွက်ပြေးလာတယ်။
၂၀၁၅ စက်တင်ဘာလမှာ နောက်ရွာသား ရန်ဂျင်ဒ အသက် ၅၀ လောက်က သူ့ကျွွဲနွားတွေကို သွားပြန်ကြည့်တယ်။ မြန်မာစစ်သားတွေက သေနတ်နဲ့ ပစ်တယ်၊ သူ့ကိုမထိဘူး၊ ကျည်ဆံတွေက သူ့ခြေထောက်နားမှာ လာကျတယ်၊ သူလည်းကြောက်လန့်ပြီး ကျွဲနွားတွေကို ပစ်ထားခဲ့ပြီး နယ်စပ်ပြန်ပြေးလာခဲ့ရ တယ်၊ အခုသူစခန်းထဲမှာရှိတယ်၊ စိတ်တွေ လုံး၀ကတိမ်းကပါး ဖြစ်နေတယ်။
အခုကျွန်တော်တို့ရွာ (ဟောင်ရှီထို) ပတ်လည်မှာ မြန်မာစစ်တပ် စခန်း သုံးနေရာတပ်စွဲထားတယ်၊ စစ်သား၁၅၀ လောက်နေတယ်။ရွာထဲမှာ လူနည်းနည်းဘဲ ရှိတော့တယ်၊ တခါတလေ လယ်သွားလုပ်တဲ့သူဘဲ ရှိတယ်။
ရွာထဲမှာနေရင် မြန်မာစစ်သားက အလုပ်ခိုင်းတယ်၊ ဒီကျွန်တော်တို့ရွာမှာလည်း လွန်ခဲ့တဲ့ လက လာခိုင်းသေးတယ်၊ သူတို့စခန်းအတွက် လူတယောက် ဝါးတလုံးယူလာရမယ်လို့ အမိန့်ပေးတယ်။ သူတို့စခန်း ပတ်ဝန်းကျင်ကို တံမျက်စည်းလှဲခိုင်းတယ်၊ လမ်းပြင်ခိုင်းတယ်။သူတို့လုယူလာတဲ့ ပစ္စည်းတွေကိုလည်း စခန်း သယ်ဖို့ ရွာသားတွေကိုခိုင်းတယ်၊ ရွေဘ ရွာအိမ်ပျက်တွေဆီက တိုင်တွေ၊ ထားရံတွေကိုလည်း သယ်ခိုင်း တယ်။ အခုတော့ရွေဘရွာမှာ လူမနေကြတော့ဘူး။ အရင်က အိမ်ခြေ ၈၀ ကျော်ရှိတယ်၊ အခုတော့ လုံး၀ ရွာပျက်ကြီး။ မြန်မာစစ်သားတွေက အကုန်ယူတာ။
ကျွန်တော်တို့ရွာလည်း ဒီလိုဘဲ၊ မြန်မာစစ်သားတွေ အကုန်ယူတယ်၊ ကျွန်တော်တို့ အစာတွေ၊ ပစ္စည်းတွေ၊ စက်တွေ၊ တိရိစ္ဆာန်တွေ။ ကျွန်တော့ အိပ်ယာတောင်သူတို့ယူတယ်။
၃ ။ ရွှင်ဒိီယိုအိုင် ရွာမှ ဒုက္ခသည် လယ်သမား အသက် ၆၁ နှစ် ( မြန်မာစစ်တပ်ထောင်သည့်မိုင်းကြောင့် ထိခိုက်ခြင်း၊ ရွာသားများပျောက် ဆုံးခြင်း။)
ဒီစခန်းကို လွန်ခဲ့တဲ့ တနှစ်က ရွှေ့လာခဲ့တယ်၊ အရင်တုန်းက လူ ၇၀၀ ကျော်လောက်နေတယ်၊ ၂၀၁၅ ခုဧပြီမှာ ဒီ( နမ်တိန်မန်း တောင်ပေါ်)တိုက်ပွဲ အပြင်းအထန်ဖြစ်တော့ လက်နက်ကြီးကျည်တွေ စခန်းနားလာကျတယ်၊ ကျွန်တော်တို့အားလုံး ရွှေ့လာရတော့တယ်၊ နောက် သုံးလလောက်ကြာတော့ ပြန်လာခဲ့တယ် ၊ဒါပေမဲ့ စခန်းမှာ အခု လူသိပ်မရှိတော့ဘူး။ မိသားစု ၁၃ စုလောက်သာရှိတော့တယ်၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ခလေးတွေ၊ မသန်စွမ်းသူတွေဘဲ။ တတ်နိုင်တဲ့ သူတွေက တခြားကို ပြောင်းသွားကြပြီ၊ ကျွန်တော်တို့က ဘယ်မှ မပြောင်းနိုင်ကြဘူး၊ ကျွန်တော်တို့ရွာဟောင်းနဲ့ နီးတဲ့ ဒီမှာဘဲနေချင်တယ်။ ဒီကနေဆို တစ်နာရီဘဲ လျှောက်ရတယ်။
အခုဆိုဘယ်သူမှ ရွာကို မပြန်ကြတော့ဘူး၊ ကျွန်တော်တို့ရွာ သွားတဲ့လမ်းကို မြန်မာစစ်တပ်က ပိတ်ထားတယ်၊ သူတို့က ရွာသားတွေ နယ်စပ်ဖြတ်ကျော်မလာနိုင်အောင် မျုဉ်းတွေ ထောင်ထားတယ်၊ မနှစ်ဒီဇင်ဘာက အသက် ၁၅ နှစ်ရှိ ဒုက္ခသည်ယောက်ျားလေးတယောက် သူ့နွားကျောင်းဖို့သွားတာ နယ်စပ်မှာ မိုင်းနင်းမိခဲ့တယ်။ နေရာက ဒီကနေ ဆယ်မိနှစ်လောက်ဘဲဝေးတယ်။ သူ့သူငယ်ချင်းက ဒီစခန်းကို ပြေးလာပြီးပြောတော့ ကျွန်တော်နဲ့ တခြားလူ လေးယောက် သွားကူတယ်၊ သူ့ကိုနမ့်ဆမ်ဆေးရုံကိုပို့ လိုက်တယ်၊သူခြေထောက်ဖြတ်လိုက်ရတယ်။ သူက ဟောင်ရှီထို ရွာကနေ တရုတ်ပြည်ဘက်က နယ်စပ် စစ်ဘေးရှောင်စခန်းမှာ နေနေတာ။
ကျွန်တော်ရွာကို ပြန်မရောက်တာ တနှစ်လောက်ရှိပြီ ၊ ပြီးခဲ့တဲ့ မတ်လက ဟိုမှာနေတဲ့ လူတွေ ပျောက် ပျောက်သွားလို့ မပြန်ရဲဘူး၊ အသက် ၉၀ လောက်ရှိတဲ့ အဖွါးအိုနဲ့ သူမြေးလေး အသက် ၂၀ လောက်ရှိတဲ့ ဝမ်လော်လီယူ ဆိုတာဟိုမှာရှိတယ်။ သူတို့က သူတို့အိမ်ကိုစောင့်နေတာ ဒါပေမဲ့ သူတို့ ပျောက်သွားတယ်။ ဘာဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး၊ သူတို့ အသတ်ခံရတယ်လို့ ကျွန်တော်တို့ ထင်တယ်။ လွန်ခဲ့တဲ့နှစ် မတ်လမှာဘဲ ရွှင်ဒိီယိုအိုင် ရွာကို ပြန်သွားတဲ့ ရွာသား သုံးယောက် လည်း ပျောက်သွားတယ်။ အသက် ၃၀ လောက်ရှိ ပင်းအန်၊ အသက် ၆၀ လောက်ရှိ ချီ လော်ဆန် နဲ့ အသက် ၂၅ လောက်ရှိ ဝမ်မ လီယူ ပေါ့၊ သူတို့က သူတို့အိမ်ကို ပြန်ကြည့်ကြတာ၊ ပြန်မလာကြတော့ဘူး။
ကျွန်တော့်အိမ်ရှိသေးလား မပြောတတ်တော့ဘူး၊ အိမ်ထဲ ဘာတွေကျန်ဦးမလဲလည်း မသိတော့ဘူး။ အနီးနားမှာ တပ်စခန်းရှိတယ် ဘယ်သူမှ မပြန်ရဲတော့ဘူး။
ဒီမှာ အရေးအကြီးဆုံးပြဿနာက ရိက္ခါဘဲ၊ အရင်က ဆန်လှူတာရဘူးတယ်၊ အခုနှစ်လရှိပြီ ဘာမှ မရတော့ဘူး၊ ထမင်းစား နိုင်အောင် အလုပ်တော့ ကြိုးစားရှာရတယ်၊စခန်းမှာက ခလေးတွေ၊ သက်ကြီးရွယ်အိုတွေ များတော့ အလုပ်မ လုပ်နိုင်ကြဘူး၊ အနီးနားက တောင်တွေပေါ်မှာ စားဖို့ဟင်းသီးဟင်းရွက် တွေ သွားရှာကြရတယ်။
၄ ။ ဝါကျစ်ဆိုက််မှ ဒုက္ခသည် တွေ ( လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ပြည့်စုံသော ကိုးကန့် နိုင်ငံသားမှတ်ပုံတင် မရှိခြင်း)
အသက် ၄၀ ခန့် လယ်သူမ
အရင်က ကျွန်မတို.ရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိခဲ့တယ်၊ အခုတော့ ရွာထဲမှာ လူနည်းနည်းဘဲ ကျန်တော့တယ်၊ မနှစ်က ပြန်တဲ့ အမျိုးသမီးတချို့ မုဒိမ်းကျင့်ခံရပြီးကထည်းက ယောက်ျားတွေဘဲနေတာ၊ အမျိုးသမီးတွေက ဟိုမှာမနေရဲတော့ဘူး။
ကျွန်မတို့ရွာ ( ဝါကျစ်ဆိုက််)က ဒုက္ခသည် အမျိုးသမီး နှစ်ယောက် မနှစ်က မေလမှာ မုဒိမ်းကျင့်ခံရတယ်။ တယောက်က အသက်၄၀ လောက်၊ ရွာကနေပြေးလာပြီးပြီ၊ သူက သူ့အိမ်ကို တိတ်တိ်တ်ခိုးပြန်တာ၊ သူ့ယောက်ျားနဲ့ ပြန်တာဘဲ၊ သူယောက်ျားက လယ်ထဲသွားတော့ သူ.အိမ်ကို တယောက်ထည်း ပြန်တာ။ မြန်မာစစ်စခန်းက အပေါ်မှာရှိတော့ သူ့ကို မြင်တယ်၊ စစ်သား ၄ – ၅ ယောက် ဆင်းလာပြီး မဒိမ်းကျင့်တယ်။ နောက် ၁၀ ရက်လောက်အကြာမှာ အသက် ၅၀ လောက်ရှိတဲ့ အမျိုးသမီးတဦးလည်း အဲလိုဖြစ်တယ်။ သူက သူ့ခလေးတွေကို တရုတ်ပြည်မှာ ထားတယ်၊ သူ့အိမ်ကို သူပြန်ကြည့်တာ၊ စစ်သားတွေက မြင်တော့ ဆင်းလာပြီး သူ့အိမ်ထဲမှာဘဲ မုဒိမ်းကျင့်တာ။
အနီးနားရှိ လော်ရိန်ကိုင်ရွာက အသက် ၄၀ လောက်ရှိ အမျိုးသမီးနောက်တယောက်လည်း မုဒိမ်းကျင့်ခံရတယ်၊ မနှစ် ဩဂုတ်လက ။ သူ တရုတ်ပြည်မှာ ခိုလှုံနေတယ်၊ သူ့အိမ်ကို သူပြန်ကြည့်တယ်၊ သူ့ယောက်ျားနဲ့ ခလေးတွေကို နယ်စပ်မှာထားခဲ့တယ်။ စစ်သား တစ်အုပ်သူ့အိမ်ကိုရောက်လာပြီး မုဒိမ်းကျင့်တယ်။ သူက ငိုယိုပြီး ရွာလူကြီးကို သွားတိုင်တယ်။အသက် ၇၃ နှစ်ရှိ လယ်သမားကျွန်တော့်မှာ မြန်မာမှတ်ပုံတင် ကဒ်ပြား ရယ်လို့ မရှိဘူး။ ရှိတာက သုံးခေါက်ချိုး အစိမ်းရောင် မှတ်ပုံတင်ဘဲ၊အဲဒါကို ၂၀၀၉ ခု မေလက ထုတ်ပေးတာ ၊ ကျွန်တော်မိဘတွေမှာတော့ မှတ်ပုံတင်ရှိကြတယ်၊ ကျွန်တော်ကိုလည်း ပေးသင့်တာပေါ့၊ ဒါပေမဲ့ အာဏာပိုင်တွေက ကိုးကန့်လူမျိုးတွေကို မှတ်ပုံတင် မလုပ်ပေး ဘူး၊ ကျွန်တော်တို့ကို ခွဲခြားထားတယ်၊ ဒါကလည်း စစ်ဖြစ်ရတဲ့ အကြောင်းရင်း တစ်ချက်ပေါ့။
မှတ်ချက် – အမျိုုးသား အတွက် အစိမ်းရောင် သုံးခေါက်ချိုး မှတ်ပုံတင် ၊ အမျိုးသမီးအတွက် ပန်းရောင်သုံးခေါက်ချိုး မှတ်ပုံတင်ထုတ်ပေးတယ်။ ထိုမှတ်ပုံတင်တို့်မှာ နိုင်ငံသားအဖြစ် အာမခံချက်မရှိကြောင်း ရေးသားထားသည်။ အကန့်သတ်မှုများနှင့် အပြစ်ဒဏ်များ လည်း ဖေါ်ပြထားသည်။
ဥပမာ – တစ်လထက်ပိုကြာသည့် ခရီးကို သွားလိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရမည်။
သတ်မှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာပါက ထောင်ဒဏ်နှစ်နှစ်ကျခံနိုင်သည် ဟု ဆိုထားသည်။
အသေးစိတ် သိလိုပါက ဆက်သွယ်ရန်လိပ်စာ
စိုင်းဟော်ရှဲန် ၆၆း (၀) ၆၂ ၉၄၁ ၉၆၀၀ ( ရှမ်း ၊ အင်္ဂလိပ် )
လောန့်နွံစိန် ၆၆း (၀) ၆၃၈၃၈၉၀၂၉ ( ဗမာ ၊ အင်္ဂလိပ် )