ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရ

ယခုနှစ်ဦးမှစတင်ကာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသေဆုံးရာ မတ် လ ၁၁ ရက် နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ ၂၁ဦးအပါအဝင် ၈ ဦးမှာ စစ်ကောင်စီမှ လူနေဒေသ များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်ဖြစ်သည်။

ယခုထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းများအပြင် အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် လက်ရွေးစင် ခြေလျင်တပ်ရင်းများမှ ရာနှင့်ချီသော တပ်သားများကို ဖြန့်ကျက်ထားသည်။ နမ့်နိန်းကျေးရွာတွင် အစုလိုက်သတ်ဖြတ်ကာ နေအိမ် ၁၅၀ ခန့်ကိုမီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီ တပ်သားများမှာ တပ်မ ၆၆ နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စကခ ၂ လက်အောက်ခံ ခလရ ၅၁၈ မှဖြစ်သည်။

စစ်ကောင်စီ၏ ကျယ်ပြန့်လာသော အရပ်သားဒေသများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ

၂၀၂၃ ခုနစ် ဇန်န၀ါရီလ ၈ ရက်နေ့ ည ၉နာရီခန့်တွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ၀ါရီးဆူးပလိုင်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်မ ၅၅ မှမိုးဗြဲမြို့နယ်အတွင်းသို့ လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ ပွဲကုန်း(၁) ရပ်ကွက်တွင်နေထိုင်သူ အသက် ၆၆နှစ်အရွယ် ဦးလျိုပန်၏နေ အိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး သေဆုံးခဲ့သည်။.

၂၀၂၃ ခုနစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအနောက်ဘက်ကမ်း၌ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် ရှမ်း-ကရင်နီ နယ်စပ် တလျောက်တွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

၂၀၂၃ ခုနစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈နာရီ ၁၅ မိနစ်ခန့်တွင် ဖယ်ခုံမြို့နယ် စစ်ကောင်စီ အမြောက်တပ် မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် မိုးဗြဲမြို့နယ် ကောင်းဆောင်ရွာအနီးရှိ စစ်ဘေးဒုက္ခသည်စခန်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဒေါ်မူလင်း သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ ခုနစ်ဇန်န၀ါရီ ၂၄ ရက်နေ့တွင် မိုးဗြဲမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့၀င်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညောင်၀ိုင်းရပ်ကွက် အတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်။

၂၀၂၃ ခုနစ် ဖေဖော်၀ါရီ လဆန်းပိုင်း၌ စစ်ကောင်စီမှ မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ အင်အားတိုးမြင့်ကာ ထိုးစစ်ဆင်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ရာ ဖေဖော်၀ါရီလ ၁၀ရက်နေ့ ည ၁၁ နာရီတွင် စစ်ကောင်စီသည် လေကြောင်းဖြင့် ဖယ်ခုံမြို့နယ် ရီလုံရီကန်ကျေးရွာအုပ်စု ၀ါရီခူကျေးရွာရှိ ကက်သလစ်မယ်တော်ဘုရားကျောင်းကို ပစ်ခတ်ခဲ့သဖြင့် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့သည်။

ဖေဖော်၀ါရီလ ၂၄ ရက်နေ့ မနက်ပိုင်းတွင်  ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ အနီး၌စစ်ကောင်စီ နှင့်ပအို၀်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီမှ ကျေးရွာအတွင်း ၀င်ရောက်နေထိုင်မှုများကြောင့် ပင်လောင်းမြို့နယ်မှ တောင်မဲသင်းကျေးရွာအပါအ၀င် အနီးရှိ လုံးပျဥ်၊ တောင်စလုံး၊ မြောက်စလုံးနှင့် နန်းနိမ့် ကျေးရွာမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်တို့သည် ပင်လောင်းမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်းတွင် နေအိမ်များကိုစောင့်ကြည့်ရန် ဒေသခံအနည်းငယ် ကျန်ရစ်ခဲ့သည်။

ဖေဖော်၀ါရီလ ၂၄ ရက်နေ့ည ၇နာရီ၀န်းကျင်မှစတင်ကာ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) တပ်မှ ပင်လောင်းမြို့နယ် တောင်စလုံး၊ မြောက်စလုံးနှင့် တောင်မဲသင်းကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ တောင်စလုံးကျေးရွာနေ အသက် ၄၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့သည်။

ဖေဖော်၀ါရီလ ၂၇ ရက်နေ့ည ၈နာရီအချိန်တွင် စကခ (၇) တပ်မှပစ်ခတ်မှုကြောင့်ပင် ခေါင်းအိကျေးရွာတွင် လက်နက် ကြီးကျရောက်ကာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေသော အသက် ၄၀အရွယ် အမျိုးသားတစ်ဦးနှင့်အသက်၈နှစ်အရွယ် ကလေးတစ်ဦးတို့ လက်နက်ကြီးထိမှန်ကာ ဒဏ်ရာရခဲ့သည်။ထိုနေ့ည၌ပင် တိုက်ပွဲများဖြစ်ပွားမှုမရှိဘဲ  လက်နက်ကြီးများထပ်မံပစ်ခတ်ခဲ့ရာ  ည ၇နာရီ ၃၀ ၀န်းကျင်ခန့်က ခေါင်းအိကျေးရွာ ဘုန်းကြီးကျောင်းတွင်း ကျရောက်ပြီး အသက် ၁၉ နှစ်နှင့် အသက် ၁၅ နှစ်အရွယ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ရသည်။

ဖေေဖာ်၀ါရီလ ၂၇ ရက်နေ့၌ပင် ပင်လောင်းမြို့နယ် တောင်မဲတင်းကျေးရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအနီးတွင် သတ်ဖြတ်ခံ ထားရသော ကျေးရွာခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ကျေးရွာသား ၄ ဦးမှာလဲ တိုက်ပွဲအတွင်း၌ ပျောက်ဆုံးသွားခဲ့သည်။

နမ့်နိန်းကျေးရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

၂၀၂၃ ခုနစ် မတ်လ ၉ ရက်နေ့ မနက်၆နာရီမှစတက်ကာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအုပ်စုအတွင်းရှိ ဆောင်းပြောင်းရွာ၊တောင်မဲသင်းရွာ၊လုံးပျဥ်ရွာ၊တောင်စလုံး၊မြောက်စလုံး၊နမ့်နိန်းကျေးရွာနှင့် ပင်လုံရွာများ အနီးတစ်ဝိုက်တွင် စစ်ကောင်စီ တပ်မ၆၆၊ တပ်၇၇ ၊PNO ပူးပေါင်းတပ်ဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။စစ်ကောင်စီဘက်မှ တိုက်လေယာဥ်များ၊ လက်နက် ကြီးများကို အသုံးပြု၍ လူနေရွာများအတွင်းသို့ ပစ်ခတ်မှုများကိုပါ ပြုလုပ်ခဲ့သည်။နမ့်နိန်းကျေးရွာအနီးရှိ တောများထဲပုန်းရှောင်နေရသော ဒေသခံအချို့၏ ပြောကြားချက်အရ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ စစ်ကောင်စီသည်လေကြောင်းမှ တိုက်ခိုက်မှု ၁၅ ကြိမ် ထက်မ နည်းပြု လုပ်ခဲ့သည်ဟုသိရသည်။

မတ်လ ၁၀ ရက်နေ့ညနေပိုင်းတွင် ဆောင်းပြောင်းကျေးရွာအနီး စစ်ကောင်စီတပ်စွဲရာ ဘုရားကုန်းမှ ပစ်ခတ်လိုက် သော လက်နက်ကြီးသည် နမ့်နိန်းကျေးရွာ အတွင်းသို့ ကျရောက်ခဲ့ပြီး နမ့်နိမ်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် နေသော အသက် ၆၀ အရွယ် ဦးအေးကိုထိမှန် သေ ဆုံးခဲ့သည်။

မတ်လ ၁၁ ရက်နေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ၎င်းတို့တပ်စွဲရာဘုရားကုန်းမှ လက်နက်ကြီးများ ပစ်ခတ်ကာ လူအင်အားအလုံးအရင်းဖြင့် နမ့်နိန်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ထို့နောက် ထိုမနက်ပိုင်း ၌ပင် နမ့်နိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မြေတိုက်ခန်းတွင်ခိုလှုံနေကြသော သံဃာ ၃ပါးအပါ အဝင် အရပ်သား ၁၈ ဦးကို ခေါ်ထုတ်ကာ သတ်ဖြတ်ခဲ့ကြသည်။ထိုသို့ သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ် သား များသည် သေဆုံးနေသော အရပ်သားပြည်သူများ၏ရုပ်အလောင်းများကို ဓာတ်ပုံရိုက်ပြီးနောက် ၎င်းတို့၏ ဝါဒဖြန့် လူမှုကွန်ယက်များတွင် PDF များကိုသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း မျှဝေခဲ့ကြသည်။

နန့်နိမ်ကျေးရွာတွင် စစ်ကောင်စီမှမီးရှို့ဖျက်ဆီးသောနေအိမ်များ

စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုမီးရှို့ခဲ့ကြရာ အိမ်ခြေ ၃၅၀ ခန့်ရှိသော နမ့်နိန်း ရွာမှ အိမ်ခြေ ၁၅၀ ထက်မနည်းမီးလောင်ပျက်စီးခဲ့သည်။

မတ်လ ၁၂ ရက်နေ့တွင် KNDF နှင့်ပူးပေါင်းတပ်ဖွဲ့များသည် နမ့်နိန်းကျေးရွာအတွင်းသို့ ဝင်ရောင်နိုင်ခဲ့ပြီးနောက် ဘုန်းကြီးကျောင်း အရှေ့ဘက်တွင် သတ်ဖြတ်ခံထားရသော သံဃာနှင့် ပြည်သူတို့၏ ရုပ်အလောင်းများ ကိုတွေ့ ရှိခဲ့သည်။ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် သံဃာ ၆ပါးရောက်ရှိနေရာ ၃ပါးမှာလဲပျောက်ဆုံးလျက်ရှိသည်။

မတ်လ ၁၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်မှ မိုးဗြဲမြို့နယ် အရှေ့ပိုင်းသို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တပ်မ ၆၆ သည်ထိုနေ့ညနေပိုင်းတွင် လယ်ထွန်စစ်ဘေးရှောင်စခန်းသို့ရောက်ရှိလာခဲ့ရာ စစ်ဘေးရှောင်ပြည်သူ များသည် အနီးအနားရှိတောထဲသို့ထွက်ပြေးခဲ့ရသည်။ ထိုသို့ထွက်ပြေးရာ မပြေးနိုင်ဘဲကျန်ရစ်ခဲ့သော သက်ကြီး နှစ်ဦး ဖြစ်သော အသက် ၇၈နှစ်အရွယ်ဦးလှငြိမ်း၊အသက် ၈၁ နှစ်အရွယ် ဒေါ်မူလူးနှင့် မိဘများထံထွက် ပြေးသော အသက် ၁၅ နှစ်အရွယ်ရှိ မောင်ကျော်ဟူးတို့ကို စစ်ကောင်စီတပ်သားများမှ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သက်ကြီးရွယ် အိုနှစ်ဦး၏အလောင်းကို မီးရှို့ခဲ့ကြသည်။

မိုးဗြဲအရှေ့ဘက်ခြမ်းတွင် စစ်ဘေးရှောင်နေသော ပြည်သူ ၂၅၀၀ ကျော်ခန့်ရှိပြီး စစ်ကောင်စီတပ် ၏ထိုး စစ်ဆင်မှုကြောင့် ထပ်ဆင့်စစ်ဘေးရှောင်နေရသည်။

လက်ရှိတွင် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်စပ်တစ်လျောက်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ပင်လောင်းမြို့ရှိဘုန်းတော်ကြီးကျောင်းများသို့တိမ်းရှောင်သွားသော နမ့်နိမ်နှင့်အနီးအနားရှိကျေးရွာများမှဒေသခံများ
ပင်လောင်းမြို့ရှိဘုန်းတော်ကြီးကျောင်းများသို့တိမ်းရှောင်သွားသော နမ့်နိမ်နှင့်အနီးအနားရှိကျေးရွာများမှဒေသခံများ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                   (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်   +66: 98 118 3767                  (ရှမ်း၊ မြန်မာ)

Download PDF files: Shan Burmese English

ထုတ်ပြန်ချက်