မိုးမိတ်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို တိုးမြင့်ခဲ့ပြီး ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြု
၂၀၂၆ နိုဝင်ဘာလ ၂၃ ရက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်သည် မိုးမိတ်မြို့မြောက်ဘက်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြင့်လုပ်ဆောင်ခဲ့ရာ အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ၃ ရွာမှ ဒေသခံများကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
လက်ရှိပြင်းထန်သောတိုက်ပွဲများမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မိုးမိတ်မြို့မြောက်ဘက် မဘိမ်းမြို့သို့သွားရာ ကားလမ်းတစ်လျှောက်၌ စတင်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မိုးမိတ်မြို့မြောက်ဘက်ရှိ ကျောက်တောင် ကျေးရွာ(၇မိုင်ကျေးရွာ)ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
နိုဝင်ဘာလ ပထမပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်-မဘိမ်း လမ်းတစ်လျှောက် တပ်စွဲထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ထိုးစစ်မအောင်မြင်သဖြင့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး မိုးမိတ်မြို့မြောက်ဘက်ရှိ ၇ မိုင်၊ ၅ မိုင်နှင့် ၄ မိုင် ကျေးရွာများတွင် တပ်စွဲအခြေချခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာများသို့ အဝင်အထွက် ကန့်သတ်ပိတ်ပင်ခဲ့သည်။ တိုက်ပွဲကြား ပိတ်မိမည်ကို စိုးရိမ်သဖြင့် ဒေသခံရွာသားများက ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ်သားများက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၇ မိုင်ကျေးရွာတွင် ကျန်ရှိနေသည့် ဒေသခံများကို နေအိမ်များမှ ထွက်ခွာရန် အမိန့်ပေးခဲ့ပြီးနောက် တစ်အိမ်တက်ဆင်း ဝင်ရောက်ကာ ဆန်၊ စားနပ်ရိက္ခာများနှင့် အဖိုးတန်ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့သည်။ ၅ မိုင်နှင့် ၄ မိုင် ကျေးရွာများတွင်မူ အရပ်သားများ ဆက်လက်ပိတ်မိနေဆဲ ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီကြားတွင် စစ်ကောင်စီလေယာဉ်များက ၇ မိုင်ကျေးရွာတို့ကို လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အနည်းဆုံး ၅ လုံး ပျက်စီးခဲ့ပြီး အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၇မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီလေယာဉ်က ၇ မိုင်ကျေးရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအနီးရှိ တောင်ယာတဲတစ်ခုတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၁၉ရက်နေ့တွင် စစ်ကောင်စီတပ်သည် မိုးမိတ်မြို့နှင့် ၂မိုင်အကွာအထိ ဆုတ်ခွါခဲ့ရပြီး ဒေသခံများကို မြို့အဝင်အထွက်ကန့်သတ်ကာ စစ်ဘေးရှောင်ခွင့်မပေးကြောင်းသိရသည်။
