ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၆ သြဂုတ်လ ၁၂ ရက်
ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်၌ ရွှေလီမြစ်ရေလွှမ်းမိုးနေချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရရှိ
၂၀၂၆ ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ကာ ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KIA)ထိန်း ချုပ် ထားသည့် ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် တရုတ်နိုင်ငံ ရွှေလီမြစ် အထက်ပိုင်းမှ ဆည်ရေများ လွတ်ချမှုကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေတို့ မြင့်တက်လာခဲ့ပြီး ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ ပါသည်။
ထိုသို့ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည့်ကြားကပင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မဘိမ်းမြို့နယ်တွင် ဇူလိုင်လ (၂၈) ရက်နေ့မှ သြဂုတ်လ (၈)ရက်နေ့အထိ အရပ်သား ( ၄) ဦး သေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံး (၂၀)ခန့်ပျက်စီးခဲ့ပါသည်။
၂၀၂၆ ခုနစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ Y12 တိုက်လေယာဥ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် ၂ နှင့် ၃ တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ် ရာရရှိကာ နေအိမ် ၁၀လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် ၃ တို့ကို စစ်ကောင်စီတပ်မှဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦးဒဏ်ရာရရှိကာ နေအိမ် ၅ လုံးခန့်ပျက်စီးခဲ့ပါသည်။
သြဂုတ်လ ၃ရက်နေ့ ည ၁၁ နာရီ၀န်းကျင်တွင် မဘိမ်းမြို့ ရပ်ကွက် ၂ ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်းပျက်စီးခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။
သြဂုတ်လ ၆ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်တွင် မဘိမ်းမြို့ ရပ်ကွပ် ၃ ရှိ မဘိမ်းဆေးရုံကြီးကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံးပျက်စီးခဲ့သည်။

Download Full Update (PDF)
Download (English – PDF, 560 KB)
Download (Burmese – PDF, 578 KB)
ဆက်သွယ်ရန်:
Signal


