တရုတ်နှင့်ရှရှားတို့အပြိုင်အဆိုင် ရယူရန် ကြိုးပမ်းနေကြသည့် မိုင်းတုံမြို့နယ်၏ အမြင့်ဆုံး တောင်ဖြစ်သော လွယ်ချီလိတ်တောင်ပတ်ဝန်းကျင်မှ အဖြိုက်နက်သတ္တုသိုက်များ

တရုတ်နှင့်ရှရှားတို့အပြိုင်အဆိုင် ရယူရန် ကြိုးပမ်းနေကြသည့် မိုင်းတုံမြို့နယ် အမြင့်ဆုံး တောင်ဖြစ်သော လွယ်ချီလိတ်တောင်ပတ်ဝန်းကျင်မှ အဖြိုက်နက်သတ္တုသိုက်များ

၂၀၂၆ ဇွန်လ ၄ ရက်

မိုင်းတုံမြို့နယ်၏ အမြင့်ဆုံးတောင်ဖြစ်သော လွယ်ချီလိတ်တောင်တန်း၏ တောင်ဘက်တွင် တရုတ်ကုမ္ပဏီတစ်ခုသည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းကာ အကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်လည်ပတ်ခဲ့ပြီး၊ ရုရှား ကုမ္ပဏီတစ်ခုသည်လည်း နေပြည်တော်စစ်ကောင်စီနှင့် ပူးပေါင်း၍ ထိုင်းနယ်စပ်မှ ၂၀ ကီလိုမီတာခန့်အကွာတွင်ရှိသော အဆိုပါတောင်၏ မြောက်ဘက်တောင်စောင်းများတွင် အဖြိုက်နက်သတ္တု တူးဖော်ရေးလုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေပါသည်။

လွယ်ချီလိတ်တောင်တန်း

လွယ်ချီလိတ်တောင် (Loi Khi Lek) သည် မိုင်းတုံမြို့နယ်တွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၇၀ မီတာ ရှိပါသည်။ ရှမ်းဘာသာစကားဖြင့် “ချီလိတ်” (Khi Lek) ဆိုသည်မှာ “သတ္တုချေး ” ဟု အဓိပ္ပာယ်ရပါသည်။

တရုတ်၏ အဖြိုက်နက်သတ္တုတွင်းအသစ်မှာ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနေ

မိုင်းကျွတ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ထုတ်လုပ်ခဲ့သော အဆိုပါ တရုတ်အကြီးစား အဖြိုက်နက်သတ္တုတွင်းအသစ်သည် သတ္တုတွင်း၏ အောက်ဘက်ဒေသတွင် နေထိုင်ကြသော ရွာသူရွာသားများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး ၊အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် စတင်သက်ရောက်မှုများ ရှိနေပြီ ဖြစ်သည်။

သတ္တုတူးဖော်ရန် ပြင်ဆင်မှုများကို ၂၀၂၂ ခုနှစ်တွင် တရုတ်အင်ဂျင်နီယာများ လာရောက် ကွင်းဆင်း စစ်ဆေးစဉ်က ဒေသခံများက ပထမဆုံး စတင်သတိပြုမိခဲ့ကြသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း သတ္တုတွင်းနေရာသို့ သွားရာလမ်းများကို ဖောက်လုပ်ခဲ့ပြီး မြေအောက် လိုဏ်ဂူများကို တူးဖော်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ်အတွင်းတွင် ၃ ကီလိုမီတာ ရှည်လျားသော သတ္တုတွင်းသုံး စက်ကိရိယာများနှင့် စက်ယန္တရားများကို တရုတ်နိုင်ငံမှတစ်ဆင့် မဲခေါင်မြစ်အတိုင်း တာချီလိတ်မြို့ အရှေ့ဘက်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ ရေကြောင်းဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်နှင့် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာအုပ်စုတို့ကို ဖြတ်ကျော်ကာ မိုင်းကျွတ်သတ္တုတွင်းသို့ ကုန်တင်ကားများဖြင့် သယ်ယူခဲ့ကြသည်။ ဝမ်ပုံဆိပ်ကမ်းသည် လာအိုနိုင်ငံ ဘော်ကျောက် (Bokeo) ပြည်နယ်၏ ဆန့်ကျင်ဘက်၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်နှင့် နီးကပ်စွာ တည်ရှိပြီး မဲခေါင်မြစ်ပေါ်ရှိ မြန်မာနိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဂိတ်တစ်ခု ဖြစ်သည်။

အလွန်အမင်း မာကျောသိပ်သည်းပြီး သတ္တုများအနက် အရည်ပျော်မှတ် အမြင့်မားဆုံးဖြစ်သည့် ၎င်း၏ ထူးခြားသော ဂုဏ်သတ္တိများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဝယ်လိုအား အလွန်မြင့်မားနေသော အရေးပါသည့် တွင်းထွက်သတ္တုတစ်မျိုး ဖြစ်သည့် အဖြိုက်နက်

သတ္တုတွင်းနယ်မြေ၏ အောက်ခြေဘက်တွင် သတ္တုသန့်စင်စက်ရုံများကို တည်ဆောက်ခဲ့ကာ ဖတ်ဂွတ်ချောင်းပေါ်တွင်လည်း ရေလှောင်တမံတစ်ခုကို တည်ဆောက်ပြီးစီးခဲ့သည်။

မဲခေါင်မြစ်ပေါ်ရှိဝမ်ပုံဆိပ်ကမ်း၌မြင်ရသည့်သတ္တုကိရိယာများ
မဲခေါင်မြစ်ပေါ်ရှိဝမ်ပုံဆိပ်ကမ်း၌မြင်ရသည့်သတ္တုကိရိယာများ
မိုင်းကျွတ်သတ္တုတွင်းသို့ သတ္တုတူးစက်ပစ္စည်းများတင်ဆောင်နေသည့် ထရပ်ကား

သတ္တုတွင်းလုပ်ငန်းခွင်တွင် အများစုမှာ မန်နေဂျာများနှင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသော တရုတ်သတ္တုတွင်းကုမ္ပဏီ ဝန်ထမ်း ၁၀၀ ခန့်နှင့် ရှမ်းနှင့် ဗမာ သတ္တုတွင်းအလုပ်သမား ၂၅၀ ခန့် ရှိသည်။ အလုပ်သမားများ၏ အခြေခံလစာမှာ တစ်လလျှင် ကျပ် ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇၅ မှ ၁၂၅) ဖြစ်သည်။ ဘက်ဟိုး (မြေတူးစက်) မောင်းသူများသည် တစ်နာရီလျှင် ဘတ် ၁၀၀ မှ ၃၀၀ (အမေရိကန်ဒေါ်လာ ၃ မှ ၉) ရရှိကြပြီး မြေအောက်လိုဏ်ဂူတွင်းမှမြေစာခဲများကို သယ်ထုတ်ပေးရသော မြေအောက် သတ္တုတွင်း အလုပ်သမားများသည် လိုဏ်ဂူထဲမှ မြေစာခဲတစ်ခေါက် သယ်လျှင် ဘတ် ၂၀၀ မှ ၄၀၀ (အမေရိကန်ဒေါ်လာ ၆ မှ ၁၂.၅) အထိ ရရှိနိုင်ကြသည်။

မိုင်းကျွတ်အဖြိုက်နက်မိုင်း

အဖြိုက်နက်ပါဝင်သော တူးဖော်ရရှိသည့် မြေစာခဲများကို လုပ်ငန်းခွင်အတွင်း၌ပင် ကြိတ်ခွဲမှုများ ပြုလုပ်ကာ အမှုန့်များအဖြစ် ဓာတုဗေဒနည်းဖြင့် သန့်စင်ခွဲထုတ်သည်။ ထို့နောက် အဆိုပါအမှုန့်များကို ဆာလာအိတ်များထဲသို့ ထည့်ကာ ကုန်တင်ကားများဖြင့် တရုတ်နိုင်ငံသို့ သယ်ဆောင်ကြသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကျရောက်သော တရုတ်နှစ်သစ်ကူးပြီးနောက်တွင် အဆိုပါသတ္တုတွင်းမှ အဖြိုက်နက်များကို စတင်သယ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို အမိုးအကာပါသော ၁၂ ဘီးတပ် ကုန်တင်ကားများဖြင့် ပုံမှန်အားဖြင့် တစ်ကြိမ်လျှင် ၅ စီးခန့်ပါဝင်သော ယာဉ်တန်းများဖြင့် မြန်မာစစ်တပ်က ထိန်းချုပ်ထားသော တာချီလိတ်နှင့် မိုင်းဖြတ်တို့ကို ဖြတ်သန်းကာ မိုင်းလားရှိ တရုတ်နယ်စပ်သို့ သယ်ဆောင်လျက်ရှိသည်။

အဓိကတူးဖော်နေသည့် သတ္တုမှာ အဖြိုက်နက်  ဖြစ်သော်လည်း၊ အဆိုပါလုပ်ငန်းခွင် နေရာ တွင် ရွှေနှင့်ခဲသတ္တုသိုက်များကိုလည်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံများ ကြားသိထား ကြသည်။

သတ္တုတွင်းသည် မိုင်းကျွတ်ရွာ၏ အရှေ့မြောက်ဘက် ၆ ကီလိုမီတာအကွာ၊ လွယ်ချီလိတ် တောင်တန်း၏ တောင်ဘက်အစွန်းတွင် တည်ရှိသည်။ သတ္တုတွင်းနှင့် အနီးဆုံးရွာမှာ ဝမ်ဝရွာဖြစ်ပြီး သတ္တုတွင်းနယ်မြေ၏ အောက်ခြေဘက်အစွန်းမှ ၁ ကီလိုမီတာခန့်အကွာ ဖတ်ကွတ် ပေါ်တွင် တည်ရှိသောကြောင့် သတ္တုတွင်းမှ စီးဆင်းလာသော စွန့်ပစ်ရေများ၏ သက်ရောက်မှုကို တိုက်ရိုက်ဆုံး ခံရလျက်ရှိသည်။ ၂၀၂၅ ခုနှစ်ကတည်းက ဝမ်ဝရွာတွင် နေထိုင်သော ကလေးငယ်များသည် ဖတ်ဂွတ်ချောင်းရေနှင့် ထိတွေ့မှုကြောင့် အရေပြား ကူးစက်ရောဂါများ ခံစားနေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောကြားသည်။

မိုင်းကျွတ်သတ္တုတွင်းရှိဥမင်

၂၀၂၅ ခုနှစ် မိုးရာသီအကုန်တွင် သတ္တုတွင်းမှ စီးဆင်းလာသော စွန့်ပစ်ရေများထဲမှ သဲနုန်းအနည်အနှစ်များသည် မိုင်းကျွတ်ရွာအနီးရှိ ဖတ်ဂွတ်ချောင်း အောက်ခြေတစ်လျှောက်ရှိ စပါးစိုက်ခင်းများထဲသို့ လျှံတက်ဖုံးလွှမ်းသွားခဲ့သဖြင့် ၎င်းစိုက်ခင်းများတွင် စိုက်ပျိုး၍ မရတော့ဘဲ ပျက်စီးသွားခဲ့ရသည်။

၂၀၂၅ ခုနှစ်အကုန်တွင် သတ္တုတွင်းရှိ ရေလှောင်တမံ တည်ဆောက်ပြီးစီးသွားပြီးနောက် ဖတ်ဂွတ်ချောင်းမှ ရေများကို ဆည်ထဲသို့ လွှဲပြောင်းဖြည့်တင်းခဲ့သဖြင့် ဆည်၏အောက်ဘက်ရှိ ချောင်းရေများ ခန်းခြောက်သွားခဲ့ကာ လူသုံးကုန်နှင့် စိုက်ပျိုးရေး လိုအပ်ချက်များအတွက် ဤရေအရင်းအမြစ်ကို မှီခိုနေရသော ရွာသူရွာသားများကို ထိခိုက်စေခဲ့သည်။

ဖတ်ဂွတ်ချောင်းသည် မြောက်ဘက်သို့ စီးဆင်းပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သည့် နမ့်ကျွတ်မြစ်  နှင့် သွားရောက်ပူးပေါင်းသည်။ ယခုအခါ သတ္တုတွင်းလုပ်ငန်းကို အပြည့်အဝ လည်ပတ်နေပြီ ဖြစ်ရာ—တူးဖော်ထားသော မြေကြီးထဲမှ လေးလံသော သတ္တုရိုင်းများ ဖြစ်စေ၊ သန့်စင်စက်ရုံများမှ ဓာတုပစ္စည်းများ ဖြစ်စေ—သတ္တုတွင်းမှ ညစ်ညမ်းသော စွန့်ပစ်ရေ များသည် ပတ်ဂွတ်ချောင်းနှင့် နမ့်ကျွတ်မြစ်တစ်လျှောက် နေထိုင်ကြသည့် ရွာသူရွာသားများကိုသာမက သံလွင်မြစ် တစ်လျှောက် နေထိုင်ကြသူများကိုပါ ထိခိုက်လာမည်ကို စိုးရိမ် ပူပန်မှုများ ရှိနေသည်။

သတ္တုတွင်းမှလျှံကျလာသော သဲနှင့်နှုန်းအနယ်အနှစ်များဖုံးလွမ်းသွားသောလယ်ကွင်းများ

အဖြိုက်နက် (Wolfram၊ ဓာတုဗေဒသင်္ကေတ = W) သည် အလွန်အမင်း မာကျောခြင်း၊ သိပ်သည်းခြင်းနှင့် မည်သည့်သတ္တုထက်မဆို အရည်ပျော်မှတ် အမြင့်ဆုံးဖြစ်ခြင်း စသည့် ထူးခြားသော ဂုဏ်သတ္တိများကြောင့် ကမ္ဘာ့ဝယ်လိုအား မြင့်မားနေသည့် အရေးပါသော သတ္တုတစ်မျိုး ဖြစ်သည်။ ၎င်းကို သန့်စင်သော ပုံစံဖြင့် ဖြစ်စေ၊ သို့မဟုတ် အဖြိုက်နက် ကာဗိုက် (Tungsten carbide) ကဲ့သို့သော ဒြပ်ပေါင်းတစ်ခုအနေဖြင့် ဖြစ်စေ လေကြောင်းအာကာသ၊ အီလက်ထရွန်နစ်၊ ကာကွယ်ရေးနှင့် သတ္တုတူးဖော်ရေး ကဲ့သို့သော လုပ်ငန်းများတွင် အသုံးပြုကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ အဖြိုက်နက် ထုတ်လုပ်မှုကို လွှမ်းမိုးထားသည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ အဖြိုက်နက် တန်ချိန် ၆၇,၀၀၀ ထုတ်လုပ်ခဲ့ပြီး၊ ယင်းမှာ တစ်နှစ်တာ ကမ္ဘာ့စုစုပေါင်း အဖြိုက်နက် ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါး ရှိသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် အဖြိုက်နက် အဓိကထွက်ရှိရာနေရာမှာ ကရင်နီပြည်နယ်ရှိ မော်ချီးသတ္တုတွင်းဖြစ်ပြီး ယနေ့တိုင် အဖြိုက်နက်ကို ဆက်လက် တူးဖော်နေဆဲဖြစ်သည်။ ရှမ်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက နောက်ဆုံးထုတ်ပြန်ခဲ့သည့် တရားဝင် မြန်မာ့သတ္တုတူးဖော်ခွင့် ပါမစ်စာရင်းများအရ ခဲမဖြူ-အဖြိုက်နက် တူးဖော်ခွင့်ပါမစ် ပေးထားသည့် မြို့နယ် ၃ ခုကို ဖော်ပြခဲ့ရာ ၎င်းတို့မှာ ဖယ်ခုံ၊ ရွာငံ နှင့် မိုင်းတုံမြို့နယ်တို့ ဖြစ်ကြသည်။ သို့သော်လည်း မိုင်းတုံမြို့နယ်အတွက် ပေးထားသော ပါမစ်သည် မိုင်းကျွတ် ဒေသအတွက် မဟုတ်ဘဲ မြို့နယ်၏ မြောက်ဘက်ပိုင်းရှိ မိုင်းခန် ကျေးရွာအုပ်စုအတွက် ဖြစ်ပြီး၊ ၎င်းနေရာတွင် ပြည့်ဖြိုးကြွယ် (Pyae Phyo Kywe) ကုမ္ပဏီကို ၄၉.၅ ဧက အကျယ်အဝန်းရှိသော လုပ်ကွက် ၃ ခု၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ တူးဖော်ခွင့် ပါမစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ ခဲမဖြူ-အဖြိုက်နက် တူးဖော်ခွင့် ပါမစ်အားလုံးကို ပြည်တွင်းကုမ္ပဏီများ ကိုသာ ခွင့်ပြုခဲ့ခြင်း ဖြစ်သော်လည်း၊ ဖယ်ခုံမြို့နယ် သီကျိတ်ရွာ တောင်ဘက်ရှိ ၂,၄၈၈ ဧက အကျယ်အဝန်းရှိသော နေရာတွင် ခဲမဖြူ-အဖြိုက်နက် ရှာဖွေရန်အတွက် တရုတ်နိုင်ငံပိုင် Southern Nonferrous Metal ကုမ္ပဏီသို့ စမ်းသပ်ခွင့် ပါမစ် (၂၀၁၇ ဒီဇင်ဘာမှ ၂၀၂၁ ဒီဇင်ဘာအထိ သက်တမ်းရှိ) တစ်ခု ထုတ်ပေးခဲ့ဖူးသည်။

အဆိုပါ မြန်မာ့သတ္တုတူးဖော်ခွင့် ပါမစ်စာရင်းတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မြောက်ပိုင်းဒေသ (သံလွင်မြစ်အရှေ့ဘက် ၁၀ ကီလိုမီတာခန့်အကွာ) ရှိ မန်မော် ခဲမဖြူ-အဖြိုက်နက် သတ္တုတွင်းများ မပါဝင်ခဲ့ပါ၊ အကြောင်းမှာ ၎င်းတို့သည် နေပြည်တော်၏ စီရင်ပိုင်ခွင့်အာဏာပြင်ပတွင် ရှိနေသောကြောင့် ဖြစ်သည်။ ဤသတ္တုတွင်းများတွင် လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကာလအတွင်း အဓိကအားဖြင့် ခဲမဖြူ (ဓာတုဗေဒသင်္ကေတ = Sn) ကို တူးဖော်ခဲ့ပြီး ၎င်းတို့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ မန်မော်သတ္တုတွင်းများသည် ကမ္ဘာ့ခဲမဖြူ ထွက်ရှိရာ အဓိကအရင်းအမြစ်တစ်ခုဖြစ်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ခဲမဖြူ မက်ထရစ်တန်ချိန် ၅၄,၀၀၀ ထုတ်လုပ်ကာ ကမ္ဘာ့ဒုတိယအများဆုံး ခဲမဖြူထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းတွင် အဓိက ပံ့ပိုးပေးခဲ့သည်။

မိုင်းကျွတ်သည် မူလက ရှမ်း၊ လီဆူနှင့် လားဟူ အိမ်ခြေ ၅၀ ခန့်သာရှိပြီး အများစုမှာ စပါး၊ နှမ်းနှင့် ကြက်သွန်ဖြူ စိုက်ပျိုးကြသည့် တောင်သူများဖြစ်ကြသော ရွာငယ်လေးတစ်ရွာ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာစစ်တပ်သည် မိုင်းကျွတ်ဒေသကို မိုင်းတိုင်းတပ်မတော် (MTA)ထံမှ သိမ်းပိုက်ခဲ့ပြီး UWSA ကို ထိုနေရာတွင် အခြေစိုက်စခန်းများ ဆောက်လုပ်ခွင့် ပြုခဲ့သည်။ ၁၉၉၉ မှ ၂၀၀၁ ခုနှစ်အတွင်း (UWSA မြောက်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချလာသူ စုစုပေါင်း ၁၂၆,၀၀၀ ကျော်အနက်) ဝဒေသခံ ရွာသား ၁၄,၀၀၀ ကျော်ကို မိုင်းကျွတ်အပါအဝင် မိုင်းတုံတောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထို့နောက် မိုင်းကျွတ်ရွာကို ဝန်းရံထားသည့် တောင်စောင်းမြေကွက် အများအပြားကို ရာဘာစိုက်ခင်းများ အတွက် ရှင်းလင်းခုတ်ထွင်ခဲ့ကြသည်။ မူလမိုင်းကျွတ်ရွာသား အများစုမှာမူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မိုင်းကျွတ်ကျေးရွာသည် UWSA နှင့် မြန်မာစစ်တပ်တို့၏ ပူးတွဲထိန်းချုပ်မှုအောက်တွင် ရှိသည်။ UWSA ၏ ၁၇၁ တောင်ပိုင်းစစ်ဒေသအောက်ရှိ တပ်မဟာ ၅ ခုအနက် တစ်ခုဖြစ်သော တပ်မဟာ (၇၇၂) သည် မိုင်းကျွတ်တွင် အခြေစိုက်ပြီး ၎င်းနေရာ၌ အကြီးစား စစ်သင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်ထား သည်။ မြန်မာစစ်တပ် စခန်းများသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တစခ) လက်အောက်ခံ ခလရ/ခမရ တပ်ရင်း (များ) ၏ လက်အောက်တွင် တည်ရှိသည်

လွယ်ချီလိတ်တောင်ပေါ်တွင် ရုရှားက အဖြိုက်နက်တူးဖော်ရန် ပြင်ဆင်နေခြင်း

၂၀၂၅ ခုနှစ် မေလတွင် မြန်မာစစ်တပ် စစ်သားများ၊ ရဲများနှင့် ဒေသခံပြည်သူ့စစ်များ လိုက်ပါလျက် ရုရှားနိုင်ငံသား သုံးဦး လွယ်ချီလိတ်တောင်ပေါ်သို့ သတ္တုလာရောက် စမ်းသပ် နေသည်ကို ဒေသခံရွာသူရွာသားများ မြင်တွေ့ခဲ့ကြသည်။

၂၀၂၅ ခုနှစ် မေလအတွင်း လက်နက်ကိုင် မြန်မာစစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များနှင့်အတူ လွယ်ချီလိတ်တ်ဒေသသို့ လာရောက်လေ့လာခဲ့သည့် ရုရှားများ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရုရှားနိုင်ငံသား ၁၀ ဦးခန့်သည် မိုင်းတုံမြို့နယ် မြန်မာစစ်တပ် ဗျူဟာမှူးနှင့်အတူ လွယ်ချီလိတ်ဒေသသို့ ထပ်မံလာရောက်ခဲ့ပြီး မြေတိုင်းတာ မှုများ ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ အနီးနားရှိ ကျေးရွာများမှ ဒေသခံခေါင်းဆောင် အချို့ကိုလည်း လာရောက်တွေ့ဆုံရန် ဖိတ်ကြားခဲ့ပြီး၊ အဆိုပါဒေသတွင် အဖြိုက်နက်  တူးဖော်ရန် နေပြည်တော်စစ်ကောင်စီက ရုရှားနိုင်ငံသားများအား ခွင့်ပြုမိန့်ချပေးထားပြီး ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

ယင်းနောက်မကြာမီ၊ ဟွေအော (UWSA တောင်ပိုင်းဌာနချုပ်) မှ ဒေသခံ UWSA အုပ်ချုပ်ရေးမှူးတစ်ဦးက ဒေသခံရွာသူရွာသားများအနေဖြင့် ရုရှား၏ သတ္တုတူးဖော်ရေး စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်သင့်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံများ၏ ပြောကြားချက်အရ လက်ရှိခဲမဖြူသတ္တုတွင်း၏ မြောက်ဘက် ၁၅ကီလိုမီတာခန့် အကွာတွင် ရုရှားနိုင်ငံသားများသည် ခနောက်စိမ်း (Antimony) တူးဖော်ခွင့် လုပ်ပိုင်ခွင့်ကိုလည်း ရရှိထားကြောင်း သိရှိရပါသည်။ ယခုစီမံကိန်းများသည် ရှမ်းပြည်အရှေ့ပိုင်းတွင် လူသိရှင်ကြား ဖြစ်လာမည့် ပထမဆုံးသော ရုရှားသတ္တုတူးဖော်ရေး စီမံကိန်းများ ဖြစ်လာမည်ဖြစ်သည်။

သို့သော်လည်း ရုရှားနိုင်ငံသည် ရှမ်းပြည်တောင်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်မှာ ရေရှည်ရှိခဲ့ပြီ ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် ရုရှားနိုင်ငံပိုင် Tyazhpromexport (TPE) ကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဖက်စပ်လုပ်ကိုင်၍ ဟိုပုံးမြို့နယ်အတွင်းရှိ ပင်းပက်တောင်၌ သံရိုင်းတူးဖော်ရန်နှင့် သံမဏိစက်ရုံ တည်ဆောက်ရန် သဘောတူညီချက် ရယူခဲ့ကြသည်။

အဆိုပါ သံသတ္တုတွင်းနှင့် စက်ရုံစီမံကိန်းသည် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှုများရှိခြင်းကြောင့် ဒေသခံလူထု၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရပြီး စီမံကိန်းကာလ အချိန်ကြန့်ကြာမှုများစွာ ရှိခဲ့သည်။ သို့ရာတွင် ရုရှား နည်းပညာရှင် အဖွဲ့၏ ကွင်းဆင်းစစ်ဆေးမှုများမှာ ရုရှားနိုင်ငံနှင့် မြန်မာစစ်ကောင်စီ တို့သည် ယင်းစီမံကိန်းအား အကောင်အထည်ဖော်လည်ပတ်နိုင်ရေး အတွက် ဆက်လက် သန္နိဋ္ဌာန်ချမှတ်ထားဆဲဖြစ်ကြောင်း ထင်ရှားနေသည်။

Contacts:

 Signal

Go toTop