ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသော အွန်လိုင်းငွေလိမ်ဂိုဏ်း မှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖောက်မှု ထုတ်ပြန်ချက်

၂၀၂၆ မေလ ၁၈ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသော အွန်လိုင်းငွေလိမ်ဂိုဏ်း မှ  မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေ

လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူတစ်ဦး၏ ပြောကြားချက်အရ ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများတွင် တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းမှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေ နေကြောင်း သိရှိရပါသည်။

လွတ်မြောက်လာသူ “ကိုသက်” (အမည်လွှဲ) သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် တာချီလိတ်မြို့ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ‘ရောင်နီဦး’ ဝင်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ်  ကုမ္ပဏီတစ်ခုမှတစ်ဆင့် လူကုန်ကူးခံခဲ့ရခြင်းဖြစ်သည်။ သူသည် ထိုကုမ္ပဏီ၏ စာရင်းကိုင်ဌာနတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းအထိ လုပ်ကိုင်ခဲ့သော်လည်း၊ သူနှင့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးသည် တရုတ်စာရင်းကိုင် ကြီးကြပ်သူ၏ မတရားငွေအလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခြင်းကို ခံခဲ့ရသည်။ ထို့နောက် ပြစ်ဒဏ်အဖြစ် အခကြေးငွေမရဘဲ အွန်လိုင်းမှ ဖုန်းခေါ်ဆို၍ ငွေလိမ်ရသည့်အလုပ်ကို အဓမ္မခိုင်းစေခြင်း ခံခဲ့ရသည်။ သုံးလအကြာတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့သုံးဦးကို မြန်မာရဲအရာရှိ တစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်းရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားများထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ထိုင်းနယ်စပ်နှင့် ရှစ်ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

အဆိုပါ အမျိုးသားသုံးဦးကို သံခြေကျင်းခတ်ထားသူများ အပါအဝင် UWSA အကျဉ်းသား ၃၀ ခန့်နှင့်အတူ သတ္တုတွင်း၌ ဖမ်းဆီးထားပြီး၊ မြေတူးခြင်းနှင့် ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းကြီးလှသည့် လုပ်အားပေးခိုင်းစေမှုများကို လုပ်ဆောင်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် နမ့်ခုတ်မြစ်အနောက်ဘက်ကမ်းရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုတွင်လည်း သွားရောက်လုပ်ကိုင်ခဲ့ရသည်။ ၎င်းတို့ကို မြန်မာနိုင်ငံအနှံ့အပြားမှလာသည့် ပုံမှန်သတ္တုတွင်းအလုပ်သမား ၁၀၀ ခန့်နှင့် သီးခြားခွဲထားသည်။

တရုတ်သတ္တုတွင်း ဝန်ထမ်း ၅၀ ကျော်ရှိသော ထိုတွင်းကို UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေသည်။ ကိုသက်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ညအချိန်တွင် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ဖမ်းဆီးခံရကာ ရိုက်နှက်ခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းကို အခြားတစ်နေရာရှိ UWSA အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီး၊ တရုတ်နယ်စပ်အနီး UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်ရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ကိုသက်မှာမူ မိုင်းယွန်းသတ္တုတွင်း၌ နှစ်လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ကိုသက်၏ ထွက်ဆိုချက်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ သတ္တုတွင်းများသည် ဥပဒေပြင်ပတွင် လုံးဝကင်းလွတ်စွာ လုပ်ကိုင်နေကြသည်ကို မီးမောင်းထိုးပြနေသည်။ သတ္တုတွင်းအများစုသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်နေပြီး မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများအတွင်းသို့ အန္တရာယ်ရှိသော ညစ်ညမ်းမှုများကို ဖြစ်စေနေသည်မှာ လူသိရှင်ကြားဖြစ်နေပြီးသား ဖြစ်သည်။ ယခုအခါ တရုတ်သတ္တုတွင်း လုပ်ငန်းရှင်များသည် တရုတ်အွန်လိုင်း  ငွေလိမ်ဂိုဏ်းများနှင့် ပူးပေါင်းကာ မြန်မာလူငယ်များကိုလူကုန်ကူး၍ သတ္တုတွင်း အလုပ်သမားများအဖြစ် ကျွန်ပြုနေခြင်းမှာ စည်းမျဉ်းစည်းကမ်းများ ပျက်ကွက်နေရုံရုံသာမက၊ ပို၍ ဆိုးသည်မှာ ရှမ်းပြည်နယ်၏ မြေယာနှင့် သယံဇာတများကို ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံ လွှဲပြောင်းပေးထားသကဲ့သို့ ဖြစ်နေခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ၏ ဘဝများကို ထည့်တွက်ခြင်းမရှိဘဲ အမြတ်ထုတ်ရန်သာ စိတ်ဝင်စားကြသည်။

ဤဖြစ်ရပ်သည် ရှမ်းပြည်နယ်ရှိ သတ္တုတွင်းများကြောင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုဒဏ်ကို ခံစားနေရသော ဒေသတွင်းနိုင်ငံများအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သင့်ပါသည်။ သတ္တုတွင်း များကို စည်းကမ်းတကျဖြစ်စေရန် မြန်မာစစ်ကောင်စီကို တောင်းဆိုနေခြင်းမှာ အကျိုးမရှိ ကြောင်း ပြသနေပါသည်။ ဤပြဿနာကို အဓိပ္ပာယ်ရှိရှိ ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သတ္တုတွင်းကဏ္ဍတွင် မြေယာနှင့်သယံဇာတ အချုပ်အခြာအာဏာကို ကာကွယ်ပေးပြီး ပြည်သူ့ အကျိုးစီးပွားကို ဦးစားပေးမည့်၊ ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန်သာ ဖြစ်ပါသည်။

တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း နောက်ခံသမိုင်းကြောင်း

တာချီလိတ်မြို့သည် နေပြည်တော်အာဏာပိုင်များ၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ရှိနေ သော်လည်း ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အဓိက ဗဟိုချက် အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ကိုသက်၏ ပြောပြချက်အရ တာချီလိတ်တွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းမှုများကြောင့် တရုတ်အွန်လိုင်း ငွေလိမ်သမား အမြောက်အမြားသည် ယင်းနှိမ်နင်းမှုများမှ လွတ်မြောက်ရန် ဤဒေသသို့ ပြောင်းရွှေ့ လာကြသောကြောင့် ဖြစ်သည်။

တာချီလိတ်သို့ ပြောင်းရွှေ့လာသည့် ဆိုင်ဘာငွေလိမ်ဂိုဏ်းများသည် ကနဦးတွင် လက်ရှိရှိနှင့် ပြီးသားဖြစ်သော အွန်လိုင်းကာစီနိုဝင်းကြီးများအတွင်း၌ “နိုင်ငံခြားအွန်လိုင်း” ဟု ဒေသအခေါ်ရှိသည့် ငွေလိမ်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ကြသည်။ များသောအားဖြင့် ထပ်ခိုးအထပ်မြင့် အဆောက်အအုံများစွာပါဝင်သည့် ကျယ်ဝန်းသော ထိုဝင်းများအတွင်း ကာစီနိုဂိမ်းများနှင့်အတူ ငွေလိမ်လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင် ကြခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် အစောပိုင်းတွင် တာချီလိတ်သည် ငွေလိမ်လုပ်ငန်းများ၏ ဗဟိုချက်အသစ်အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ ထိုပြဿနာကို ဖြေရှင်းနေသည်ဟု အထင်ခံရစေရန်အတွက် စစ်ကောင်စီ အာဏာပိုင်များသည် တာချီလိတ်ရှိ ငွေလိမ်လုပ်ငန်းများကို “ဝင်ရောက်စီးနင်းနှိမ်နင်းမှုများ” စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ရွေးချယ်ထားသော အဆောက်အအုံအချို့ကို ဝင်ရောက်စီးနင်းပြီး ငွေလိမ်လုပ်သားအုပ်စုများကို ဖမ်းဆီးခဲ့သော်လည်း ငွေလိမ်လုပ်ငန်းမန်နေဂျာများကိုမူ ထိခိုက်မှု မရှိစေဘဲ လွှတ်ပေးထားခဲ့သည်။ အချို့သော ငွေလိမ်လုပ်ငန်းရှင်များသည် နယ်မြေအတွင်း ခဏတဖြုတ် ပုန်းအောင်းနေခြင်း သို့မဟုတ် မြဝတီ သို့မဟုတ် လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကဲ့သို့သော အခြားငွေလိမ်ဗဟိုချက်များသို့ ပြောင်းရွှေ့သွားကြသည်။ သို့သော် အချို့မှာမူ လုပ်ငန်းအတိုင်းအတာကို လျှော့ချပြီး တာချီလိတ်မြို့ပတ်ဝန်းကျင်ရှိ လူမသိနိုင်သော နေရာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဆိုလို သည်မှာ တာချီလိတ်ရှိ ငွေလိမ်လုပ်ငန်းများသည် လုံးဝရပ်ဆိုင်းသွားခြင်း မရှိခဲ့ပေ။

ပြယုဒ်အဖြစ် ဟန်ပြနှိမ်နင်းမှုများ ပြုလုပ်သော်လည်း ငွေလိမ်လုပ်ငန်းများကို ပုံစံတစ်မျိုးမဟုတ် တစ်မျိုးဖြင့် ဆက်လက်တည်ရှိခွင့် ပေးထားသည့် ဤပုံစံသည် ယနေ့တိုင် တာချီလိတ်တွင် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

UWSA ၏ ရောင်နီဦး ငွေလိမ်ဝင်း

ကိုသက်၏ လူကုန်ကူးခံရမှုသည် တာချီလိတ်မြို့ အရှေ့ပိုင်း၊ ဟောင်လိတ်ရပ်ကွက်ရှိ “ရောင်နီဦး ရီဆော့စ်” (Yaung Ni Oo Resort) ဟုခေါ်သော အထင်ကရ ငွေလိမ်ဝင်းကြီးတစ်ခုတွင် စတင်ခဲ့သည်။ ၎င်းသည် UWSA ၏ တာချီလိတ်ဆက်သွယ်ရေးရုံးနှင့် ကပ်လျက်တွင်ရှိပြီး တစ်ဝင်းလုံးကို UWSA က ပိုင်ဆိုင်ကာ ထိန်းချုပ်ထားသည်။ မူလက ထိုနေရာရှိ လူလုပ်ကန်ကြီးကြောင့် “ငါးကန်” ဟု လူသိများသော ဤဝင်းသည် ၂၀၀၆ ခုနှစ်ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ထိုစဉ်က ရှမ်းသံတော်ဆင့် သတင်းဌာန (SHAN) ၏ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် UWSA ခေါင်းဆောင် ပေါက်ယူချန်း၏ အငယ်ဆုံးညီဖြစ်သူ ပေါက်ယူဟွာသည် ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုနေရာတွင် နေထိုင်ခဲ့ပြီး၊ UWSA ထံ အကြွေးမဆပ်နိုင်သည့် ယာဘ (Yaba) မူးယစ်ဆေးဝါးကုန်သည် ၁၁၃ ဦးကို ဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဤဝင်းကို ၁၉၉၇ ခုနှစ်တွင် ပြိုင်ဘက်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော မူးယစ်ရာဇာတစ်ဦးထံမှ UWSA က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် “ငါးကန်” ဝင်း၌ ကာစီနိုခန်းမနှစ်ခု၊ ကာရာအိုကေဘားတစ်ခုနှင့် မိုတယ်တစ်ခုရှိနေပြီဖြစ်ကြောင်း SHAN အစီရင်ခံစာတွင် ဖော်ပြထားသည်။ နှစ်ပေါင်း ၂၀ ကြာပြီးနောက်တွင် ထိုဝင်းအတွင်း အထပ်မြင့်အဆောက်အအုံများစွာကို တည်ဆောက်ခဲ့သည်။ ကိုသက်သည် ရောင်နီဦးဝင်းအတွင်းရှိ တရုတ်ငွေလိမ်ကုမ္ပဏီများစွာထဲမှ တစ်ခုတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ အခြားသော မြန်မာလူငယ်များကဲ့သို့ပင် သူသည်လည်း ရရှိမည့်ဝင်ငွေ မြင့်မားမှုကြောင့် မိမိသဘောဆန္ဒအလျောက် အလုပ်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ ကနဦးတွင် နှိပ်စက်ညှဉ်းပန်းခံရခြင်း မရှိခဲ့ပေ (လက်နက်ကိုင်လုံခြုံရေးများ စောင့်ကြပ်ထားသည့် ဝင်းအတွင်း၌သာ နေထိုင်အလုပ်လုပ်ရခြင်းမှလွဲ၍)။ သို့သော် ငွေအလွဲသုံးစားလုပ်သည်ဟု မတရားစွပ်စွဲခံရပြီးနောက်တွင်မှ သူသည် အခြားလူကုန်ကူးခံရသည့် ငွေလိမ်လုပ်သားများကဲ့သို့ပင် ပိတ်လှောင်ခံရခြင်း၊ ငွေလိမ်ဖုန်းများ အဓမ္မခေါ်ခိုင်းခြင်းနှင့် သတ်မှတ်ချက်မပြည့်မီပါက ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်း (သူ၏ဖြစ်ရပ်တွင် ထိုင်ထလုပ်ခိုင်းခြင်း) တို့ကိုခံခဲ့ရသည်

တရုတ်ငွေလိမ်ဂိုဏ်းများသည် တာချီလိတ်မြို့လယ်ရှိ ရောင်နီဦးဝင်းအတွင်း ကြီးမားသော၊ အလွဲသုံးစားလုပ်သော လုပ်ငန်းများကို လည်ပတ်နိုင်ခြင်းမှာ စစ်ကောင်စီအာဏာပိုင်များကို ပေးကမ်းရသည့် လာဘ်ငွေများပေါ်တွင် အခြေခံနေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

၂၀၂၆ ဖေဖော်ဝါရီ ၄ ရက်နေ့က “ရောင်နီဦးဝင်း”ကို ဝင်ရောက်စီးနင်းသော မြန်မာရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-SHAN)

ဤအချက်ကို တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကလည်း အတည်ပြု ခဲ့သည်။ ၎င်းက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရောင်နီဦး၀င်း၌ ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုနှင့်ပတ်သက်၍ အတွင်းရေးများကို ဖွင့်ဟခဲ့သည်။ ထိုစီးနင်းမှုသည် အဆိုပါနေရာရှိ တရုတ်လုပ်သားများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများအကြောင်း တရုတ်လူမှုမီဒီယာများပေါ်တွင် ကျယ် ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်း၏ပြောပြချက်အရ စီးနင်းမှု အတွင်း လူကုန်ကူးခံရသူအများစုဖြစ်သည့် တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖမ်းဆီးခဲ့သော်လည်း၊ ရောင်နီဦးအတွင်း ကုမ္ပဏီအနည်းဆုံး ၅ ခုကို လည်ပတ်နေသည့် တရုတ်ငွေလိမ်လုပ်ငန်းရှင် ၃၀၀ ကျော်သည် ရဲနှင့် အခြား အာဏာပိုင်များကို တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးဆောင်ကာ နှိမ်နင်းမှုမှ လွတ်ကင်းရန် တာချီလိတ်အတွင်းနှင့် အပြင်ရှိ အခြားနေရာများသို့ ပြောင်းရွှေ့သွားနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ

မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း နှစ်ခု တည်ရှိနေကြောင်းကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ (ကိုသက် လူကုန်ကူးခံခဲ့ရသည့်) နမ့်ခုတ်မြစ်၏ အရှေ့ဘက် ၃.၆ ကီလိုမီတာအကွာရှိ မြေရှားသတ္တုတွင်းအတွက် မြေပြင်ပြင်ဆင်မှုများကို ၂၀၂၃ ခုနှစ်လယ်တွင် စတင်ခဲ့ပြီး၊ နမ့်ခုတ်မြစ်၏ အနောက်ဘက် ၂.၆ ကီလိုမီတာအကွာရှိ မြေရှားသတ္တုတွင်း အတွက် ပြင်ဆင်မှုများကို ၂၀၂၄ ခုနှစ်လယ်တွင် စတင်ခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်မူ အဆိုပါ မိုင်းယွန်းရှိ မြေရှားသတ္တုတွင်းများ၏ နောက်ကွယ်၌ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသော Chinese Investment Mining Company (CIMC) ရှိနေကြောင်း SHRF က ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုသက်သည် သူအခြေစိုက်ရာ လူသူအရောက်အပေါက်နည်းသော မြေရှားသတ္တုတွင်း၏ မတူညီသည့် နေရာများကို ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့် ခွဲခြားသိမြင်နိုင်ခဲ့သည်။ ယင်းတွင်အဓိက မြေရှားသန့်စင်သည့် နေရာ၏ အရှေ့တောင်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ သူနှင့ အခြားအကျဉ်းသားများ နေထိုင်ရာ အဆောက် အအုံများလည်း ပါဝင်သည်။

မိုင်းယွန်းရှိ မြေရှားသတ္တုတွင်းနှစ်ခုလုံးတွင် UWSA စစ်သားများက လုံခြုံရေးရယူထားခြင်းသည် ထိုတွင်းများကို UWSA က တိုက်ရိုက်ထိန်းချုပ်ထားကြောင်း ပြသနေသည်။ သို့သော်လည်း ကိုသက်အား တာချီလိတ်မှ မိုင်းယွန်းသို့ မြန်မာရဲအရာရှိတစ်ဦးကိုယ်တိုင် ပို့ဆောင်ပေးခဲ့သည့် ဖြစ်ရပ်က သတ္တုတွင်း များအတွက် လိုအပ်သော ထောက်ပံ့ပို့ဆောင်ရေး အစီအမံများဖြစ်သည့် စက်ကိရိယာများ၊ ကုန်ကြမ်းများ နှင့် လူအင်အားများကို စစ်ကောင်စီထိန်းချုပ်ထားသော တာချီလိတ်နှင့် မိုင်းယွန်းကြား လမ်းကြောင်းများ မှတစ်ဆင့် သယ်ယူပို့ဆောင်ရာတွင် စစ်ကောင်စီအာဏာပိုင်များက အဓိကအခန်းကဏ္ဍမှ ကူညီဆောင်ရွက် ပေးနေကြောင်း ညွှန်ပြနေသည်။

ထို့ကြောင့် ထိုသတ္တုတွင်းများသည် UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသောကြောင့် စည်းမျဉ်းဥပဒေများဖြင့် မထိန်းချုပ်နိုင်ပါဟု စစ်ကောင်စီက အကြောင်းပြ ပြောဆိုနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။ စစ်ကောင်စီအာဏာပိုင်များသည် သတ္တုတွင်းများသို့ အသွားအပြန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းဖြင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို အချိန်မရွေး ရပ်တန့်ပစ်နိုင်စွမ်းရှိသော်လည်း၊ ထိုလုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်စေရန်အတွက် သိသာ ထင်ရှားသော ငွေကြေးအကျိုးအမြတ်များကို ရယူနေကြသည်မှာ ထင်ရှားလှပါသည်။ 

၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ တွေ့ဆုံမေးမြန်းခဲ့သော “ကိုသက်” (အမည်လွှဲ) ၏ ထွက်ဆိုချက်

ကျနော့်နာမည်ကိုသက်ပါ၊ အသက်ကတော့ ၂၅ ရှိပါပြီ၊ တာချီလိတ်မြို့ခံပါဘဲ၊၂၀၂၁ အာဏာသိမ်း ပြီးတော့ ကျောင်းနားလိုက်တယ်၊၂၀၂၂ နှစ်စကတည်းက တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းတွေ စရောက် လာတယ်၊အဲ့ကတည်းကကုမ္ပဏီတွေတခုပြီးတစ်ခုမှာအလုပ်ဝင်လာတာပါဘဲ။

စစချင်းဝင်တုန်းကတော့ ဒီတိုင်း call center မှာ ဖုန်းဆက်၊စာပြန်၊စာဖြေ အဲ့လိုတွေလုပ်ရတာပေါ့။ နောက်ပိုင်း ကြတော့ လုပ်သက်ကြာလာတော့ Software တွေကိုင်လို့ရတဲ့အဆင့်ထိ ဖြစ်လာတယ်။ ငွေစာရင်းတွေ ကိုင်နိုင်လာတယ်။အဲ့ဒီလိုနဲ့ ၁၀၂၇ အပြီး ၂၀၂၄ နှစ်စပိုင်းမှာ ရက်အတိအကျတော့ မမှတ်မိတော့ဘူး၊ တာချီလိတ်မှာ အဖမ်းအဆီး အရမ်းကြပ်လာတယ်။ အဲ့ဒါနဲ့ကျနော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကလဲ လာအိုကိုရွေ့မယ်ပေါ့။ အဲ့ကာလက ကျနော် က ကျန်းမာရေး သိပ်မကောင်းတာနဲ့ လိုက်ပြောင်းမသွားဖြစ်ဘူး။

၂၀၂၄နှစ်ကုန်မှာကျတော့ အရင်ကုမ္ပဏီမှာအတူတူအလုပ်လုပ်တဲ့အကိုကပြန်လာခေါ်တယ်။ အလုပ်တွေ ပြန်စ တော့ မယ်ဆိုတာနဲ့။အဲ့တာနဲ့အခုပြသနာတက်တဲ့ကုမ္ပဏီမှာအလုပ်ဝင်ဖြစ်ခဲ့တယ်။

အဲ့ကာလမှာ အဖမ်းအဆီးတွေကြမ်းနေတယ်ဆိုပေမဲ့ ကျနော်တို့ကုမ္ပဏီရှိတဲ့ ရောင်နီဦးဝင်းထဲမှာ တိုးတိုးတိတ်တိတ် လုပ်ကြတာဘဲ။ အဲ့ဒီမှာ စာရင်းကိုင်လက်ထောက်အနေနဲ့အလုပ်ဝင်ခဲ့တယ်။ နေတာ ကလည်း အဲ့ဝင်းထဲမှာဘဲအဆောင်နေရတယ်။ကျနော်တို့ငွေစာရင်းအဖွဲ့မှာက ခေါင်းဆောင် စာရင်းကိုင် တရုတ်ရယ်၊ ကျနော်ရယ်၊နောက်ရခိုင်ကလာတဲ့ ကိုမျိုးနဲ့ မူဆယ်ကလာတဲ့ စိုင်းမိန်းရယ် ၄ယောက်ရှိတယ်။

ကျနော်ကစာရင်းပိုင်းကူရပြီး။ ကျန်တဲ့နှစ်ယောက်က ငွေလွဲ၊ငွေဝင်၊ငွေထွက် အဲ့တာတွေကို တာဝန်ယူ ရတာ။ ပထမ ၂လကတော့အဆင်ပြေပြေဘဲ။ ၂၀၂၅ ဇန်နဝါရီလကုန်ကျတော့ ကျနော်တို့နဲ့ အတူတူ အလုပ်လုပ်တဲ့ ခေါင်းဆောင်တရုတ်ကအလုပ်ထွက်သွားပြီး နောက်တရုတ်မတယောက် အလုပ်ဝင် လာတယ်။ သူအလုပ်ဝင်ကတည်းက ပညာအရမ်းပြလို့ ကျနော်တို့တစ်ဖွဲ့လုံးနဲ့ မတည့်ဘူး။

မန်နေဂျာက ခဏခဏရှင်းပေးရတယ်။ကျနော်တို့ယောက်ကျားလေးအုပ်စုနဲ့ သူနဲ့ရန်ဖြစိတယ်ပေါ့။ မှတ်မှတ်ရရ ပြသနာဖြစ်တာက မတ်လ ၈ရက်နေ့ အဲ့နေ့က ကျနော်ကောင်မလေးမွေးနေ့မို့လို့ အလုပ် မတက်ဘဲ အခန်းထဲဘဲနေပြီး Ph ပြောနေတာ။ ညနေ ၃နာရီလောက်တော့ ကျနော့်အခန်းကို လုံခြုံရေး နှစ်ယောက်နဲ့ လက်ထောက်မန်နေဂျာက ကိစ္စရှိလို့ဆိုပြီး လာခေါ်တယ်။

အဲ့ဒီမှာ မန်နေဂျာရုံးခန်းကိုရောက်တော့ ကိုမျိုးနဲ့ စိုင်းမိန်းကရောက်နှင့်နေပြီ၊ ငွေစာရင်းကိုင် တရုတ်မ ရယ်၊မန်နေဂျာရယ်က ကိုမျိုးနဲ့စိုင်းမိန်းကိုငွေမှားလွဲတယ်လို့စွပ်စွဲပြီး ကျတော့်ကိုကျတော့ စာရင်း ဖျောက်ထားပေးတယ်လို့ ပြောတယ်။ ကျနော်တို့က မလုပ်ရဘူးပြောလဲမရဘူး၊  ကျနော်တို့က သက်သေပြ ခိုင်းတယ်၊ CCTV တွေပြန်စစ်ခိုင်းတယ်။

ရောင်နီဦးဝင်း၏အဝင်ဝ

ဒါပေမဲ့ကျနော်တို့ပြောတာတွေကို မန်နေဂျာကော၊ လက်ထောက်ိမန်နေဂျာကောကလက်မခံဘူး။ သူတို့နဲ့လူမျိုးတူ တရုတ်မရဲ့စကားနဲ့ သူပြတဲ့စာရင်းတွေကိုဘဲကြည့်တယ်။ အဲ့မှာမန်နေဂျာက မှားပြီး သွင်းတဲ့ စာရင်း ယွမ်၄၃၀၀၀ ကိုကျနော်တို့ကိုလျော်ဖို့ပြောတယ်။ ကျနော်တို့က လက်ထဲ အဲ့လောက်မရှိဘူး ပြောတော့ သူဌေးနဲ့ စကားပြောဖို့ ပြောပြီးတော့ ဖုန်းတွေသိမ်းပြီး ကုမ္ပဏီထဲကဘဲ အခန်းတစ်ခန်းမှာ သော့သွားခတ်ထားတယ်။

နောက်တရက်နေ့လည် သူဌေးရောက်လာတယ်။ သူဌေးနာမယ်က ရန်ဟွေ့မင်တဲ့။ သူဌေးဆိုတာက ကျွန်တော်တို့သိထားတဲ့ဟာပေါ့၊သူ့ထက်ကြီးသူတွေလဲရှိရင်ရှိမှာ။သူကပိုက်ဆံတွေ ပြန်ဆပ်မလား ၊လစာ မယူဘဲအလုပ်လုပ်ပေးမလား၊ သူတို့စကားနားမထောင်ရင် ရဲစခန်းကသူတွေဆီ ကျားဖြန့်လုပ်တယ်ဆိုပြီး တိုင်မယ် ပြောတယ်။ ကျနော်တို့လဲမတတ်နိုင်ဘူး။ လစာမယူဘဲအလုပ်လုပ်ပေးရတာ။ အဲ့ဒီမှာ ငွေစာရင်း ဌာနကနေ Call center ဘက်ပြန်ရောက်သွားတယ်။

ထွက်ပြေးဖို့လဲကြိုးစားတာပေါ့။ ဒါပေမဲ့သိတဲ့အတိုင်းဘဲ ကုမ္ပဏီမှာကသူ့လုံခြုံရေးနဲ့သူ ဝင်းထဲမှာလဲ သေနတ်ကိုင်စောင့်ပေးတဲ့သူတွေလဲရှိတယ်။ တာချီလိတ်မြို့ထဲဆိုပေမဲ့ ဘယ်သူမှဝင်နိုင်တဲ့ နေရာ မဟုတ်တာ။ ဘယ်လွယ်မလဲ။

Call center မှာလုပ်တာဆိုတော့တကယ်လို့ Target မပြည့်တဲ့နေ့တွေဆို ထိုင်ထလုပ်ခိုင်းတာတွေ မျိုးတွေရှိတယ်။ အဲ့ဒီလိုလုပ်ရင်းနဲ့ ၄လပိုင်း တတိယပတ်ဖြစ်မယ် ၊သင်္ကြန်အပြီးဆိုတော့လေ၊ဒီဝင်းထဲကို ရဲတွေဝင်စစ်မယ် ကြားတော့ နေရာရွေ့ဖို့ပြင်ကြတယ်၊ အဲ့ဒီမှာ ကျနော်တို့ကိုလဲ မန်နေဂျာက တခြားကုမ္ပဏီကို လက်လွဲလိုက်ပြီတဲ့။ အိမ်ပြန်ချင်ရင်တော့ အကြွေးပေးတဲ့။

ကျနော်တို့ကိုရောင်းစားတဲ့သဘောဆိုတော့ဘယ်လိုလက်ခံလို့ရမလဲ။

အိမ်ကိုလှမ်းဆက်သွယ်ဖို့ ကြိုးစားတော့လဲ အိမ်မှာအဲ့လောက်ပိုက်ဆံဘယ်ရှိမလဲ။ ကိုမျိုးဆိုပိုဆိုး။ သူ့အိမ်က ရခိုင်က၊စစ်ဖြစ်နေတဲ့နေရာဆိုတော့ ဆက်သွယ်လို့တောင်မရဘူး။ စိုင်းမိန်းဘဲ သူ့အိမ်က ပိုက်ဆံ ရှာကြည့်မယ်ပြောတာ။မန်နေဂျာက လာပြောပြီးတော့ နောက်တနေ့ညနေပိုင်းမှာ ကျွန်တော်တို့ကို ကားတစ်စီးက လာခေါ်တယ်။

ကျနော်တို့အစကထင်တာက ဒီတိုင်းသာမာန် နောက်ကုမ္ပဏီတခုကို အလုပ်လုပ်ဖို့ ရောင်းလိုက်တာ ထင်တာ။ ကားပေါ်တက်တော့လာကြိုတဲ့ထဲက မြန်မာစကားတတ်တဲ့ ကောင်က အတို (ပစ္စတိုသေနတ်) တစ်လက်ပြပြီး တခုခုယီးတီးယားတားလုပ်ရင် သတ်ပစ်မယ်ပြောတယ်။ သူရယ်ကားသမားရယ်၊ နောက်ပြီးတော့ ရှေ့ခန်းမှာ သူတို့လူကြီးလို့ထင်ရတဲ့ သူတစ်ယောက်ပါတယ်။ စိုင်းမိန်းကိုတော့ ရှေ့မှာထိုင်ခိုင်းတယ်။ ပြီးတော့သူကတော့ နောက်ဖုံးထဲမှာကျနော်တို့နှစ်ယောက်ထိုင်တယ်။

တာချီလိတ်ကနေမိုင်းဆတ်ကိုသွားတာတော့သိလိုက်တယ်၊တညလုံးအိမ်သာတက်တောင်ပေးမနားဘူးမောင်းလိုက်တာ။ အဲ့တာချီလိတ်အထွက်မှာကျတော့ ကျနော်တို့ကားကိုစစ်သေးတယ်။ စစ်ဆေးရေးနေရာ ရောက်တော့ ကားရှေ့ခန်းက လူကြီးလို့ထင်တဲ့သူက အဲ့ဒီဂိတ်ကအရာရှိကို အလေးထ ပြုတယ်။ သူစကားသွားပြောတယ်၊ အဲကျ ဘာမှမစစ်ဘဲလွတ်ပေးလိုက်တာ။အဲ့ဒီတော့မှ သူကရဲမှန်းသိတာ။ နောက်ပိုင်း တာချီလိတ်ကို ပြန်ရောက်ချိန်ကျ သူ့ကို စစ်ဆေးရေးဂိတ်တွေမှာခဏ ခဏတွေ့တယ်။သူက လူကုန်တားတပ်က ၀င်းကြိုင်တဲ့၊ ရာထူးကတပ်ကြပ်ကြီး။

နောက်တရက်မနက်တော့ ဝထိန်းချုပ်တဲ့ မိုင်းယွန်းကိုရောက်နေပြီ။ မိုင်းယွန်းကိုရောင်တော့ သူတို့လူတွေ နောက်ကားတစ်စီးနဲ့ ထပ်လာခေါ်တယ်။မနက်စာပေးစားတယ်။လာပို့တဲ့ကားကတော့ ပြန်သွားတယ်။

ပြီးတော့မိုင်းယွန်းကနေနယ်စပ်နားတစ်နာရီလောက်မောင်းရတဲ့သတ္တုတွင်းကိုခေါ်သွားကြတယ်။ အဲ့ဒီတော့မှ ကျနော်တို့ကို သတ္တုတွင်းမှာ အလုပ်လုပ်ဖို့ရောင်းလိုက်မှန်းသိရတာ။အဲ့ဒီသတ္တုတွင်းမှာက အပြင်ကကြည့်ရင်တော့ ဘာလက်နက်ကိုင်မှမရှိဘူးထင်ပေမဲ့ တစ်ကယ်တမ်းက ဝစစ်သားတွေ အပြည့်ဘဲ။

ကျနော်တို့ကိုသူတို့ဖမ်းထားပြီးအလုပ်လာခိုင်းတဲ့အချုပ်သားတွေနဲ့ရောထားတယ်။ကျွန်တော်တို့နေရတဲ့နေရာကလျိုထဲမှာ၊ တခြားအလုပ်သမားတန်းလျားတွေနဲ့ ဝေးတယ်။ တောင်ပေါ်တက်မယ်ဆို ကား လာကြိုတယ်။တခြားအလုပ်လာလုပ်တဲ့သူတွေနဲ့ ပေးမရောဘူး။မြန်မာစကားပြန်ရှိတယ်။ ဒါပေမဲ့ အလုပ်ကြပ် ကအစ မန်နေဂျာအဆုံး တရုတ်စကားဘဲပြောတာ။ အဲ့ဒီမှာ ကျွန်တော်တို့ကို အလုပ်ကြမ်းတွေ ခိုင်းတယ်။

တာချီလိတ်ရှိအွန်လိုင်းငွေလိမ်၀င်းတစ်ခုအတွင်း ကျားဖြန့်လုပ်သားများကိုအပြစ်ပေးသည့်မှတ်တမ်းပုံ

တခြားအလုပ်လာလုပ်တဲ့သူတွေက သတ္တုတွင်းတွေထဲဓာတုဆေးတွေလောင်းတာ၊ သတ္တုတွေကို သန့်တာ လုပ်ရတယ်။ ကျနော်တို့နဲ့ အချုပ်သားတွေကျတော့ ကျင်းတူးတာ၊ သတ္တုမြေအိပ်တွေသယ်တာနဲ့ သတ္တုပီပါတွေ သယ်တာ လုပ်ရတယ်။ လုပ်ရင်းနဲ့မှကိုယ်လုပ်ရတဲ့ သတ္တုတွင်းက မြေရှားလို့ နာမယ်ကြီးတဲ့ ဟာမှန်း သိတာ။

မြေပုံကိုကြည့်ရတာတော့ ကျွန်တော်တို့နေရတဲ့ သတ္တုတွင်းကရှေ့ဘက်ကမ်းကဟာပါ၊ဟိုဘက်ကမ်းကို နှစ်ခါ ကျင်းတူးဖို့ရောက်သွားဖူးတယ်၊ကားနဲ့ခေါ်သွားတယ်။မြစ်ကိုကျဖောင်နဲ့ဖြတ်တာ၊အဲ့ဒါကြောင့် အရှေ့ ဘက်ကမ်း လို့သေချာသိတာပါ။တခါသွားရင် လူ ၂၀၊၃၀ ပါတယ်။

အစားအသောက်ကတော့တရက်နှစ်နပ်ကျွေးပါတယ်။ဟင်းကတော့သိတဲ့အတိုင်းပေါ့။မနက်ဆန်ပြုတ်၊ နေ့နဲ့ည အရွက်ကြော်။သူဌေးဘယ်သူဆိုတာမသိရပါဘူး။ ရှိတာဆိုလို့ ဝစစ်သားတွေရယ်၊ တရုတ်စကား ပြောတဲ့ မန်နေဂျာရယ် ဒါဘဲရှိတယ်။ တခြားအလုပ်လာဝင်တဲ့သူတွေကလဲ ကျနော်တို့နဲ့ စကားမပြောရဲ ဘူးလေ။

သူတို့ရလာတဲ့ အဖြူဖြူခဲတွေကို သန့်တဲ့နေရာလဲသပ်သပ်ရှိတယ်၊ဒါပေမဲ့ကျွန်တော်တို့က ကားလာရင် အထုပ် သယ်ပေးရုံကလွဲလို့ အနားမကပ်ရဘူး၊အဲ့တာကြောင့် သေချာမသိဘူးဗျ။

အဲ့ဒီမှာ လုပ်ရင်း ၂ပတ်လောက်ကြာတော့ စိုင်းမိန်းက အချုပ်သားတစ်ယောက်နဲ့ အတူတူ ညဘက် ထွက်ပြေးတယ်။ အဲ့နေ့ညတွင်းချင်းဘဲသူတို့ကိုပြန်ဖမ်းမိသွားတယ်။ အဲ့နောက်တော့ ကျနော်တို့ ဖုန်းတွေကို သိမ်းလိုက်တယ်။

စိုင်းမိန်းတို့ကတော့ရိုက်ခံရတာပေါ့။ ရိုက်တာမှ လူတွေအကုန်လုံးခေါ်ကြည့်ခိုင်းပြီးတော့ သစ်ပင်ရှေ့မှာ ကြိုးနဲ့ချည်တုပ်ပြီးရိုက်တာ။ ပြီးတော့ တညလုံး အဲ့သစ်ပင်မှာပစ်ထားတယ်။ နွေရာသီမို့သာ သူတို့ မသေတာ။ ဆောင်းရာသီဆို တခုခုဖြစ်လောက်တယ်။

နောက်ရက်ကျခြေလက်ကိုသံကြိုးခပ်ပြီးတော့တပ်ထဲကအချုပ်ကိုပို့လိုက်ကြတယ်။သူနဲ့အတူတူပြေးတဲ့သူကတော့ ဘာဖြစ်သွားလဲမသိဘူး ၊ကျနော်တို့ကိုဝယ်ထားတဲ့သူဌေးကတောင်းဆိုလို့ နောက်တော့ စိုင်းမိန်းကို မိုင်းပေါက်က သူ့ သတ္တုတွင်းကိုထပ်ပို့လိုက်တယ်။

ကျနော်ကတော့ မေလဆန်းလောက်မှဖုန်းပြန်သုံးလို့ရတယ်။ ပြီးတော့ကျနော်လည်း ကျတော်နည်း ကျတော်ဟန်နဲ့ အဲ့ကနေ ဇွန်လ ၁၈ ရက်နေ့မှာထွက်လာလို့ရခဲ့တယ်။ မိုင်းယွန်းကနေအိမ်ပြန်ဖို့ ကားခတော့ အိမ်ကိုတောင်း ရတာပေါ့။

(ကိုသက်ထွက် ပြန်လည်လွတ်မြောက်လာရသည့်အကြောင်းအရင်းကို ၎င်းမှ SHRF ထံပြောပြခဲ့သော်လည်း ကာယကံရှင်၏သဘောဆန္ဒအရချန်လှပ်ခဲ့ပါသည်။)

အဲ့နောက်တော့ ဇူလိုင်လယ်လောက်မှာဘဲစိုင်းမိန်းကို သူ့အိမ်ကပိုက်ဆံနဲ့ရယ် ပြည်သူ့စစ် အဆက်အသွယ် နဲ့ရယ် မိုင်းပေါက်မှာ ပြန်သွားရွေးခေါ်လာကြတယ်။အခုတော့ ရွှေလီမှာ ၊မူဆယ်ကနေ အလုပ်သွားလုပ်ရင်း အဲ့မှာ ရန်ဖြစ်လို့တဲ့  တရုတ်ထောင်ထဲမှာပြောတာဘဲ။

ကိူမျိုးတစ်ယောက်ဘဲ ကျနော်ပြန်လွတ်လာပြီး ၂လလောက်ကြာတော့အဆက်အသွယ်ပြတ်သွားတယ်။ ဖုန်းသုံးခွင့်ဘဲပိတ်တာလား၊တခုခုဖြစ်သွားတာလားမပြောနိုင်ဘူး။

ဆက်သွယ်ရန်-Signal

စိုင်းဟတ်စစ် (အင်္ဂလိပ်၊ရှမ်း၊ထိုင်း)
စိုင်းဟော်ဆိုင် (အင်္ဂလိပ်၊ရှမ်း)
ယိင်းလျန်းဟန် (မြန်မာ)
Go toTop