မိုင်းဆတ်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်မှာ နမ့်ခုတ်မြစ်ရေညစ်ညမ်းမှုကို ပိုမိုဆိုးရွားလာစေ

ဝမ်ဟုန်အနီးရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏မြေပုံ ( ၂၀၂၆ခုနှစ်၊ မတ်လ ၁၀ရက် )

ချင်းရိုင်ခရိုင် မယ်ဖလုံဒေသနှင့် နယ်မြေဆက်စပ်လျက်ရှိသည့် ထိုင်းနယ်စပ်မှ ၁၉ ကီလိုမီတာ သာ ကွာ ၀ေးသော မိုင်းဆတ်မြို့တောင်ဘက်ရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ အသစ်ကြောင့် နမ့်ခုတ်မြစ်ရေ၏ သတ္တုအဆိပ်သင့်မှုကို ပိုမိုဆိုးရွားလာစေနေသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှပိုင်ဆိုင်ပြီး ၂၀၂၅ ခုနစ် နို၀င်ဘာလတွင် စတင်လည်ပတ်ခဲ့သည်။အဆိုပါစက်ရုံသည် မိုင်းဆတ်မြို့တောင်ဘက် ၁၀ ကီလိုမီတာအ ကွာ ၁၉၉၇ ခုနစ်တွင် UWSAတောင်ပိုင်း၏ ဌာနချုပ်အဖြစ်ဖွင့်လှစ်ခဲ့သော ၀မ်ဟုန်ကျေးရွာ အုပ်စု နမ့်ခုတ် မြစ်တစ်ဘက်ကမ်းတွင်တည်ရှိသည်။ လက်ရှိတွင် ၄င်းသည်  ၀မ်ဟုန်ရှိ UWSA လက်အောက်မှ စစ်တပ်စခန်းများ၊ သင်တန်းကျောင်းများနှင့် လက်နက်နှင့်ရာဘာ စက်ရုံများအတွက် လျှပ်စစ် ဓာတ်အားပေးလျက်ရှိသည်။

ယခုစက်ရုံတည်ဆောက်မည့်အစီအစဥ်ကို မြန်မာအစိုးရမှ စက်ရုံဆောက်သည့်လုပ်ငန်းခွင်သို့ သွားရောက် လည်ပတ်သည့် ၂၀၂၀ ခုနစ်မေလတွင် ပထမဆုံးထုတ်ပြန်ခဲ့သည်။ အဆိုပါစီမံကိန်းဖော် ဆောင်သည့် ကုမ္ပဏီမှာ ၀မ်ဟုန်နေထရယ်လ်အင်နာဂျီ ကုမ္ပဏီ (Wan Hong Natural Energy Co. Ltd) ဖြစ်ပြီး လျှပ် စစ် ဓာတ်အားမဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်စွမ်းရှိရန် လျာထားကာ ထိုမှတစ်ဆင့် ဝမ်ဟုန် ကိုဖြတ်၍ တာချီ လိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း မြန်မာအစိုးရတာဝန်ရှိသူများ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာသို့ လာရောက်ကြည့်ရှုစဉ်

ဒေသခံများ၏ ပြောကြားချက်အရ အလုပ်သမား ၁၅၀ ခန့်မှ ဓာတ်အားပေးစက်ရုံကို တည်ဆောက် နေကြပြီး အလုပ်သမားအများစုမှာ ဗမာလူမျိုးများဖြစ်ကာ တရုတ်နည်းပညာရှင်များက တည်ဆောက် ရေးကိုကြီးကြပ်ကျသည်။

ယခုစက်ရုံအတွက် ကျောက်မီးသွေးကို လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ဖန် (Fang) မြို့နယ်နှင့် မျက်နှာချင်းဆိုင်ရှိ မိုင်းတုံမြို့ နယ် အရှေ့ဘက် တောင်ကုန်းများပေါ်မှ မဲကင်ကျေးရွာအုပ်စု၊ နားပါကော်ကျေးရွာအနီးရှိ ဟင်းလင်းပွင့် (open-pit) ကျောက်မီးသွေးတွင်းအသစ်မှ ရယူခြင်းဖြစ်သည်။ ဒေသခံများ၏ ပြောကြားချက်အရ ၁၀ဘီး ကုန်တင် ယာဉ်ကြီးများဖြင့် ကျောက်မီးသွေးများကို ဓာတ်အားပေးစက်ရုံသို့ “နေ့ရောညပါ” သယ်ယူပို့ ဆောင်နေကြသည်ဟု သိရသည်။ မိုင်းတွင်းအောက်ဘက်ရှိ မဲကင်ချောင်းတလျှောက်တွင် နေထိုင်ကြ သော ရွာသားများမှာလည်း ထိုရေကို အသုံးပြုခြင်းကြောင့် ယားနာများဖြစ်ပွားလာပြီး ငါးများလည်း စတင်သေဆုံးနေသည်ဟု ဆိုသည်။ မဲကင်ချောင်းသည် သံလွင်မြစ်၏ အဓိကမြစ်လက်တက်ဖြစ်သော နမ့်ဟန်မြစ်ထဲသို့စီး၀င်သည်။

ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ လက်ရှိတွင်စိုးရိမ်ရနေသည်မှာ ကျောက်မီးသွေးလောင်ကျွမ်းရာမှ ထွက်ရှိလာသည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နှင့် အမှုန်အမွှားများ (သတ္တုများ အပါအဝင်) ပါဝင်သည့် အဆိပ်သင့်ဓာတ်ငွေ့များ ထုတ်လွှတ်မှုပင်ဖြစ်သည်။ ၎င်းတို့သည် ဒေသခံများ၏ အသက် ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေမည့်အပြင် အက်ဆစ်မိုးကိုလည်း ရွာသွန်းစေနိုင်သဖြင့် ကီလိုမီတာ ၈၀ ပတ်လည်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများကို ခြိမ်းခြောက် လျက်ရှိ သည်။ ဝမ်ဟုန်းရွာသားများ၏ ပြောပြချက်အရ အိမ်ပြင်ထွက်သည့်အခါ စက်ရုံမှ ကျောက်မီး သွေး နံ့ များကို ရရှိနေသည်ဟု သိရသည်။

ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာမည့် အခြားအကျိုးသက်ရောက်မှုတစ်ခုမှာ ဓာတ် အားပေးစက်ရုံအနီးတွင် သိုလှောင်ထားသော ကျောက်မီးသွေးပုံများနှင့် (ကျောက်မီးသွေး လောင် ကျွမ်း ရာမှ ထွက်လာသည့်) ပြာများမှ စိမ့်ထွက်လာသည့် အရည်များသည် ခုတ်မြစ်အတွင်းသို့ စီးဝင်သွား မည့် အချက်ပင်ဖြစ်သည်။ ၎င်းပြာများတွင် ပြဒါး၊ ခဲနှင့် အာဆင်းနစ် (စိန်ဖြူ) အပါအဝင် ညစ်ညမ်းမှု ဖြစ် စေနိုင်သော ပြင်းထန်သော သတ္တုများ ပါဝင်သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် နောက်ဆုံးရရှိထားသော ဂြိုဟ်တုဓာတ်ပုံအရ ဓာတ်အားပေး စက်ရုံ၏ မြောက်ဘက် နမ့်ခုတ်မြစ်ဘက်ခြမ်းရှိ နေရာတစ်ခုတွင် ကျောက်မီးသွေးဟု ယူဆရသည့် အပုံများကို သိုလှောင်ထားသည်ကို တွေ့ရသည်။) ထို့အပြင် ဓာတ်ပုံထဲ၌ စက်ရုံဘေးရှိ ဆိုလာပြား အများ အပြားကိုလည်း တွေ့ရသဖြင့် ယင်းသည် ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဖက်စပ် (Hybrid) ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဟူသော ဒေသခံများ၏ သတင်းပေးပို့ချက်များကို အတည်ပြု ပေးနေပါသည်။

ဝမ်ဟုန်းအနီးရှိကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ ဂြိုဟ်တုဓာတ်ပုံ (၂၀၂၆ ခုနှစ်၊ မတ်လ၁၀ ရက်)

ယခု ဝမ်ဟုန်  ဓာတ်အားပေးစက်ရုံသစ်အပြင် မြန်မာနိုင်ငံတွင် အမှန်တကယ် လည်ပတ်နေသည့် အခြားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ခုသာ ရှိပြီး၊ ၎င်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် (Tigyit) ဓာတ်အားပေးစက်ရုံ ဖြစ်သည်။ အဆိုပါစက်ရုံကို တရုတ်နိုင်ငံမှ Wuxi Huaguang Electric Power Engineering Co. Ltd. က လုပ်ကိုင်နေခြင်းဖြစ်သည်။ အကြီးစား ဟင်းလင်းပွင့် ကျောက်မီးသွေးတွင်းအနီးတွင် တည်ရှိသော တီကျစ်ဓာတ်အားပေးစက်ရုံသည် ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိသည်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) ၏ ၂၀၁၁ ခုနှစ်တွင်ထုတ်၀ေခဲ့သော အစီရင်ခံစာ၌ တီကျစ်ကျောက်မီးသွေးတွင်းနှင့် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော လေထုနှင့် ရေထုညစ်ညမ်းမှုများသည် မိုင်းတွင်း၏ ၅ မိုင်ပတ်လည်အတွင်း နေထိုင်ကြသည့် ပြည်သူပေါင်း ၁၂,၀၀၀ နီးပါး၏ စိုက်ပျိုးရေးနှင့် ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်းနှင့် ဒေသခံ ၅၀ ရာခိုင်နှုန်းခန့်မှာ အရေပြားယားယံခြင်း ဝေဒနာများ ခံစားနေရကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။

ထို့အပြင် တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ နေ့စဉ် အဆိပ်သင့်ပြာ (Fly ash) စွန့်ပစ်ပစ္စည်း တန်ချိန် ၁၀၀ မှ ၁၅၀ အထိ ထွက်ရှိနေပြီး၊ ၎င်းတို့မှ စိမ့်ထွက်စီးဆင်းလာသော အရည်များသည် ဘီလူးချောင်းအတွင်းသို့ စီးဝင်ကာ ထိုမှတစ်ဆင့် အင်းလေးကန်အတွင်းသို့ ရောက်ရှိနေကြောင်း PYO အစီရင်ခံစာက ဖော်ပြခဲ့သည်။

ဝမ်ဟုန်ဒေသတွင် မူလက ရှမ်းတိုင်းရင်းသား အိမ်ထောင်စု ၂၀၀ ခန့်သာ နေထိုင်ခဲ့သော်လည်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဝေရှောက်ခန်း (Wei Hsueh Kang) က UWSA (တောင်ပိုင်း) ဌာနချုပ်အဖြစ် တည်ထောင်ပြီးနောက် ဝနယ်မြောက်ပိုင်းမှ ရွာသား ၂၄,၀၀၀ ကျော်ကို ဝမ်ဟုန်နှင့် အနီးတစ်ဝိုက်ဒေသများသို့ အဓမ္မပြောင်းရွှေ့အခြေချခိုင်းခဲ့သဖြင့် ဒေသခံလူဦးရေဖွဲ့စည်းပုံမှာ လုံးဝပြောင်းလဲသွားခဲ့သည်။ ထိုကာလအတွင်း မြောက်ပိုင်းမှ ဝရွာသားပေါင်း ၁၂၆,၀၀၀ ကျော်ကို မိုင်းတုံ၊ မိုင်းဆတ်နှင့် တာချီလိတ်စသည့် တောင်ပိုင်းမြို့နယ်များသို့ အဓမ္မပြောင်းရွှေ့ အခြေချခိုင်းခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှိ ဟုန်းပန်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စတင်တည်ဆောက်စဉ် (ထိုင်းManager သတင်းစာမှ ဓာတ်ပုံ၊ ၂၀၀၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်)

 ရှမ်းပြည်အရှေ့တောင်ပိုင်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် UWSA ၏ အစောပိုင်း ကြိုးပမ်းမှုများသည် လေထုညစ်ညမ်းမှုကို စိုးရိမ်ကြသည့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ လူမှူအသိုက်အဝန်းများကြောင့် အဟန့်အတား ဖြစ်ခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်တွင် UWSA ၏ ဟုန်ပန်း (Hong Pang) ကုမ္ပဏီသည် တာချီလိတ်မြို့ မြောက်ဘက်တွင် ၁၂ မဂ္ဂါဝပ်ထွက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံတည်ဆောက်ရန် မြန်မာစစ်အစိုးရနှင့် သဘောတူညီချက် ရရှိခဲ့သည်။ သို့သော်လည်း ၂၀၀၁ ခုနှစ် ဧပြီလတွင် အနီးကပ်တည်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဒေသခံများက (တရုတ်နိုင်ငံထုတ်) တည်ဆောက်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကားများကို ထိုင်းနိုင်ငံအတွင်းမှ ဖြတ်သန်းခွင့်မပြုဘဲ လူကိုယ်တိုင် ပိတ်ဆို့ကန့်ကွက်ခဲ့ကြသောကြောင့် အဆိုပါ စက်ရုံစီမံကိန်းကို ဖျက်သိမ်းခဲ့ရသည်။

Sai Hor Hseng

(English & Shan)

Ying Leng Harn

(Burmese)

Ying Hom

(Thai)

Go toTop