တာချီလိတ်မြို့အရှေ့ဘက်ခြမ်း၌ အလွန်အကျွံရွှေတူးဖော်မှုများ၏အကျိုးဆက်ကြောင့်ရွှံ့နွံရေလွှမ်းမိုးမှုကို  ဒေသ ခံ များကြုံတွေ့နေရ

လွယ်ခမ်းတောင်တန်းများရှိရွှေတွင်းများ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် သျှမ်းကျောင်းသားများသမဂ္ဂ မှ နောက်ဆုံးရထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်

တာချီလိတ်မြို့အရှေ့ဘက်ခြမ်း အလွန်အကျွံရွှေတူးဖော်မှုများ၏အကျိုးဆက်ကြောင့်ရွှံ့နွံရေလွှမ်းမိုးမှုကို  ဒေသ ခံ များကြုံတွေ့နေရ

 ၂၀၂၂ ခုနစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် တာချီလိတ်မြို့ အရှေ့မြောက်ဘက်မှ ၄၀ ကီလိုမီတာကွာ၀ေးသော နားဟိုင်း လုံကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းချောင်းရေကြီးရေလျှံမှုဖြစ်ပွားလာကာ လွယ်ခမ်းတောင်များ တွင် တူးဖော်နေသောရွှေတွင်းများမှ တိုက်ရိုက်စီးဆင်းလာသော စွန့်ပစ်နှုန်းများသည် ကျေးရွာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

မိုင်းလင်းကျေးရွာအုပ်စု နာဟိုင်းလုံကျေးရွာတောင်ဘက်ရှိ နမ့်ခမ်းချောင်း၏ ချောင်းဖြားတွင် ၂၀၀၇ ခုနစ်မှ စတင်ကာ စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်မှုများစတင်လာသည့်နောက်ပိုင်းတွင် ရေကြီးရေလျှံမှုသည်နှစ်စဥ်ပိုမိုဆိုးရွားလာခဲ့သည်။ မဲခေါင်မြစ်အနောက်ဘက်ကမ်းတလျောက်ရှိ လွယ်ခမ်းတောင်တန်း များကိုဖြတ်၍တည်ရှိသော တွင်းဖွင့်နည်းစနစ်ဖြင့်တူးဖော်သော ရွှေတွင်းများသည် ယခုအခါ ၁၀ကီလိုမီတာ အထိရှည်လျားကျယ် ပြန့်သည်။ မိုင်းတွင်းများအပါအ၀င် ဆိုင်ယာနိုက်စွန့်ပစ်ရေကန်များမှ စည်းမဲ့ကမ်းမဲ့စီးဆင်းလာသော စွန့်ပစ်ပစ္စည်းများသည် ချောင်းကိုပိတ်ဆို့ကာ မိုးရာသီတွင် ကမ်းပါးပြိုခြင်း ကိုဖြစ်ပေါ်စေနိုင်သည်။

နားဟိုင်းလုံတွင် ယခုနစ်ပျက်စီးမှုက အဆိုးရွားဆုံးဖြစ်သည်။ရွှံ့နွံများသည် နေအိမ်၁၇လုံးအတွင်းသို့ ၀င်ရောက်ခဲ့ပြီး ၄င်းတို့ထဲမှအိမ်ကိုးလုံးသည် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည်။ သတ္တုတူးဖော်ရေး ကုမ္ပဏီများနှင့် ထိခိုက်ခံစားရသောဒေသခံပြည်သူများအကြား ညှိနှိုင်းပေးသည့် တာလေမြို့နယ်တာ၀န်ရှိသူများသည် ရွှံ့နွံများကိုရှင်းလင်းရန် မြေကော်ကားများအားပြင်ဆင်ထားသည်မှလွဲ၍ အခြားမည်သည့် လျော်ကြေးကိုမှ ထောက်ပံ့ပေး အပ်ချင်းမရှိပေ။

လွန်ခဲ့သောနှစ်များက ကုမ္ပဏီများသည် ရွှံ့နွံရေလွှမ်းခံရသော အိမ်ခြေများကို ကျေးရွာမှရွှေ့ပြောင်းရန် တစ်လုံးတစ်ရင်းတည်းငွေပေးချေမှုများကိုပြုလုပ်ခဲ့သည်။ ၂၀၁၉ ခုနစ်ကတည်းက ယနေ့အထိ နားဟိုင်းလုံကျေးရွာရှိ အိမ်ထောင်စု ၅၂ စုမှ အိမ်ထောင်စု ၁၂ စုသည်  အိမ်အရွယ်အစားပေါ်မူတည်၍ ဘတ်ငွေ တသိန်းခွဲ မှ ၆သိန်း ကြားရယူ၍ ပြောင်းရွေ့ခဲ့ကြရသည်။ထိုငွေပမာဏမှာ အခြားနေရာတွင် မြေဝယ်ရန်နှင့် အိမ်အသစ်ဆောက် ရန်လုံ လောက် သောပမာဏမဟုတ်သော်လည်း နှစ်စဥ်ရွံ့နွန်များလွှမ်းမိုးခြင်းကို ခံနေရခြင်းထက် ပိုကောင်းသော အရာဖြစ်သည်။

သတ္တုတွင်းများမှလာသော စွန့်ပစ်အညစ်အကြေးများသည် နားဟိုင်းလုံနှင့် အနီးကျေးရွာ ၀ိန်းမနော်ကျေးရွာ ဒေသခံများ၏  စိုက်ပျိုးနေထိုင်မှု အသက်မွေး၀မ်းကျောင်းခြင်းကို လုံးဝဖျက်ဆီးခဲ့ပြီးသားဖြစ်သည်။၂၀၁၅ ခုနစ်က ထွက်ရှိသော ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက်၏မှတ်တမ်း တွင် ၁၆၈ဧကသော စပါးခင်းများနှင့် အဆိုပါကျေး ရွာအနီးရှိ ဥယျာဥ်ခြံမြေများမည်ကဲ့သို့ လုံး၀အဖျက်ဆီးခံလိုက်ပုံနှင့် ၁၃၀ဧကကျော်သော လယ်ကွင်းများနှင့်ငါးကန်များသည် မြေဆီလွှာနှင့် ရေအရင်းအမြစ်တို့ညစ်ညမ်းမှုကြောင့် အသုံးပြု၍ မရတော့သည့် အကြောင်းများကိုဖော်ပြထားသည်။မြစ်ချောင်းများနှင့်ရေတွင်းများ၏ အဆိပ်သင့် ညစ်ညမ်းမှုကြောင့် မွေးမြူရေး တိရာစ္ဆာန်များနှင့် ငါးများကိုသေဆုံးစေခဲ့ပြီး ဒေသခံရွာသားများ၏ ကျန်းမာရေးကိုထိခိုက်စေခဲ့သည်။

ထိခိုက်ခံစားနေရသောဒေသခံများ၏ သတ္တုတူးဖော်မှုများကိုရပ်တန့်ရန် တောင်းဆိုသောလူထုလှုပ်ရှားမှု များသည် အကြမ်းဖက်မှုနှင့်သာကြုံတွေ့ခဲ့ရသည်။ သတ္တုတူးဖော်မှုကိုကန့်ကွက်သော နားဟိုင်းလုံ ရပ်ရွာခေါင်း ဆောင်တစ်ဦးသည် ၂၀၁၅ခုနစ် အောက်တိုဘာလ ၁၃ရက်နေ့တွင်ဗမာစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဒေသခံများသည် ရွှေတူးဖော်မှုကိုဆန့်ကျင်ရန် အလွန်ကြောက်ရွံ့သွားခဲ့ကြပြီး ကုမ္ပဏီမှ ပေးအပ်သော နှစ်စဥ်လျော်ကြေးကို လက်ခံရန်ဖိအားပေးခံခဲ့ရသည်။ နှစ်စဥ်လယ်ယာမြေဆုံးရှူံးခဲ့ရသော လယ်သမားများကိုတစ်ဧကလျှင် ထိုင်းဘတ်ငွေတစ်သောင်းနှုန်းဖြင့် စုစုပေါင်း ဘတ်ငွေလေးသန်းကို တာလေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ပေးအပ်ခဲ့သည်။

မိုင်းလျန်းမြို့နယ်ရှိ တိုးချဲ့တူးဖော်လာသော ရွှေတွင်းများကြောင့် ထိခိုက်မှုသည် သဘာဝပတ်၀န်းကျင် နှင့်လူ နေမှုပြသနာများကို အမြဲတိုးပွားစေလေ့ရှိပြီး လူနည်းစု စစ်တပ်နှင့်စီးပွားရေးလုပ်ငန်းရှင် များကိုသာ အကျိုး ဖြစ် ထွန်းစေသည်။ တရားဝင်လိုင်စင်ထုတ်ပေးခြင်းများရှိသော်လည်း ကုမ္ပဏီကြီးများကသာ ပါဝင်နိုင်သည်။ လက်ရှိ ကာလတွင် စစ်ကောင်စီနှင့်အလွန်နီးကပ်စွာပတ်သက်မှုရှိသော  ကုမ္ပဏီ ၁၂ ခုတို့သည် ၁၁နှစ်ကြာတူး ဖော်ခွင့်ကို ရရှိထားသည်။ ဒါဇင်နှင့်ချီသော မိုင်းတွင်းအသေးစားများ၏ ပိုင်ရှင်များသည် ၄င်းဒေသများကိုထိန်းချုပ်ထားသော စစ်တပ်နှင့် ပြည်သူ့စစ်များကိုငွေပေးကာ တူးဖော်မှုလုပ်နေကြသည်။ တူးဖော်ခွင့်လိုင်စင်ရှိသည့် ကုမ္ပဏီဖြစ်စေမရှိသည့်ကုမ္ပဏီဖြစ်စေ လုံလောက်သောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းများမရှိပါ။

သျှမ်းအရပ်ဘက်အဖွဲ့များမှ ဖက်ဒရယ်အာဏာခွဲ၀ေမှုနှင့် ဒေသခံလူထု၏ မြေယာများနှင့် အသက်မွေးဝမ်း ကျောင်းကို သယံဇာတထုတ်ယူသုံးစွဲမှုမှမထိခိုက်စေရန် အာမခံပေးနိုင်မှုမရှိသေးသမျှ ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်မှုများကို ဆိုင်းငံ့ထားရန်တောင်းဆိုလာသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ၂၀၂၁ဖေဖော်၀ါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်အစိုးရသည် ၄င်းတို့၏၀င်ငွေအတွက်  သတ္တုတွင်းအသစ်များကို အမြန်လိုက်လံခြေရာခံ တူးဖော်နေကျရာ ထိုတောင်းဆိုချက်မှာ ခါတိုင်းအချိန်ထက်ပို၍ အရေးကြီးလာသည်။

ထိုဧရိယာများတွင် ရွှေတူးဖော်ရန်ဆောင်ရွက်နေသောကုမ္ပဏီများထဲမှ သြစတေးလျနိုင်ငံသားများ ဦးစီးသည့် Locrian Precious Metals ကုမ္ပဏီသည် ဒေသခံလူမှုအဖွဲ့အစည်း၏ ဆန့်ကျင်မှုများကို လျစ်လျူရှူ နေသည်။ ၂၀၂၀ ဇူလိုင်တွင် လော်ကရီရန်ကုမ္ပဏီသည် ၄၅၆ ကီလိုမီတာစကွဲ အကျယ်အ၀န်းရှိသည့် ၅နှစ်သက်တမ်းရှိရွှေ တူး ဖော်စမ်းသပ်ခွင့်ကို တာချီလိတ်မြို့အရှေ့ဘက်တွင်ရရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ၄င်း၏အဓိက ရင်းနှီး မြုပ်နှံသူ မြန်မာမက်တယ်လ်ကနှုတ်ထွက်ခဲ့သော်လည်း စမ်းသပ်တူးဖော်မှုများကို ဆက်လုပ်နေဆဲ ဖြစ် သည်။လိုကရီရန်ကုမ္ပဏီသည် လူသတ်စစ်ကောင်စီနှင့် စက်ဆုပ်ဖွယ်ရာကောင်းသော လက်တွဲလုပ်ဆောင်မှု များကို လျင်မြန်စွာရပ်တန့်သင့်ပြီး မြန်မာပြည်တွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ အားလုံးမှ လျင်မြန်စွာ နှုတ်ထွက်သင့်သည်။

မိုင်းလျန်းဒေသအတွင်းရှိ တရား၀င်ရွှေတူးဖော်ခွင့်ရရှိထားသော စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့်  ကုမ္ပဏီများ

၂၀၂၁ ခုနစ် နို၀င်ဘာလတွင် မြန်မာစစ်ကောင်စီ၏  သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနရုံးမှ ထုတ်ပြန်သော သတ္တုတူးဖော်ထုတ်လုပ်ခွင့် စာရင်းအရ မိုင်းလင်းဒေသတွင် ကုမ္ပဏီ ၉ခုသည် တစ်နှစ်ခွင့်ပြုသက်တမ်းကုန်သွားခဲ့စဥ် ကုမ္ပဏီ ၁၂ ခုသည် ၁၁နှစ်သက်တမ်းရှိသော သတ္တုတူးဖော်ခွင့် ကိုရရှိခဲ့သည်။

တရား၀င်တူးဖော်ခွင့်ပြုချက်များထဲမှအနက်  ၁၃ခုကို(ကုမ္ပဏီ ၈ခုမှရရှိ)၂၀၂၀ နှစ်လည်ပိုင်းတွင်ခွင့်ပြုခဲ့ပြီး  ၇ခု (ကုမ္ပဏီ ၅ခုမှရရှိ) ကို ၂၀၂၁ ခုနစ်ဖေဖော်၀ါရီ ၁ရက်အာဏာသိမ်းအပြီးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ခွင့်ပြုဧရိယာ တစ်ခုစီသည် ၂၀ ဧကကျယ်၀န်းသည်။

ခွင့်ပြုချက်ရရှိသောကုမ္ပဏီအများစုမှာ တာချီလိတ်မြို့တွင်မှတ်ပုံတင်ထားခြင်းဖြစ်သည်။ခြွင်းချက်တစ်ခုမှာ နာမည် ဆိုးဖြင့်ကျော်ကြားသော စစ်တပ်ခရိုနီကျော်ဝင်းတည်ထောင်ထားသော မေဖလား၀ါးမိုင်းနင်းအင်တာဗ ရိုက်မှာရန်ကုန်မြို့တွင်အခြေစိုက်သည်။မေဖလား၀ါးမိုင်းနင်းသည် တရားဝင်တူးဖော်ခွင့် အရေအတွက် အများဆုံး (၄ခု)ရထားပြီး အားလုံးမှာ ၂၀၂၀ ဇူလိုင် တွင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မေဖလာ၀ါးမိုင်းနင်းသည် တနင်္သာရီတိုင်း ဘန်းချောင်းရှိထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သည့် ညစ်ညမ်းသော ကျောက်မီးသွေးလုပ်ငန်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည်။

ကုမ္ပဏီအများစုမှာ တြိဂံတိုင်းစစ် ဌာနချုပ်မှ စစ်ကောင်စီအရာရာရှိ ဟောင်းများနှင့် ပတ်သက်နေပြီး ဒေသတွင်း ရွှေတူး ဖော်အခွင့်အလမ်းများအတွက် ၄င်းတို့၏ရာ ထူးများကိုအ သုံးပြုခဲ့သည် မှာထင်ရှားသည်။ ဥပမာအားဖြင့် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိတွင် ၁၁ နှစ်တူးဖော်ခွင့် ၃ခုရထားသော (အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခွင့် ပြုခဲ့သော တစ်ခုအပါအ၀င်) လွယ်ခမ်းလုံ ကုမ္ပဏီသည် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဖြိုးနှင့် ပတ်သက်နေသည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၉ ခုနစ်တွင်တရား ၀င်မှတ်ပုံတင်ခဲ့ပြီး (ဗိုလ်ချုပ်ကျော်ဖြိုး ၂၀၀၈ ခုနစ်မှ ၂၀၁၀ ခုနစ်အထိ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာ၀န်ယူသည့် ကာလ) ၂၀၁၈ခုနစ် မတိုင်ခင်အထိ ၄င်း၏ဒါရိုက်တာချုပ်မှာ ဗိုလ်ချုပ်ကျော်ဖြိုး၏သားဖြစ်သူ ချမ်းပြည့်ကျော်ဖြိုး ဖြစ်သည်။ လက်ရှိဒါရိုက်တာမှာ မြန်မာစစ်တပ်တွင်တာ၀န်ထမ်းဆောင်ခဲ့ဖူးသူ မိုင်းလားမြို့မှအခါလူမျိုး ဦးလောတာဖြစ်သည်။

အခြားတြိဂံတိုင်းစစ်ဌာနချုပ်နှင့်ပတ်သက်နေသောကုမ္ပဏီတစ်ခုမှာ ၂၀၁၂ ခုနစ်ခုနစ်တွင်တည်ထောင်ခဲ့ပြီး ဗိုလ် မှူးကြီးဇော်ထွန်းမြင့်မှ မန်နေဂျင်းဒါရိုက်တာအဖြစ်တာ၀န်ယူထားသည့် အောင်၀န်းနေကုမ္ပဏီဖြစ်သည်။ ထိုကာလတွင် ဗိုလ်မှူးကြီးဇော်ထွန်းမြင့်သည်တြိဂံတိုင်းစစ်ဌာနချုပ်၏ အထွေထွေအတွင်းရေးမှူး အဖြစ်တာ၀န်ယူနေသည်။အောင်၀န်းနေကုမ္ပဏီသည် ၁၁နှစ်သက်တမ်းရှိသော တူးဖော်ခွင့်ပြုချက် ၂ခုကို အာဏာသိမ်းအပြီးတွင် ရရှိခဲ့ခြင်းဖြစ်သည်။

လွယ်ခမ်းတောင်တန်းများရှိရွှေတွင်းများ
မိုင်းလင်းဒေသတွင်း တရား၀င်သတ္တုတူးဖော်ခွင့်ရရှိထားသောကုမ္ပဏီများ
ခွင့်ပြုချက်အမှတ်အမည်အရွယ်အစားခွင့်ပြုကာလမှအထိ
၀၀၀၄/၂၀၂၀ငွေတောင်မင်းကုမ္ပဏီ၂၀ဧက၁၁နှစ်၁၄.၃.၂၀၂၀၁၃.၃.၂၀၃၁
၀၀၅/၂၀၂၀ငွေတောင်မင်းကုမ္ပဏီ၂၀ဧက၁၁နှစ်၁၄.၃.၂၀၂၀၁၃.၃.၂၀၃၁
၀၀၇၁/၂၀၂၀ဟိန်းမေတ္တာ၂၀ဧက  ၁၁နှစ်၁၈.၆.၂၀၂၀၁၇.၆.၂၀၃၁
၀၀၇၂/၂၀၂၀ဟိန်းမေတ္တာ၂၀ဧက  ၁၁နှစ်၁၈.၆.၂၀၂၀၁၇.၆.၂၀၃၁
၀၀၃၉/၂၀၂၀ရွှေလာဘ်ကောင်း၂၀ဧက  ၁၁နှစ်၁၅.၅.၂၀၂၀၁၄.၅.၂၀၃၁
၀၀၈၄/၂၀၂၀မေဖလား၀ါးမိုင်းနင်း၂၀ဧက  ၁၁နှစ်၃.၇.၂၀၂၀၂.၇.၂၀၃၁
၀၀၉၁/၂၀၂၀မေဖလား၀ါးမိုင်းနင်း၂၀ဧက  ၁၁နှစ်၉.၇.၂၀၂၀၈.၇.၂၀၃၁
၀၀၉၂/၂၀၂၀နောင်တုံနဂါး၂၀ဧက  ၁၁နှစ်၉.၇.၂၀၂၀၈.၇.၂၀၃၁
၀၀၉၃/၂၀၂၀မေဖလား၀ါးမိုင်းနင်း၂၀ဧက  ၁၁နှစ်၂၃.၇.၂၀၂၀၂၂.၇.၂၀၃၁
၀၀၉၄/၂၀၂၀မေဖလား၀ါးမိုင်းနင်း၂၀ဧက  ၁၁နှစ်၂၃.၇.၂၀၂၀၂၂.၇.၂၀၃၁
၀၁၀၄/၂၀၂၀လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ၂၀ဧက  ၁၁နှစ်၂၀.၈.၂၀၂၀၁၉.၈.၂၀၃၁
၀၁၀၃/၂၀၂၀စိုင်းစိုက်ပျိုးရေး၂၀ဧက  ၁၁နှစ်၁၃.၈.၂၀၂၀၁၂.၈.၂၀၃၁
၀၁၀၈/၂၀၂၀လင်းလျှံထက်မိုင်းနင်း၂၀ဧက  ၁၁နှစ်၄.၉.၂၀၂၀၃.၉.၂၀၃၁
၀၀၅၃/၂၀၂၁အောင်ရွှင်လီ၂၀ဧက  ၁၁နှစ်၂၁.၆.၂၀၂၁၂၀.၆.၂၀၃၁
၀၀၅၆/၂၀၂၁အောင်၀န်းနေကုမ္ပဏီ၂၀ဧက  ၁၁နှစ်၂၆.၈.၂၀၂၁၂၅.၈.၂၀၃၂
၀၀၅၇/၂၀၂၁အောင်၀န်းနေကုမ္ပဏီ၂၀ဧက  ၁၁နှစ်၂၆.၈.၂၀၂၁၂၅.၈.၂၀၂၃
၀၀၄၇/၂၀၂၁လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ၂၀ဧက  ၁၁နှစ်၂.၆.၂၀၂၁၁.၆.၂၀၃၂
၀၀၅၂/၂၀၂၁

 

လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ၂၀ဧက  ၁၁နှစ်၂၁.၆.၂၀၂၁၂၀.၆.၂၀၃၂
၀၀၅၈/၂၀၂၁သျှမ်းအရှေ့လင်းလက်၂၀ဧက  ၁၁နှစ်၇.၁၀.၂၀၂၁၆.၁၀.၂၀၃၂
၀၀၆၂/၂၀၂၁ဖြောင့်ဖြူးပျော်ရွှင်၂၀ဧက  ၁၁နှစ်၂၆.၁၀.၂၀၂၁၂၅.၁၀.၂၀၃၂
မိုင်းလင်းဒေသတွင်း သက်တမ်းကုန်ဆုံးနေပြီး သတ္တုတူးဖော်ခွင့်ရရှိထားသောကုမ္ပဏီများ
ခွင့်ပြုချက်အမှတ်အမည်အရွယ်အစားခွင့်ပြုကာလမှအထိ
၀၃၀၆/၂၀၁၄ဝေတယ် ကုမ္ပဏီ၂၀ဧက၁ နှစ်၃၀.၁၂.၂၀၁၈၃၁.၅.၂၀၁၉
၀၀၇၂/၂၀၁၅မဟာတံခွန် ကုမ္ပဏီ၂၀ဧက၁ နှစ်၁၂.၃.၂၀၁၈၁၁.၃.၂၀၁၉
၀၁၀၃/၂၀၁၅စံပါရမီ ကုမ္ပဏီ၂၀ဧက၁ နှစ်၃.၅.၂၀၁၇၁၂.၅.၂၀၁၈
၁၀၄/၂၀၁၄စံပါရမီ ကုမ္ပဏီ၂၀ဧက၁ နှစ်၁၃.၅.၂၀၁၇၁၂.၅.၂၀၁၈
၀၁၄၆/၂၀၁၅စိုင်းစိုက်ပျိုးရေး ကုမ္ပဏီ၂၀ဧက၁ နှစ်၈.၇.၂၀၁၇၇.၇.၂၀၁၈
၀၀၆၅/၂၀၁၅ထွန်းပြည်သိမ်းစံ ကုမ္ပဏီ၂၀ဧက၁ နှစ်၅.၈.၂၀၁၈၃၁.၅.၂၀၁၉
၀၀၈၇/၂၀၁၅ဆင့်မြင့်မြန်မာ ကုမ္ပဏီ၂၀ဧက၁ နှစ်၂၃.၉.၂၀၁၆၂၂.၉.၂၀၁၇
၀၂၁၂/၂၀၁၅ဟုန်ယွမ်စိမ့် ကုမ္ပဏီ၂၀ဧက၁ နှစ်၄.၁၁.၂၀၁၆၃.၁၁.၂၀၁၇
၀၀၇၂/၂၀၁၆တာချီလိတ်ရွှေတောင် ကုမ္ပဏီ၂၀ဧက၅ လ၂၄.၃.၂၀၁၆၂၃.၃.၂၀၁၇
၀၀၀၂/၂၀၁၆တာချီလိတ်‌ရွှေစင် ကုမ္ပဏီ၂၀ဧက၅ လ၆.၁.၂၀၁၉၃၁.၅.၂၀၁၉

စစ်အာဏာသိမ်းမှုကာလဖြစ်သော်လည်း သြစတေးလျနိုင်ငံသားများဦးစီးသည့်ကုမ္ပဏီမှ ကြီးမားသော ရွှေတူး ဖော် စမ်းသပ်မှုများကို တာချီလိတ်အရှေ့ဘက်တွင်ဆက်လုပ်နေ

နိုင်ငံခြားသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည် Locrian Precious Metals လွယ်ခမ်းဒေသအပါအ၀င် တာလေမြို့အရှေ့ဘက်တွင် ၁၁၂ ၇၃၀ဧက(၄၅၆စတုရန်းကီလိုမီတာ) အကျယ်အ၀န်းရှိ ကြီးမားသော ရွှေစမ်းသပ်တူးဖော်ခွင့် လိုင်စင်ကိုရရှိထားသည်။အဆိုပါငါးနှစ်သက်တမ်းရှိလိုင်စင်မှာ ၂၀၂၀ ဇူလိုင်လ ၂၉ မှ ၂၀၂၅ ဇူလိုင် ၂၈ ထိဖြစ်သည်။

Locrian Precious Metals သည် လက်ရှိတွင်သြစတေးလျနိုင်ငံသားများဦးစီးနေသော်လည်း မူလက ၂၀၁၁ ခုနစ်တွင် Locrian Resources Inc. အဖြစ်ကနေဒါနိုင်ငံတွင်စတင်တည်ထောင်ခဲ့ပြီး လာအိုနှင့် မြန်မာတွင် သတ္တုတူးဖော် မှုအခွင့်အလမ်းများကို ရှာဖွေရန် နိုင်ငံတကာသတ္တုတူးဖော်ရေးကုမ္ပဏီများဖြစ်သည့် Oceana Gold နှင့် Anglo Americanတို့မှရင်းနှီးမြုပ်နှံခဲ့ကြသည်။

Locrian Precious Metals ကိုဦးဆောင်နေကြသောသြစတေးလျနိုင်ငံသားများသည်(Michael Bui Phin နှင့်Lachlan Foy)သတ္တုတူးဖော်ရေးအထောက်အပံ့ကုမ္ပဏီတစ်ခုဖြစ်သည့် Valentis Services Ltd. ကိုလည်း လုပ်ကိုင်နေကြသည်။ လော်ကရီကန်နှင့် ဗယ်လင်တီလ်တို့သည်ရန်ကုန်မြို့တွင် ရုံးတစ်ခုတည်းကို အတူတူအသုံးပြုကြသည်။

၂၀၂၀ ခုနစ်သြဂုတ်လ ၂၆ရက်နေ့တွင် သြစတေးလျသတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာမက်တယ်လ်(လက်ရှိ Mallee Resources ဟုပြောင်း)သည် Locrian Precious Metalsမှ အစုရှယ်ယာ ၅၁ရာခိုင်နှုန်းကိုရယူခဲ့ပြီး ၄င်းမှာ ရှမ်းပြည်အရှေ့ပိုင်းရှိ ရွှေစမ်းသပ်တူးဖော်မှုများအတွက်ဖြစ်သည်။သို့သော်လည်း ၂၀၂၁ ဖေဖော်၀ါရီ အာဏာသိမ်းမှုဖြစ်စဥ်အပြီးတွင် မြန်မာမက်တယ်လ်သည် ၄င်း၏ သတ္တုတူးဖော်မှု အကျိုူစီးပွားများ (ရှမ်းပြည်မြောက်ပိုင်းဘော်တွင်းသတ္တုတွင်းအပါအ၀င်)ကိုရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၅ရက်တွင် လော်ကရီယန်ပရောဂျက်နှင့်ပတ်သက်၍ ရပ်ဆိုင်းခြင်း သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ပြီး ၀ယ်ယူမှု ကုန်ကျ စရိတ်အားလုံးအတွက် အမေရိကန်ဒေါ်လာ ၃၉၀,၀၀၀ နှင့် ရပ်နားမှုလျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၀,၀၀၀ ကိုရောင်းချသူထံသို့ပေးအပ်ခဲ့သည်။

မြန်မာမက်တယ်လ်မှနှုတ်ထွက်သွားသော်လည်း Locrian Precious Metals သည် အာဏာသိမ်းပြီးနောက်ပိုင်း တွင်ရှမ်းပြည်အရှေ့ပိုင်း၌ ရွှေစမ်းသပ်တူးဖော်မှုများဆက်လုပ်နေရာ လူသတ်စစ်အစိုးရနှင့်လက်တွဲလုပ်ကိုင်နေ ပြီး ဂရုမစိုက်သည်မှာထင်ရှားသည်။၂၀၂၂ ဖေဖော်၀ါရီ ၂ရက်နေ့တွင် ဗယ်လင်တီလ်အေးရှား၏ facebook မှ“ မြန်မာအစိုးရ၀န်ကြီးဌာနများနှင့်အပြုသဘောဆောင်သောဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရန်“အတွက် “မြန် မာနိုင်ငံရှိကျွန်ုပ်တို့၏လော် ကရီကန်ပရောဂျက်တွင်လုပ်ဆောင်ရန် အစိုးရနှင့်လူထုဆက်ဆံရေး အရာရှိတစ်ဦး“  လိုအပ်ကြောင်းကြေညာခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၂၂ ရက်တွင် ဗယ်လင်တီလ်အေးရှား ၏ facebookမှ  “ရှမ်းပြည်အရှေ့ပိုင်းတွင် မြေဆီလွှာ စမ်းသပ်ခြင်း၊ပြီးပြည့်စုံသောအဖွဲ့၊ပြီးပြည့်စုံသောရှူခင်း“ဟု ဓာတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ဇန်န၀ါရီ ၂၁ ရက်တွင် “ရှမ်း ပြည်နယ်တွင်ရွှေစမ်းသပ်တူးဖော်ရေးအတွက် သဘာ၀ပတ်၀န်းကျင်စောင့်ကြည့်ခြင်း“ ဟူသောဓာတ်ပုံ ကိုတင်ခဲ့သည်။

Valentis Asis Facebook မှမြေဆီလွှာစမ်းသပ်သောအဖွဲ့၏ပုံ(၂၀၂၁ ဒီဇင်ဘာ ၂၂)
တာချီလိတ်အရှေ့ဘက်ရှိလော်ကရီရန်မှ စမ်းသပ်တူးဖော်ရာဒေသ၏မြေပုံ( Myanmar Metals ASX၏ကြေညာချက်မှ)

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +66 94-728-6696                (ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း)   (SHRF)

ယိင်းလျန်းဟန်   +66 62 569 5220                 (ရှမ်း၊ မြန်မာ)             (SHRF)

စိုင်းဇင်              +66: 82 868 8482             (ရှမ်း၊ မြန်မာ)             (TSU)

PDF ဖိုင်ယူရန် >>> 

Shan Burmese English Thai

 

 

Go toTop