အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုရေလွှမ်းမိုးခံရနိုင်

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုရေလွှမ်းမိုးခံရနိုင်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်စောင့်ကျေးရွာအုပ်စု တောင်ခြေရွာရှိ နမ္မတူမြစ်(ခေါ်) ဒုဌ၀တီမြစ်ပေါ်၌ တည်ဆောက်လျက်ရှိသော အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် သီပေါမြို့ပေါရှိ ကျေးရွာအုပ်စု (၁၁) ခုမှာ ရေလွှမ်းမိုးခံရနိုင်ချေရှိနေသည်။

နမ္မတူမြစ်(ခေါ် )ဒုဌဝတီမြစ်(ခေါ် )မြစ်ငယ်မြစ်

 မိမိတို့အဖွဲ့အစည်းမှ လက်ခံရရှိထားသော စစ်ကောင်စီလက်အောက်ခံ သီပေါမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ၂၀၂၂ ခုနစ် ဒီဇင်ဘာလ ၉ ရက်နေ့ ရက်စွဲပါအမိန့်စာတစ်ခုအရ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို အရှိန်အဟုန်မြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနစ်တွင် တမံတည်ဆောက်ပြီးစီးမည်ဖြစ်ရာ သီပေါမြို့နယ်အတွင်းရှိ နားမခေါ်ကျေးရွာအုပ်စုအပါအ၀င် ဒုဌ၀တီမြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာအုပ်စု ၁၁ ခုမှာ ရေမြုပ်ဧရိယာ အတွင်းပါ၀င်မည်ဖြစ်ကာ အဆိုပါကျေးရွာအုပ်စုများ၏ မြေပြင်အချက်အလက်များကိုကောက်ယူနိုင်ရန် ကျေးရွာအုပ်စုမြေပြင် စာရင်းကောက်ယူရေးကော်မတီကိုဖွဲ့စည်းထားကြောင်းသိရသည်။

နမ္မတူမြစ်အနီးရှိ သမိုင်းဝင်ဘော်ကြိုဘုရား

အဆိုပါ ကျေးရွာအုပ်စုမြေပြင်စာရင်းကောက်ယူရေးကော်မတီတွင် ရေလွှမ်းမိုးမည့်ဧရိယာအတွင်း ပါ၀င်သည့် ကျေးရွာအုပ်စု၁၁ခုဖြစ်သော “ဘော်ကြို၊ မန်ဟဲ၊ ကျင်သီ၊ နမ့်အွန်၊ နားမခေါ်၊ နမ့်လန်၊ လော၀်ခွန်၊ ကုန်းဆော့၊ မန်မွန်း/မန်ကျောင်း၊ ဟိုခဲ နှင့် ကောင်းခံ(လီ)” ကျေးရွာအုပ်စုများမှအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးစာရေးများ၊ မြေစာရင်းဌာနမှ၀န်ထမ်းများနှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ၀န်ထမ်းများပါ၀င်သည်။ စစ်ကောင်စီအုပ်ချုပ်ရေးမှုးရုံးမှ ၂၀၂၂ ဒီဇင်ဘာလကတည်းက အဆိုပါကော်မတီများကိုဖွဲ့စည်းထားသော်လည်း အမှန်တကယ်ထိခိုက် နစ်နာမည့်ဒေသခံပြည်သူများမှာ လက်ရှိအချိန်အထိ မည်သည့်သတင်းအချက်အလက်ကိုမှ ရရှိခြင်း သိရှိခြင်းမရှိသေးပေ။

အထက်ရဲရွာရေကာတာကြောင်ရေလွှမ်းခံရနိုင်မည့် ကျေးရွာအုပ်စုများ

လျှပ်စစ်ဓာတ်အား ၂၈၀ မီဂါ၀ပ်ထုတ်လုပ်မည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို  ၂၀၀၈ခုနစ် စစ်အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုမ္ပဏီမှာစစ်အစိုးရနှင့် ပတ်သက်နေသော IGE group ၏ လက်အောက်ခံ IPG ဖြစ်ပြီး ပြင်သစ်ကုမ္ပဏီ Razel-Bec မှပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီ နှင့် တရုတ်ကုမ္ပဏီများမှလည်း ပါ၀င်ပတ်သက်နေသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ သတင်းအချက်အလက်များ စတင်ရရှိကတည်းက ဒေသခံလူထုသည် အမြဲကန့်ကွက်ခဲ့ကြသော်လည်း  အစိုးရအဆက်ဆက်၏ လျစ်လျူရှုမှုကိုသာကြုံတွေ့ခဲ့ရသည်။ စီမံကိန်းစတင်စဥ်က နားမခေါ်ကျေးရွာအုပ်စုအတွင်းမှ တာလုံကျေးရွာတစ်ခုတည်းသာ ရေလွှမ်းမိုးခံ ရမည်ဟုဆိုခဲ့သော်လည်း ယခုတွင်မူ ကျေးရွာအုပ်စု ၁၁စု ပါထိခိုက်လာတော့မည်ဖြစ်သည်။

ထိုကျေးရွာအုပ်စုထဲတွင်ပါ၀င်သည့် ဒုဌ၀တီမြစ်ကမ်းဘေးရှိ ဘော်ကြိုကျေးရွာအုပ်စုမှ ဘော်ကြိုရွာ သည် သမိုင်း၀င်ဘော်ကြိုဘုရားကြီးအပါအ၀င် အခြားသမိုင်း၀င်အမွေအနှစ်များကြောင့် ကျော်ကြား သည်။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးခဲ့ပါက အဆိုပါ သမိုင်းအမွေအနှစ်များ သည် ရေအောက်သို့ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိနေပြီဖြစ်သည်။

သမိုင်းဝင်ဘော်ကြိုဘုရားနှင့် နမ္မတူမြစ်ကမ်းဘေးတွင်နီးကပ်စွာနေထိုင်သော ဘော်ကြိုရွာ

စစ်အစိုးရသည် သီပေါမြို့ အထက်ဘက် မြို့နှင့် ၁၃ မိုင်ခန့်ကွာ၀ေးသော မိုးတေကျးရွာအုပ်စုတွင်လည်း လျှပ်စစ်ဓာတ်အား ၂၁၀ မီဂါ၀ပ်ထုတ်လုပ်မည့် နမ္မတူရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံသားများ ရှယ်ယာပါ၀င်သည်  Natural Current Energy Hydropower Co.ltd နှင့်ပူးပေါင်းအကောင်အထည် ဖော်နေသည်။ အဆိုပါစီမံကိန်းသည် နမ္မတူမြို့နယ်အတွင်းရှိ လီလုကျေးရွာကို ရေအောက်သို့ ရောက်ရှိ ဖုံးလွှမ်းသွားစေမည်ဖြစ်သည်။

ဆက်သွယ်ရန်
နန်းမိုဆိုင်
Email: savenamtu@protonmail.com
Signal: +1 772 205 6668
Facebook: Save Namtu River
Twitter: @savenamtu

PDF files:Shan  Burmese English Thai

ထုတ်ပြန်ချက်